ဂါမဏိ - ပုံတောင်ပုံညာ ဂျင်း
ပုံတောင်ပုံညာ ဂျင်း
ဂါမဏိ
(မိုးမခ) မေ ၂၃၊ ၂၀၂၁
၁၉၉၀ ခုနှစ်များအလယ်လောက်ကစပြီး နဝတ-နအဖ စစ်အုပ်စုဟာ ‘မြန်မာအစ ပုံတောင် ပုံညာက’ ပြောလိုပြော၊ ‘လူသားအစ မြန်မာက’ ဆိုလိုဆိုနဲ့ သူတို့ရဲ့ အသိဉာဏ်ပညာနဲ့ ဗဟုသုတချွတ်ခြုံကျမှုကို အရှက်မဲ့မဲ့ ဖော်ထုတ်ပြသလာတာတွေ့ရတယ်။ ဦးနှောက်အရည်အချင်း အကြီးအကျယ်နိမ့်ကျမှုကို ဖက်ပြိုင်ပြီး ပြောနေဖို့ မသင့်ပေ့မဲ့ နာဇီဂျာမနီက ဟစ်တလာနဲ့ ဂိုးဘဲလ်တို့နည်းတွေသုံးပြီး ဗမာလူမျိုးကြီးဝါဒ မှိုင်းတိုက်တာ၊ အတုအယောင်မျိုးချစ်စိတ် မှိုင်းတိုက်တာကိုတော့ ဆန့်ကျင်ဖွင့်ချသင့်တယ် ယူဆမိတဲ့အတွက် ဒီကိစ္စကို အခုရှင်းလင်းလိုက်ရပါတယ်။
အားလုံးသိကြတဲ့အတိုင်း လူသားတွေဟာ ပရိုင်းမိတ် ခေါ် မျောက်မျိုးနွယ်ကြီးထဲက တရွေ့ရွေ့ဆင့်ကဲ တိုးတက်ဖြစ်ပေါ်လာတဲ့ အကိုင်းအခက်တခုဖြစ်ပါတယ်။ ပရိုင်းမိတ်မျိုးစဉ်ကြီးဟာ နို့တိုက်သတ္တဝါ မျိုးပေါင်းကြီးထဲမှာ အဆင့်အမြင့်ဆုံးဖြစ်ပေါ်တိုးတက်လာတဲ့ မျိုးစဉ်တခုဖြစ်ပြီး လွန်ခဲ့တဲ့နှစ် (၆၅)သန်းတုန်းက ဒိုင်နိုဆောသတ္တဝါကြီးတွေ မျိုးတုံးသွားပြီးနောက်မှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဖွံ့ဖြိုးတိုးတက်လာတာဖြစ်ပါတယ်။ နို့တိုက်သတ္တဝါထဲက ပရိုင်းမိတ် မျိုးစဉ်ထဲမှာ အဆင့်နိမ့် ပရိုဆီမီယံ မျိုးစဉ်ခွဲတွေ အရင်စပေါ်လာပြီး လွန်ခဲ့တဲ့နှစ်သန်း (၆၀) နဲ့ (၄၀)ကြားမှာ အဆင့်မြင့် ပရိုင်းမိတ်ဖြစ်တဲ့ အင်သရိုပွိုက်မျိုးစဉ်ခွဲက လိုင်းခွဲထွက် တိုးတက်လာခဲ့တယ်။ ပရိုဆီမီယံမျိုးစဉ်ခွဲကနေ ဒီကနေ့တွေ့ရတဲ့ စွေ့၊ တာဆီယာစတဲ့ သတ္တဝါလေးတွေဖြစ်လာတယ်။
အင်သရိုပွိုက်တွေရဲ့ ရှေးအကျဆုံးရုပ်ကြွင်းဟာ ပုံတောင်ပုံညာကမဟုတ်ဘဲ တရုတ်ပြည်တောင်ပိုင်းမှာတွေခဲ့တဲ့ အီယိုဆီးမီးယား ဆိုတဲ့ သတ္တဝါဖြစ်ပါတယ်။ အဲဒါဟာ လွန်ခဲ့တဲ့နှစ် (၄၅)သန်းတုန်းက ပေါ်ခဲ့တာဖြစ်လို့ လွန်ခဲ့တဲ့နှစ် သန်း(၄၀)ကပေါ်ခဲ့တဲ့ ပုံတောင်ပရိုင်းမိတ် (အင်ဖီပီးသီးကပ်) တွေထက် ပိုရှေးကျတယ်လို့ ပညာရှင်အားလုံး အသိအမှတ်ပြု ထားပါတယ်။ အီယိုဆီမီးယား ရုပ်ကြွင်းတွေကို ၁၉၉၄ ခုမှ စတွေ့ခဲ့ပြီး ၂ဝဝဝ ခုနှစ်မှာတော့ ရှေးအကျဆုံး အင်သရိုပွိုက် အဖြစ် အတည်ပြုနိုင်ခဲ့ပါတယ်။
လူဖြစ်ဖို့ဝေးစွ၊ မျောက်ဘဝတောင် ကောင်းကောင်းမရောက်သေးတဲ့ လွန်ခဲ့တဲ့နှစ်သန်း (၄၀)က သတ္တဝါရုပ်ကြွင်း တွေ့ရုံနဲ့ ‘လူသားအစ’တို့၊ ‘မြန်မာအစ’ တို့ထအော်တာကတော့ ပုံမှန်မဟုတ်တဲ့ စိတ်အခြေအနေကို ထင်ထင်ရှားရှားကြီး ပြနေပါတယ်။ ပုံတောင်ပရိုင်းမိတ်ထက်စောတဲ့ လွန်ခဲ့တဲ့နှစ်(၄၅)သန်းက ပထမဆုံး အင်သရိုပွိုက်ရုပ်ကြွင်းတွေ့ထားတဲ့ တရုပ်ပြည်ကတောင် ‘လူသားအစ၊ ဝတို့ဆီက’ လို့ထမအော်ခဲ့ပါဘူး။
ဒီရှေးဦး အင်သရိုပွိုက် မျိုးစဉ်ခွဲကနေမှ လွန်ခဲ့တဲ့နှစ်(၂၅)သန်းလောက်မှာ ကမ္ဘာသစ်မျောက် (တောင်အမေရိက မျောက်) မျိုးရင်းကျယ် လိုင်းခွဲထွက်သွားတယ်။ ကျန်တဲ့ ကမ္ဘာဟောင်း အင်သရိုပွိုက် မျိုးစဉ်ခွဲကတော့ လွန်ခဲ့တဲ့နှစ် သန်း(၂၀)လောက်မှာ ကမ္ဘာဟောင်းမျောက်(အာရှ-အာဖရိကမျောက်) မျိုးရင်းကျယ်နဲ့ ဟိုမင်နွိုက် (လူယောင်) မျိုးရင်းကျယ်အဖြစ် လိုင်းကွဲဖြစ်ထွန်းသွားတယ်။
ကမ္ဘာဟောင်းမျောက် မျိုးရင်းကျယ်လိုင်းကတော့ ဒီကနေ့အာရှ-အာဖရိကမှာတွေ့နေရတဲ့ မျောက်အမျိုးမျိုး ဖြစ်လာပြီး ဟိုမင်နွိုက် မျိုးရင်းကျယ်ကတော့ လွန်ခဲ့တဲ့နှစ် (၁၈) သန်းနဲ့ (၁၆)သန်းဝန်းကျင်လောက်မှာ မျောက်ဝံလိုင်း စကွဲထွက်သွားတယ်။ ဒီမျောက်ဝံလိုင်းကနေ ဒီကနေ့ခေတ် မျောက်လွှဲကျော်၊ အော်ရန်အူတန်၊ ချင်ပန်ဇီနဲ့ ဂေါ်ရီလာ မျောက်ဝံတွေအထိ တစတစတိုးတက်ဖြစ်ထွန်းသွားတယ်။ ကွဲကျန်ခဲ့တဲ့ ဟိုမင်နစ်(လူတူ) မျိုးရင်းကတော့ နှစ်သန်းပေါင်း များစွာ ဖွံဖြိုးတိုးတက်လာပြီးမှ ဒီကနေ့ အဆင့်မြင့်ဉာဏ်ရှိလူသား ခေါ် ဟိုမိုဆေပီယံတွေ ဖြစ်လာပါတယ်။ ဒီအန်အေ မျိုးဗီဇစစ်ဆေးခွဲခြားမှုအရ ပြောရရင် လူသားလိုင်းနဲ့မျောက်ဝံလိုင်း လုံးဝကွဲထွက်မှုဟာ လွန်ခဲ့တဲ့နှစ် (၇)သန်းနဲ့ (၅)သန်း ကြားမှာမှ ပြီးပြတ်သွားတာဖြစ်ပါတယ်။
ဒီနောက်မှာ ဟိုမင်နစ်မျိုးရင်းထဲကနေ သြစထြလိုပီးသီးကပ် ခေါ် လူဝံမျိုးစိတ်တွေဖြစ်လာတယ်။ ဒီသတ္တဝါတွေ ဟာ မျေက်ဝံနဲ့လူကြားအဆင့် လို့ပြောနိုင်ပြီး လွန်ခဲ့တဲ့နှစ် (၆)သန်းခွဲလောက်က အာဖရိကတိုက်မှာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ရှေးဦးမျောက်မျိုးတွေ နေနေကြတဲ့ နေရာဒေသတခုဟာ ကမ္ဘာ့ဘူမိသွင်ပြင် လှုပ်ရှားပြောင်းလဲမှုကြောင့် မြေကျွံဝင် နိမ့်ဆင်းသွားပြီး သစ်တောတွေ ပြုန်းသွားခဲ့တယ်။ အဲဒီနေရာဟာ အီသီယိုးပီးယားကနေ ဇင်ဘာဘွေအထိရှည်တဲ့ ‘မဟာမြေကျွံချိုင့်ဝှမ်းကြီး’ ဖြစ်လာပြီး အဲဒီမှာပဲ ရှေးဦး ဟိုမင်နွိုက်မျိုးနွယ်ကနေ မျောက်ဝံမဟုတ်တော့တဲ့ လူဝံ သြစထြလိုပီးသီးကပ် မျိုးစိတ်တွေ ဖွံ့ဖြိုးလာတာဖြစ်တယ်။ ဒီသတ္တဝါရုပ်ကြွင်းတွေကို အာဖရိကကလွဲပြီး တခြားကမ္ဘာ့ဒေသ မှာ မတွေ့ရပါ။ မနုဿဗေဒလောကတခုလုံး အုန်းအုန်းကျွက်ကျွက်ဖြစ်သွားတဲ့ ‘လူစီ’ ကျောက်ဖြစ်ရုပ်ကြွင်းဟာ ဒီမျိုးစိတ်တခု ဖြစ်ပါတယ်။
ဒီမျိုးစိတ်တွေဟာ သဘာဝပထဝီအနေအထားတွေ ပြောင်းသွားလို့ မလွဲမရှောင်သာ ကွင်းပြင်တွေမှာအနေများလာပြီး ခြေနှစ်ချောင်းနဲ့မတ်တပ်လျှောက်၊ လက်နှစ်ဖက်ကို များများသုံးလာရတယ်။ (မျောက်ဝံကတော့ ယေဘုယျ အားဖြင့် မတ်တပ်မသွားပါ။) အစုအဝေးနဲ့နေပြီး ဦးနှောက်လည်း ဖွံ့ဖြိုးလာတယ်။ မျိုးစိတ်အများအပြား အတူယှဉ်တွဲ နေခဲ့ကြရာက လွန်ခဲ့တဲ့နှစ် တသန်းခြောက်သိန်းလောက်မှာ အားလုံး မျိုးသုဉ်းပျောက်ကွယ်သွားတယ်။ ဒါဝင်သီအီုရီအတိုင်း ခံရည်အရှိဆုံးမျိုးစိတ်ဟာ ဟိုမိုဟက်ဘစ်လစ် ခေါ် လက်ယဉ်လူသား မျိုးစိတ်အဖြစ် လွန်ခဲ့တဲ့နှစ် နှစ်သန်းခွဲမှာ အာဖရိကတိုက်ထဲမှာ စတင်ဖွံ့ဖြိုးတိုးတက်လာတယ်။ သူတို့ဟာ ကျောက်လက်နက်ကိရိယာတွေကို ရည်ရွယ်ချက်ရှိရှိ စသုံးသူတွေဖြစ်ကြလို့ လက်ယဉ်လူသားလို့ ခေါ်တာဖြစ်ပါတယ်။ အခုလို ဖွံ့ဖြိုးအဆင့်မြင့်တဲ့ ရှေးဦးလူသားမျိုးက ယှဉ်တွဲရှိနေတဲ့ တခြား သြစထြလိုပီးသီးကပ် လူဝံမျိုးစိတ်တွေကို ဝါးမျိုဖယ်ရှားပစ်လိုက်တော့တယ်။
လက်ယဉ်လူသားမျိုးစိတ်ဟာ လွန်ခဲ့တဲ့နှစ်တသန်းရှစ်သိန်းလောက်မှာ ဟိုမိုအီရက်တပ် ခေါ် မတ်ရပ်လူသား မျိုးစိတ်အဖြစ်သို့ ထပ်မံဖွံ့ဖြိုးတိုးတက်လာပြန်တယ်။ ဒီရှေးဦးလူသားမျိုးကတော့ မီးကိုစသုံးတတ်လာပါပြီ။ ဒီအဆင့်မှာတော့ မတ်တပ်ရပ်လူသားမျိုးစိတ်ဟာ အာဖရိကတိုက်ကနေထွက်ပြီး အာရှတိုက်နဲ့ ဥရောပတိုက်ကို ရောက်သွားတယ်။ နာမည်ကျော် ပီကင်းလူ၊ ဂျားဗားလူတွေဟာ ဟိုမိုအီရက်တပ်တွေပဲဖြစ်ပါတယ်။ ခုနောက်ပိုင်းအသစ်တွေ့တဲ့ အထောက်အထားအရ လက်ယဉ်လူသားအဆင့်မှာတင် မျိုးမသုဉ်းမီ နောက်ဆုံးကာလ လွန်ခဲ့တဲ့နှစ်တသန်းခွဲမှာတော့ လက်ယဉ် လူသားတွေ မျိုးသုဉ်း သို့မဟုတ် မတ်ရပ်လူသားတွေ ဖြစ်သွားခဲ့ပါတယ်။
အာဖရိကကထွက်လာတဲ့ ဟိုမိုအီရက်တပ်တွေဟာ ဗမာပြည်ကိုလည်း ရောက်လာလို့ ချောင်းဦးနွယ်ခွေဒေသမှာ လွန်ခဲ့တဲ့နှစ်ပေါင်း တသန်းသုံးသိန်းက ရုပ်ကြွင်းတွေတွေ့ရပြီး လွန်ခဲ့တဲ့နှစ် လေးသိန်းမှာဆိုရင် ဗမာပြည်အလယ်ပိုင်းမှာ ‘အညာသားဓလေ့’ ဆိုတဲ့ ကျောက်ခေတ်ဟောင်းဓလေ့တခုကို ဖြစ်စေခဲ့ပါတယ်။ ဒီမတ်ရပ်လူသားတွေဟာ ဟိုမိုဆေပီယံ ခေါ် အဆင့်မြင့် ဉာဏ်ရှိလူသား မျိုးစိတ်အဖြစ် နောက်တဆင့် ဖွံ့ဖြိုးတိုးတက်သွားတဲ့အတွက် လွန်ခဲ့တဲ့နှစ်လေးသိန်း လောက်မှာ ရှေးဦးဉာဏ်ရှိလူသား မျိုးစိတ် စပေါ်ထွန်းလာပါတယ်။ လွန်ခဲ့တဲ့နှစ် နှစ်သိန်းခွဲမှာတော့ မတ်ရပ်လူသား မျိုးသုဉ်းသွားပြီး ရှေးဦးဉာဏ်ရှိလူသားမျိုးပဲ ကျန်ခဲ့ပါတယ်။ ဒီအန်အေနည်းနဲ့ စမ်းသပ်စစ်ဆေးမှုအရ ရှေးဦးဉာဏ်ရှိလူသား ကနေ အခုခေတ် ဉာဏ်ရှိလူသားအဖြစ် စပြောင်းသွားတာဟာ လွန်ခဲ့တဲ့ နှစ်တသိန်းခြောက်သောင်းတုန်းက တောင်အာဖရိကမှာဖြစ်ပြီး ကမ္ဘာ့ပထမဆုံး မော်ဒန်ဉာဏ်ရှိလူသားဟာ မိန်းမတယောက်ဖြစ်လို့ ‘လူသားအစ အာဖရိက ဧဝက’ ဖြစ်ပါတယ်။ ဗမာပြည်လည်းမဟုတ်၊ အာရှတိုက်လည်းမဟုတ်ပါ။ ဒီ ဟိုမိုဆေပျင် ခေါ် အခုခေတ်ဉာဏ်ရှိလူသားတွေဟာ လွန်ခဲ့တဲ့ နှစ် ၅ဝဝဝဝ ကျော်လောက်ကမှ အာဖရိကတိုက်ကနေ အာရှ၊ ဥရောပတို့ကို ထွက်လာတာဖြစ်တယ်လို့ နောက်ဆုံးအထောက်အထားအရ ခိုင်ခိုင်မာမာ သိထားပါတယ်။
မတ်ရပ်လူသားမျိုးစိတ်မတိုင်ခင် ပေါ်ခဲ့တဲ့ လက်ယဉ်လူသားမျိုးစိတ်နဲ့ လူဝံ (ဝါ) သြစထြလိုပီးသီးကပ် မျိုးစိတ်များ ဟာ ဗမာပြည်မှာ တခါမှမနေခဲ့ဖူးပါဘူး။ စစ်အစိုးရက အကြီးအကျယ်အမွှမ်းတင် ဝါဒဖြန့်နေတဲ့ ပုံတောင်ပရိုင်းမိတ်ဆိုတာ တကယ်တော့ မျောက်-မျောက်ဝံ-လူ မကွဲသေးတဲ့အဆင့်မှာပဲ ရှိနေတဲ့အတွက် လူသားဧကန်မုချဖြစ်မယ်လို့ ဘယ်လိုမှ ပြောမရနိုင်ပါဘူး။ လူသားသေချာပေါက်ဖြစ်မယ့် သြစထြလိုပီးသီးကပ် မျိုးစိတ်တွေနဲ့ လက်ယဉ်လူသားမျိုးစိတ်ဟာ အာဖရိကမှာသာ ပေါ်ပေါက်ထွန်းကားခဲ့တဲ့ အထောက်အထားတွေ အခိုင်အခန့်ရှိပါတယ်။
ဗမာပြည်မှာရှိတဲ့ လူမျိုးအားလုံးဟာလည်း ပြင်ပကဝင်လာတဲ့ မွန်ဂိုလွိုက်မျိုးနွယ်ဖြစ်တာကို ဒီအန်အေနည်း၊ ရုပ်သွင်ပညာနည်းတွေနဲ့ ခိုင်ခိုင်လုံလုံသက်သေပြလို့ရပါတယ်။ ဗမာပြည်မှာ တချိန်ကရှိခဲ့တဲ့ မတ်ရပ်လူသား ‘အညာသား’ တွေ၊ ကျောက်ခေတ်လူသားတွေကတော့ မြန်မာ၊ မွန်၊ ရခိုင် ရာဇဝင်ကျမ်းတွေမှာ ‘ဘီလူး’ တွေအဖြစ် ပုံဖော်ခံရတဲ့ နီဂရစ်တိုလူမျိုးတွေ ဖြစ်သွားပြီး၊ နောက်မှဝင်လာတဲ့၊ အပိုအသိဉာဏ်အဆင့်မြင့်တဲ့ ပျူ၊ မွန်၊ မြန်မာ၊ ရခိုင် စတဲ့မွန်ဂိုလွိုက်မျိုးနွယ်တွေက လူမျိုးတုံးသုတ်သင် မောင်းထုတ်ပစ်လိုက်လို့ ဒီကနေ့ ကပ္ပလီကျွန်း၊ ဘော်နီယိုကျွန်းတို့ကို ရောက်သွားရရှာတယ်။ အခုထိလည်း လူရိုင်းဘဝမှာသာ ရှိနေဆဲဖြစ်ပါတယ်။
ပုံတောင်ပရိုင်းမိတ်တွေဟာ ဟိုမိုဆေပီယံ ဉာဏ်ရှိလူသားဖြစ်မသွားတာ သေချာသလောက်ရှိတော့ ဖြစ်ချင်းဖြစ်ရင် အာရှမျောက်ဝံ သို့မဟုတ် အာရှမျောက်မျိုးပဲ ဖြစ်ပေါ်သွားနိုင်ပါတယ်။ မျောက်ဝံနဲ့မျောက် အဓိက ကွာခြားချက်ကတော့ အသိဉာဏ်နည်းနည်း ပိုရှိတာနဲ့ အမြီးမရှိတာဘဲဖြစ်တယ်။ အာရှမှာတွေ့ရတဲ့ မျောက်ဝံမျိုးစိတ်တွေကတော့ မျောက်လွှဲကျော်နဲ့ အော်ရန်အူတန်တို့ဖြစ်ပြီး ပုံတောင်ပရိုင်းမိတ်တွေဟာ တတိယမြောက် အာရှမျောက်ဝံမျိုးစိတ် အဖြစ်ကို တရွေ့ရွေ့ ပြောင်းလဲဖွံ့ဖြိုးခဲ့တယ်လို့ ယူဆရပါတယ်။
လက်တင်ဘာသာနဲ့ သိပ္ပံဝေါဟာရ သတ်မှတ်ချက်အရ ပွန်ဂိုခရူးဒပ် Pongo crudus လို့ခေါ်တဲ့ ဒီအစိမ်းရောင် မျောက်ဝံမျိုးစိတ်ဟာ ဒီကနေ့ဗမာပြည်မှာ ဟိုမိုဆေပီယံ ဉာဏ်ရှိလူသားမျိုးစိတ်အပေါ် စိုးမိုးအုပ်ချုပ်နေတဲ့ ပရိုင်းမိတ် နွယ်ဝင်မျိုးစိတ်တခု ဖြစ်လာပါတယ်။ ၁၉၇၀ ခုနှစ်များမှာ ဟောလီးဝုဒ်က ရိုက်ကူးထုတ်လုပ်ခဲ့ပြီး ၂ဝဝဝ ခုနှစ်လောက်မှာ ပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့ ‘မျောက်ဝံတို့ရဲ့ဂြိုလ်ကမ္ဘာ’ Planet of the Apes ရုပ်ရှင်ကားထဲမှာ မျောက်ဝံတွေက မနုဿလူသားတွေအပေါ် ကြီးစိုးဗိုလ်ကျနေပုံကို ဇာတ်လမ်းဆင် ရိုက်ပြထားပါတယ်။ အဲဒီ စိတ်ကူးယဉ် ဇာတ်လမ်းဟာ ဒီနေ့ဗမာပြည်မှာ လက်တွေ့ဖြစ်နေပါတယ်။
အဟိတ်တိရစ္ဆာန်ပီပီ အင်မတန်ရိုင်းစိုင်းကြမ်းကြုတ်ပြီး စဉ်းစားဆင်ခြင်ဉာဏ်ကင်းမဲ့လှတဲ့ (မျောက်တွေထက်တော့ အသိဉာဏ်ပိုရှိတဲ့) မျောက်ဝံစိမ်းကြီးမျိုးဟာ လက်ရုံးအားကိုးနဲ့ လူသားစင်စစ်တွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်ညှဉ်းပန်း အုပ်ချုပ်နေကြပါတယ်။ ဒါကြောင့်လည်း ဒီပဲယင်းလူသတ်ပွဲမျိုး ကျူးလွန်ဖို့ ဝန်မလေးတာဖြစ်တယ်။ ပုံတောင်ပရိုင်းမိတ်က ဆင်းသက်လာတဲ့စစ်အုပ်စုမှာ စိတ်ဓာတ်စရိုက်ပိုင်းအရသာမက ရုပ်လက္ခဏာ ခန္ဓာကိုယ်ပိုင်းအရပါ မျောက်ဝံလက္ခဏာတွေ ထင်ထင်ရှားရှား တွေ့မြင်နေရပါတယ်။ ရုပ်ရှင်ထဲကလို ဂြိုလ်တခုလုံးမှာ မျောက်ဝံတွေ ပျံနှံ့နေထိုင် ကြီးစီုးပြီး လူသားတွေက တောကြိုခြုံကြား နေရတာမျိုးတော့ မဟုတ်သေးဘဲ မြို့ပြကျေးရွာတွေမှာ နေထိုင်ကြတဲ့ မနုဿလူသားတွေအပေါ် ပုံတောင်ပရိုင်းမိတ်က ဆင်းသက်လာတဲ့ Pongo crudus မျောက်ဝံစိမ်းတွေ မင်းလုပ်အုပ်ချုပ် နေတဲ့အတွက် ‘မျောက်ဝံမင်းအစိုးရ’ Regime of the Apes လို့ကင်ပွန်းတပ်ရပါလိမ့်မယ်။
ဂါမဏိ
(၂၀၀၄ ခု ဇူလိုင်လ ခေတ်ပြိုင်စာစောင်တွင် ဖော်ပြပြီးဖြစ်)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar