Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ (၂)- ဖိုးရွှေညီမှိုင်း၊ ကိုဇော် (ကလေးမြို့ )

Art - Than Htay Maung

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ (၂)
မိုးမခ
မေ ၁၄၊ ၂၀၂၁

အလွမ်း
ဖိုးရွှေညီမှိုင်း


ဖြတ်သန်းကြည့်ပါ
ဒီလိုမျိုးပေါ့ဗျာ
ဒါကို ဖြတ်သန်းကြည့်ပါ။

စွန့်တယ်
စွန့်ရဲတယ်ဆိုတာ ခင်ဗျား
ပါးစပ်ပြောတာ လွယ်လွယ်လေး။

ခင်ဗျားကိုယ်တိုင် 
ဘာများ 
စွန့်ထားခဲ့ပြီးပြီလဲ။

ကျနော်ကတော့ ဘယ်သောခါမှ
ဒီနေရာကို မပြန်ဘူး
ကျွန်ဖြစ်ခဲ့တဲ့ ၃၈ နှစ်
ထားပစ်ခဲ့ပြီ။

"အမေအို မျှော်မယ်မှန်းလည်း
သိရက်နဲ့ ခရီးကြမ်းဖျက်ခါ 
ပြန်မလာနိုင်သေးခင် ... 
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်
တိတ်တဆိတ် ရောက်လာတယ်"*1

၂၀၂၁ မေ ၁၃
*1 ... ခိုင်ထူး
အိမ်အလွမ်း

.....


ကတိ
ကိုဇော်  (ကလေးမြို့ )


ငါတို့က
ကဗျာဆရာတွေပါ
သစ်ရွက်ကြွေတာကအစ
နာတယ် ။

အို
ကျဆုံးဝိဉာဉ်တို့
သည်းကြွေပျက်မတတ်နာကျင်မှုနဲ့
သင်တို့ကိုအလေးပြုပါရဲ့ ။

မ ေ မ့ ပါ
သာယာဝပြောတဲ့အခါ
ဒီတိုင်းပြည်ဟာ
သင်တို့အရိုးများအပေါ်မှာ
တည်ဆောက်ထားတာဖြစ်တဲ့အကြောင်း
ကမ္ဘာကို
အကြိမ်ကြိမ်ခေါင်းလောင်းထိုးပါမယ် ။     ။

.....

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar