Breaking News

လင်းလက်နွေဦး - ရွာငယ်ဇနပုဒ် မီးလေး မှိတ်တုတ်

Art- Than Htay Maung

ရွာငယ်ဇနပုဒ် မီးလေး မှိတ်တုတ်
လင်းလက်နွေဦး
(မိုးမခ) မေ ၂၄၊၂၀၂၁၁
 

ကြာတော့ လူလည်း ဘာရုပ်ပေါက်နေပြီလဲ မသိတော့ပါဘူး။ ဘာလုပ်လို့ ဘာကိုင်ရမလဲလို့ ခဏ ခဏ အတွေးရောက်လာတယ်၊ ဒါပေမယ့် ဘာရယ်လို့ တိတိကျကျ ထွက်မလာနိုင်သေးဘူး။ ခင်ဗျားတို့ ပြောပြော နေတဲ့၊ ‘ယူအန်’လိုပေါ့။ အစည်းအဝေးတွေ အကြိမ်ကြိမ်ခေါ်ပြီး လက်ဖက်ရည် ဝိုင်းသောက်နေဟန် တူပါရဲ့။ သူငယ်ချင်း ကျောင်းဆရာတစ်ယောက်ကတော့ အရင်ကတည်းက နို့ခြောက်လုပ်ငန်း ရှိလေတော့၊ အခြေ မပျက် အနေမပျက်ပေါ့လေ။ ဌာနမှူးတယောက်ကတော့ မနက်တိုင်း လက်ဖက်ရည်ပါဆယ်လေးဆွဲပြီး ရောက်လာတတ်တယ်။ ကျွန်တော်က နေထိမခံ သိုင်းသမား၊ အရေပြားလေးဘက်နာရောဂါရှိတယ်။ သူတို့ ဆုံမိတဲ့အချိန်က နေပူပြင်းတဲ့ အချိန်မို့၊ ကျွန်တော့်ခမျာ ဆိုင်အတူ မထိုင်နိုင်ဘူး။ အဲတော့ ဌာနမှူးလုပ်ခဲ့တဲ့ ကောင်က အလိုက်တသိ လာရှာတယ်။ သူအလိုက်သိတာကလည်း မန်မိုရီစတစ်တွေ ပါလာတတ်တယ်။ သူ့ထဲက ဇာတ်ကားတွေကို ကျွန်တော့်လက်ပ်တော့ထဲ ထည့်ခဲ့တယ်၊ ကျွန်တော့်ဇာတ်ကားတွေကို ရွေးယူသွား တယ်။ ဒီတော့ အတွေးဝင်လာမိတယ်၊ ဇာတ်လမ်းတွေကြည့်ပြီး ဖတ်ညွှန်း အဲလေ၊ ဇာတ်လမ်းအညွှန်းများ ရေးစားမလားလို့။

ဇာတ်လမ်းအညွှန်းကို ရေးမယ်ဆိုရင်လည်း ဘယ်သူကမှ တရေးတယူ ဖတ်ကြမယ် မထင်ဘူး။ ခုချိန်က ကိုယ့်ဘာသာ မင်္ဂလာဆောင်မိတာတောင် နိုင်ငံတော်ပုန်ကန်မှုလောက် ဆဲဆိုနေကြတာကိုး။ ဇာတ်လမ်းတွေကြည့်၊ အညွှန်းတွေရေးကြည့်ပါ့လား၊ ‘မသာကောင် အားယားနေတယ်’လို့ ဆိုကြမယ် ထင် တယ်။ လူရွှင်တော်ကြီး (ဦး)မော့စ် ပြက်ခဲ့သလိုပါပဲ၊ အလကားရတဲ့ မန်ကျည်းရွက် တက်ခူးရောင်းတာ ငွေခြောက်ကျပ် ရှုံးရသလိုပေါ့။ အပင်အောက်မှာ ချွတ်ထားခဲ့တဲ့ ဖိနပ်က ခုနှစ်ကျပ် တန်တယ်လေ၊ မန်ကျည်းရွက်ခူးရောင်းတာက တစ်ကျပ်ပဲ ရတာကိုး။ တခါတလေတော့ ဘာလုပ်လုပ် အဆင်မပြေချင်ဘူး။

အဆင်မပြေပုံလေး တစ်ခုစ နှစ်ခုစလောက် ဖောက်သည်ချရမှာပဲ။ ဘုန်းကြီးကလည်း သူ့ဆီ လာခိုတဲ့ ကပ္ပိယကို စိုးရိမ်လွန်တယ် ထင်ပါရဲ့၊ ဒကာ ဒကာမတွေကလည်း ဂျင်း(ချင်း)ထည့်တယ် ထင်ပါရဲ့၊ တရက်က ထပ်အပုန်းခိုင်းပြန်တယ်။ ဒီတော့ တောရကျောင်းတကျောင်း ရောက်သွားတယ်ပေါ့။ ကျောင်းရောက်တော့ ဘယ်သူမှ မရှိဘူး၊ ဆွမ်းခံကြွချိန်ကြီး။ ဒီတော့ အေးရာအေးကြောင်း တဲကျောင်းလေးနား ဆိုင်ကယ်လေးထိုး၊ ဖုန်းကလေး ပွတ်နေတာ။ ဘုန်းကြီးကြွလာတာ မမြင်လိုက်ဘူး။ မော့ကြည့်လိုက်တော့ ဘုန်းကြီးက မဲ့ရှုံ့နေတာပဲ။ ‘မင်းက ဘယ်ကလဲ’ ‘တပည့်တော် ရွာထဲကပါ ဘုရား’ ‘ဘာလာလုပ်တာလဲ’ ‘ခဏ လာတည်း တာပါဘုရား’ ‘ငါ့မှာ ဒါလေးရှိတာ’တဲ့။ သူဆိုလိုတာက တဲကျောင်းလေးက သုံးပင်နှစ်ခန်းလေး၊ စောင်းချထားတဲ့ အဖီလေးထဲမှာက ပက်လက်ကုလားထိုင်လေး ချလို့။ ဧည့်သည်ကို ဘယ်နားထားရမလဲပေါ့။ ဟုတ်သားပဲ၊ ‘ခွင့်ပြုပါဘုရား’ဆိုပြီး နောက်တကျောင်း ပြောင်းရတယ်။ ဖြစ်ရပုံ။

ကျွန်တော်တို့ရွာက ရွာကြီးဆိုတော့၊ ဘုန်းကြီးကျောင်းပေါင်း ဆယ့်ခြောက်ကျောင်းလောက် ရှိပါ တယ်။ အဲ ကျောင်းတိုင်း တော်တော်များများမှာ စီဒီအမ်တွေ၊ ငါးရာ့ငါးတွေ ရောက်နေတတ်ပါတယ်။ တချို့များ ကြားခဲ့ရတယ်၊ မနက်အစောကြီး ချက်ပြုတ်၊ ချိုင့်ကြီးချိုင့်ငယ်တွေနဲ့ ထည့်၊ စီဒီအမ်တွေ စုပြီး တောထဲ သွားနေကြတာတဲ့။ ပျော်ပွဲစားထွက်နေသလိုကြီးပေါ့။ ကျွန်တော် ရောက်တဲ့ နောက်တကျောင်းမှာ လည်း ကျောင်းဆရာတွေ ဆရာမတွေ ရောက်နေတာပါပဲ။ သူတို့က ခရီးဦးကြိုပြုလို့၊ အေးရာအေးရိပ် ပြလို့။ ခေါင်းဆောင်နဲ့တူတဲ့ ဆရာမတစ်ယောက်က ပြေးလမ်းတွေ ပြထားသေးတယ်။ ခွေးတွေက ဘယ်လိုဝိုင်းရင်၊ ငါတို့က ဘယ်လို ပုန်းမယ် ပြေးမယ်ပေါ့လေ။ တော်ပါပေတယ် ဆရာမ၊ ကျွန်တော်တို့ဟာ ငယ်ငယ်က တူတူပုန်းတာကို ပြန်လွမ်းနေမိကြတယ်။

အဲတုန်းက ဒီလိုမျိုး ကားလမ်းတွေ၊ ကျောင်းတွေ၊ ဈေးတွေ၊ မီးတွေဆိုတာ ဝေလာဝေး၊ ရွာငယ်ဇနပုဒ် မီးလေ မှိတ်တုတ်ပေါ့လေ။

နာမည်ကြီး ဆရာဝန်ကြီးတယောက် တာဝန်ကျတုန်းက တိုက်နယ်ဆေးရုံလေး။ ဆရာကြီးခမျာ တတ်တဲ့ပညာနဲ့ စိတ်စေတနာနဲ့ ကြိုးစားရုန်းကန်ရရှာတယ်။ ခွဲစိတ်ခန်း၊ ဘယ်မှာ ပြည့်စုံမလဲ။ ပင်မဆောင်ကို အုတ်တိုက်လေး ဖြစ်ဖို့ နှစ်နဲ့ချီ အလှူခံခဲ့ရပါတယ်။ ဆေးဝါးကတော့ အဓိကဆေးဝါးတွေ စုံလင်ပါတယ်။ အဲတုန်းက စရိတ်မျှပေးလည်း မဟုတ်၊ အပြင်ဝယ်သောက်စရာလည်း မလို၊ ပြည်သူ့ဆေးရုံပါတဲ့။ ဆေးရုံလာ တက်တဲ့လူနာတွေကို ဆန်ပြုတ်တွေ၊ နွားနို့တွေ၊ ကြက်ဥပြုတ်တွေ ကျွေးသေးတာ။ အဲဆရာကြီးနောက်မှာ ခေတ်ကပြန်ပျက်သွားတယ်၊ အကုန်ဝယ်စနစ်ဖြစ်သွားပြန်တယ်။ ဂွမ်း၊ ပတ်တီး၊ အရက်ပြန်ပါမကျန် ဝယ်ရ တယ်။ ဆရာတွေက လက်စိုက်ပေါ့လေ။ ဆေးတွေလား စတိုထဲမှာ ရှိပါ့၊ လူကြီးလာရင် ပြရအောင်ရယ်၊ စာရင်းစစ်လာရင် ပေးဖို့ရယ်ပါပဲ။

လမ်းအကြောင်းပြောရင် အမေကြီးကို သတိရတယ်၊ ‘ဂျပန့်ခေတ်ကပေါ့ကွယ်’လို့ အစချီတတ်တာ ကိုး။ လမ်းမကြီးက ကတ္တရာလမ်းကြီး။ အင်္ဂလိပ်တွေ ဆုတ်ခွာတော့ ဖျက်ဆီးခဲ့တယ်ဆိုပဲ။ ကျောက်ခဲတွေက အတုံးလိုက်ပေါ်နေတော့ ကျောက်ခင်းလမ်းဆိုတာ သေချာပါတယ်။ ဒီလမ်းပေါ်ကနေ မြို့တက်တဲ့ ဟီးနိုး ကားကြီးတွေ နှစ်စီးလောက်ရှိတယ်။ ကုန်တွေက အောက်မှာ၊ လူတွေက စင်ထိုးပြီး လိုက်ကြရပါတယ်။ အဲ နေရာမရလို့ ကားနောက်မြီးနားက လိုက်ရရင်တော့ မျောက်ဖြူကြီးဘဝ ပြောင်းကုန်ပါတော့တယ်။ ဖုန်တွေက တလုံးလုံးတလိမ့်လိမ့်ကိုး။ ကားခေါင်းထဲမှာ ‘ဆီ၊ ရေ၊ လေ၊ မီး သတိ’လို့ ရေးထားတယ်။ ကားကြီးတွေ စက်နှိုး ပြီဆိုရင် သွားကြည့်တတ်တယ်၊ ကားခေါင်းကြီးကို ဖွင့်၊ ထောက်၊ မီးတုတ်ကြီးနဲ့ မီးပေးရတာရယ်၊ ဟိုး… ဂေါက်တံအရှည်ကြီးနဲ့ အတင်းလှည့်နှိုးရတာရယ်။ ဒါ အမေကြီးပြောပြောနေတဲ့ ဂျပန့်ခေတ် လက်ကျန်တွေပဲ ထင်ပါရဲ့။ တခါတလေများ ပေခံနေရင်၊ လူတွေဝိုင်းတွန်းပေးရတာ။ မြို့သွားတယ် မြို့သွားတယ်နဲ့ ကျော့ကျော့လေး သွားရတယ် မထင်နဲ့။

ကားလမ်းကလည်း ကျောက်တွေပေါ်၊ ကျင်းတွေ ချိုင့်တွေနဲ့မို့၊ လှတောသားပြောသလို ‘ကျောက်ခဲ စားသွားရင်တောင် အစာကျေနိုင်တယ်’။ ကားက မဆန့်မပြဲတင်တယ်လို့များ မဆိုလေနဲ့၊ စပယ်ယာက ပြောပါလိမ့်မယ်၊ ‘ကားထွက်ရင် ချောင်သွားပါလိမ့်မယ်’လို့။ လမ်းက ဆောင့်လိုက်၊ ဘရိတ်ကို ဆောင့်နင်း လိုက်နဲ့ ကားထွက်ပြီး ငါးမိနစ်မကြာဘူး ချောင်သွားတာပါပဲ။ ဟုတ်သားပဲ၊ အတွေ့အကြုံက စကားပြော တယ်။ မြို့သွားမယ်ဆို စောစောထ၊ စောစောစား၊ ကားခေါင်းပေါ်က ပုခတ်ပေါ် တက်ဦးထားရတယ်။ နေ ဘယ်လောက်ပူပူ လေ တဟူးဟူးနဲ့ ဇိမ်ပဲ။ ပုခတ်ပေါ်က မရလည်း၊ စင်ပေါ် ရှေ့နားက ပထမတန်းစား (ဖာ့စ်ကလပ်)ပေါ့လေ။ အဲ၊ ငါးပိတန်းက လိုက်မိရင်တော့ ငါးပိငါးချဉ်ဘဝ နေ့ချင်းကူးသွားတာပါပဲ။

ဒီဒုက္ခတွေကို ကျွန်တော်လေးတန်းနှစ်မှာပဲ ထားခဲ့နိုင်ပါတယ်။ မီးရထားလမ်းပေါက်ပြီလေ၊ ရွာမှာ ဘူတာရှိတယ်။ မြို့သွားချင်ရင် မနက်လေးနာရီ ထရမယ်တော့ ရှိသေးတယ်။ မနက်လေးနာရီလောက် တစ်စီး၊ ကိုးနာရီ ဆယ်နာရီ တစ်စီး ထွက်တယ်။ လော်ကယ်ရထားတဲ့၊ ပုဂံရထားတဲ့။ ဘယ်သင်းမှာ နာရီမမှန်ပါဘူး။ လေးနာရီထပေမယ့်၊ ရထားမလာလို့ ရထားပျက်နေလို့ လမ်းပြင်နေလို့၊ ရှစ်နာရီ ကိုးနာရီ ထိုးသွားတာမျိုး ရှိပါတယ်။ ထွက်တုန်းက ချောင်ချောင်ချိချိ၊ ငြိမ့်ညောင်းသာယာပေမယ့်၊ ကြားဘူတာတွေက အတင်းထိုး၊ အတင်းတင်ပေးလိုက်တဲ့ ထင်းစည်း၊ မီးသွေးအိတ်၊ ရေအိုး၊ ဖွဲပြာ… စတဲ့ကုန်တွေကြောင့်လည်း စိတ်ကူးယဉ် စရာ ကင်းကုန်ပါတယ်။ ကံကောင်းရင် ကိုယ့်ပေါင်ပေါ်မှာ ရေအိုးတွေကို ပွေ့ဖက်ထားရပါလိမ့်မယ်။ မြို့ဟောင်းဘူတာရောက်ရင်၊ ‘ပေး ပေး မောင်လေး ပေး’လို့ တောင်းပါလိမ့်မယ်။ ‘အခမဲ့ ကူလီထမ်းခြင်း အကျိုး’တွေ ဘယ်နှယ့်ပုဒ်စာလောက် ရှိပါလိမ့်။

ဘယ်လောက်ပဲ ကြပ် ကြပ်၊ ဆေးရောင်းတဲ့သူ၊ အလှူခံတဲ့သူ၊ အကြော်ရောင်းတဲ့သူတွေ တတွဲကနေ တတွဲ ကူးလူးကူးသန်း။ အဲ၊ လက်မှတ်စစ်နဲ့ ရထားရဲတွေရော။ လက်မှတ်မဖြတ်အားရင် ရဲတွဲကနေ လိုက်ပါ။ လက်မှတ်စစ်ကတော့ ဒဏ်ကြေးမရိုက်ပါဘူး၊ လက်မှတ်ဖိုး ပေးလို့ရပါတယ်။ အဲ၊ တန်ဆာမဲ့ကုန်တွေ ပါရင် တော့ ညှိယူရမှာပေါ့။ ကိုယ့်ထိုင်ခုံအောက်က ကုန်၊ ကိုယ့်ကုန် မဟုတ်ဘူးလေ။ နေရာမရရင်၊ ကျွဲနွားတွဲကနေ လိုက်လို့ရတယ်။ နောက်ချေးစော်တော့ နံတာပေါ့။ ကုန်တွဲကတော့ လေမရတော့ မစီးဖူးဘူး။ အမိုးပေါ်က စီးရတာ ပျော်စရာကြီး။ ‘ရကောက် ရထားကြီး ပျော်ပျော်စီး’ပေါ့လေ။ အရေးတော်ပုံ အောင်ပြီးရင် မီးရထား စီးကြမယ်တဲ့၊ အက်ပါးကလပ်ကနေ စီးကြမယ်နော်။ ‘အရေးကြီးပြီ’ကို အော်ဆိုကြမယ်လေ။

(၈၈)မှာ ကျွန်တော်က နှစ်တန်းကျောင်းသားပဲ ရှိသေးတယ်။ အဲတုန်းက ကျွန်တော်တို့ ကျောင်းသား တွေက လက်သီးလက်မောင်းတန်းလို့၊ ဆရာ ဆရာမတွေက ဘေးကနေ ဝန်းရံလို့၊ အမေက ဈေးစည်းရိုး နားကနေ အားပေးနေတာ မမေ့ဘူး။ ရွာလယ် ဘုန်းကြီးကျောင်းထဲ စုဝေးကြတယ်၊ ဆရာတွေကပဲ ဟောပြော တာပဲ။ ဘုန်းကြီးတွေကပဲ ထောက်ခံတာပဲ။  ‘တိုးတက်တယ် တိုးတက်တယ်ဆိုတာ ဘက်စ်ကားပေါ် တိုးတက် ရတာပဲ ရှိတယ်’လို့ ဆရာတစ်ယောက်က ပြောတော့၊ အဲဒီ ဘက်စ်ကားဆိုတာ ဘယ်လိုကားပါလိမ့်လို့ တွေးကြည့်မိတယ်။ အဖေကလည်း ကျောင်းဆရာ၊ သူတို့တတွေ ရွာနီးချုပ်စပ်တောထဲ ပုန်းနေရတာကို ‘တောခို’တယ်လို့ ထင်နေမိတယ်။ ကျောင်းဆရာအိမ်ဆိုတော့ ဆန်မရှား၊ ဆီမရှားပေါ့။ နဘတ် (နှမ်းဖက်)ပြုတ် စားချင်လို့ ထမင်းနဲ့ လဲစားခဲ့ရတယ်။ ‘တပါတီ’ မကြိုက်လို့ ‘ချပါတီ’ လုပ်စားကြတယ်။ အဲတုန်းက ကျွန်တော် တို့အိမ်က သူဌေး။ အဖေ ကျောင်းဆရာ ဆက်လုပ်ရင်း မွဲသွားတာ။

ပြောချင်တာက၊ ‘နေခြည်မှာ ရွှေရည်လောင်း ကျွန်တော်တို့ စာသင်ကျောင်း’ကိုပါ။ ကျောင်းက ကျွန်တော်နဲ့အတူ တိုးတက်ပြောင်းလဲလာတယ်လို့ ဆိုနိုင်ပါတယ်။ ကုသိုလ်လား အကုသိုလ်လားတော့ မသိပါ ဘူး။ ကျွန်တော် လေးတန်းအောင်တော့ အလယ်တန်းကျောင်း ဖြစ်လာတယ်။ အလယ်တန်း ကျောင်းသားဘဝ ရောက်တော့ တွဲဘက်အထက်တန်းကနေ ပက်ကားအထက်တန်းကျောင်း ဖြစ်လာတယ်။ ကျောင်းအုပ်ကြီး တွေက အမျိုးသားတွေပါ။ ပက်ကားဆိုလို့ ဆရာမကြီး ထင်နေမှာ စိုးလို့။ (ရယ်စရာ ပြောလည်း ခင်ဗျားတို့ ရယ်ကြမှာ မဟုတ်ပါဘူး။ အားနာပါတယ်။) အဲ၊ ကျောင်းလေးက ထရံကာ သွပ်မိုး၊ နှစ်ဆောင်ပါ။ တဆောင်က ရုံးခန်းပေါ့။ တဆောင်က လေးခန်းဖွဲ့ထားတဲ့ ကျောင်းဆောင်ပါ။ ရုံးခန်းနဲ့ နီးတာက ‘စတုတ္ထတန်း’ပါ။ ခုတော့ ဘယ်လိုခေါ်လည်း မသိပါဘူး၊ ‘ဂရိတ်ဖိုက်’ ဖြစ်မယ်ထင်တယ်။ နာမည်ပြောင်းရုံနဲ့ ပညာရေး အဆင့်မြင့် သွားမယ်လို့ ‘မာဂရက် မိအေး’တို့၊ ‘ဂျော်နီ ဖိုးစိန်’တို့က ထင်နေပုံ ပေါက်တယ်။ လေပါတယ်ဗျာ။

ကုသိုလ် ထင်တာကတော့ အမေတို့ ပညာသင်စရိတ်သက်သာတာပါပဲ။ အိမ်နဲ့ ကျောင်းက နီးတော့ ထမင်းထုပ်မသွားရပါဘူး။ အဲတော့ ဘော်ဒါတွေနဲ့ ထမင်းစု မစားရတာပေါ့။ ပြီးတော့ မြို့သွားနေစရာ မလို တော့ အမေတို့ အဖေတို့လို မြို့ကျောင်းလေးဘာလေး မတက်ရဘူးပေါ့။ အဆောင်လေး ဘာလေး မနေရဘူး ပေါ့။ ‘သို့ အမေအဖေတို့ ခင်ဗျား၊ သားတော်မောင်သည် ရူပဗေဒဘာသာရပ် လက်တွေ့သင်ခန်းစာတွင် လော့ဂရပ်သန်ကြီး ကျကွဲသွားသဖြင့်’တို့ ဘာတို့ လုပ်ခွင့်မရဘူးပေါ့လေ။ ‘ဖေမေ နေကောင်း သား ဆုတောင်း ငွေတစ်သောင်း အမြန်ပို့ပါခင်ဗျ’လို့လည်း စာရေးခွင့်မကြုံပေါ့ဗျာ။ ရွာကျောင်းက ‘ခေါင်းလောင်းသံ’ မလွင် ပါဘူး၊ ဒေါင် ဒေါင် ဒေါင်နဲ့ ဗုံးဆံအခွံကြီးကို တီးတယ်။ ကျောင်းစည်းရိုးက သစ်သားချောင်းတွေနဲ့ ကာထား တာ။ ကျောင်းပြေးချင်ရင် ကျော်တက်စရာ မလိုဘူး၊ တိုးထွက်လိုက်တာပဲ။ ဘယ်နေရာမှလည်း မလုံပါဘူး။ အထင်ကရ သစ်ပုတ်ပင်ကြီးလည်း ကျောင်းပေါက်ဝမှာ ရှိတယ်။ ကျွန်တော်တို့ရဲ့ ကစားကွင်းပေါ့။

ရဲစခန်းကတော့ (၈၈)မတိုင်ခင်ကတည်းက ရှိတာဗျ။ အဲဒီ အရေးအခင်းတုန်းက သူတို့လည်း ဝင်ပြ တာပဲ။ သူတို့ကြောက်တာက ပြည်သူတွေကိုလေ။ ဒီတော့ ပြည်သူနဲ့ ပူးပေါင်းတာပေါ့။ ပူးပေါင်းပေမယ့် စိတ်ချ လက်ချ မဖြစ်ဘူး ထင်ပါရဲ့၊ လိုင်းခန်း တန်းလျားအောက်မှာ ဗုံးခိုကျင်းတွေ တူးထားတာတဲ့၊ အမေဖြင့် ပြော ပြောပြီး ရယ်နေတာပဲ။ ကျွန်တော် လေးတန်းရောက်တော့၊ သူငယ်ချင်းတစ်ယောက်က ရဲရဲ့ သား၊ ရဲသား သား ပေါ့လေ။ ကျောင်းလစ်ရင် ရဲစခန်းထဲ သွားလည်လေ့ရှိပါတယ်။ နွားသူခိုးတွေ ဘာတွေကို စစ်ကြောနေတာ တွေ့ဖူးတယ်။ မြေပုံကို ကျောခိုင်းထားပြီး မေးတာ၊ လမ်းကြောမှားပြောရင် နံပတ်တစ်နဲ့ တွယ်တာပဲ။ ခြေသလုံး ဆင်းခိုင်း၊ မျဉ်းလုံးနဲ့ လှိမ့်တာ၊ အတော်နာရှာမယ်ဗျ၊ ‘အလိုလေး… အမလေး’နေတာပဲ။ ရဲကြီးတွေ ကို ကြည့်လိုက်တော့ ထမင်းစားရေသောက်ပါပဲ။ အဲဒီ ရဲသားသား သူငယ်ချင်းကလည်း ထမင်းစား ရေသောက် ထင်ပါရဲ့၊ စခန်းမှူး ဖြစ်နေပြီ။

ကံကောင်းတာက သူငယ်ချင်းတယောက်ရဲ့ အဖေက သမနို့ချက်သမား။ ကျောင်းလစ်ရင်း နို့ဆီရုံရောက်သွားရင် ရှယ်ပဲ။ အဲဒီဦးလေးက နို့ဆီတွေကို ‘ဂွတ်ကနဲ’ခပ်ပြီး တိုက်တာပဲ။ နို့ဆီ ချပြီချိန်ဆိုရင် ‘နို့ဂျိုး’စားရမယ်။ တအား သဘောကောင်းကြတာပဲ။ ခုမှ ပြန်တွေးမိတယ်၊ သူတို့နို့မှ မဟုတ်ဘဲကိုး။ အဲတော့ ဇာဘောလီကို နှစ်သောင်းတန် ဝတ်လည်း… အဲလေ၊ ဘယ်လောက်ကုန်ကုန်ပေါ့။

ခုတော့၊ မယုံရင် ပုံပြင်လို့တောင် ပြောယူရမယ်။ အရပ်သားအစိုးရ ငါးနှစ်သက်တမ်းမှာ၊ လမ်းက လည်း ကတ္တရာလမ်းမကြီးနဲ့၊ တနေကုန် တနေခမ်း သွားရတဲ့ခရီးဟာ နာရီပိုင်းနဲ့ ရောက်နေပြီ။ ဈေးကြီးက လည်း စည်ပင်ဈေး၊ ခုတော့ အခွန်မဆောင်ဖို့ ဆော်ဩနေရတယ်။ လျှပ်စစ်မီးကလည်း ထိန်ထိန်ညီးပေါ့။ အချိန်မမှန်တဲ့ မီးရထားကို စွန့်ပြီး လိုင်းကား စီးမလား၊ အပြတ်ငှားမလား၊ ကားတွေလည်း ပေါလာပြီ။ ဆေးရုံကြီးကတော့ ဝန်ထမ်းတွေအားလုံး စီဒီအမ် ဝင်ထားလို့ ပိတ်ထားရတယ်။ အသစ်စက်စက် အဆောက်အဦးကြီးက ဟိန်းလို့၊ တမြန်မနှစ်က ဘက်ဂျက်ကျထားတာ။ အထက်တန်းကျောင်းကြီးကို စစ်တပ်က လာဖွင့်ခိုင်းတယ်၊ ဆရာ ဆရာမ ၄ ယောက်တည်းမို့ ဘယ်လိုဖွင့်မလဲတဲ့။ တက်မယ့် ကျောင်းသားကလည်း တစ်ယောက်မျှမရှိ။

ခုဆို မြို့လို့တောင် ခေါ်လို့ရနေပါပြီ။

လင်းလက်နွေဦး
၂၁.၅.၂၀၂၁ နေ့လည် ၁၁နာရီ ၅၅မိနစ်
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar