Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေလ ၁ ၊ ၂၀၂၁

ဒီနေ့က ကမ္ဘာ့အလုပ်သမားနေ့ ရုံးပိတ်ရက် ဖြစ်လို့ ရန်ကုန်မြို့ လမ်းမတွေမှာ လူတွေ ကားတွေ သိပ်မများ ၊ နေ့စဥ် ဖြစ်ပျက်နေကျ အဖြစ်အပျက်ကတော့ ပေါက်ကွဲမှုတွေ ဖြစ်ပါတယ်။ ဆန္ဒပြမှုတွေ ကြိုကြား ရှိခဲ့တယ်လို့ သတင်းဖေါ်ပြချက်တွေ အရ သိရပါတယ်။ ဒီနေ့ရန်ကုန်မြို့မှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုတွေက တပ်တွေ ရဲတွေ လက်နက်ကိုင်အဖွဲ့တွေ လှမ်းမြင်နိုင်တဲ့ နေရာလိုမျိုးမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ရန်ကင်း စက်မှု ၁ လမ်းမပေါ် မှာ လမ်းလယ်ကျွန်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်၊ အဆိုပါနေရာနဲ့ ဗဟိုဘဏ်ရှေ့ လမ်းပိတ်ဆို့ထားတဲ့ နေရာအနီး စစ်ကားရဲကားတွေ အမြဲတမ်းလိုလို စတည်းချ ထားလေ့ရှိတဲ့နေရာက လှမ်းမြင်ရတဲ့ အကွာအဝေးဖြစ်ပါတယ်၊ အလားတူ မြန်မာပလာဇာ အနီး ဆီဒိုးနားဟိုတယ် နဲ့ ကမ္ဘာအေးဘုရားလမ်း မှာလည်း ပေါက်ကွဲမှု ဖြစ်ခဲ့တယ် လို့သိရပါတယ်။ တခြားတနေရာက ဗဟန်းရွှေဂုံတိုင်လမ်းမပေါ်က ပြန်ကြားရေးကွန်မြူနီတီစင်တာ ၊ ရွှေပြည်သာ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အနီးစတဲ့ နေရာတွေလို့သိရပါတယ်။ အဲဒီနေရာမှာလည်း လုံထိန်းကားနဲ့ ရဲ နေ့စဥ် စတည်းချ နေတဲ့နေရာ ဖြစ်ပါတယ်။ အခုလို စစ်တပ်တွေ ရဲတွေ နေရာယူထားတဲ့ အနီးအနားတွေမှာ ပေါက်ကွဲတာတွေ ဖြစ်နေပါတယ်။ တနည်းအားဖြင့် စစ်ကောင်စီဘက်ကပဲ မတည်ငြိမ်သေးဘူးဆိုတဲ့ အကြောင်းပြချက် အတွက် လုပ်ဆောင်တာလားဆိုတဲ့ သံသယအယူအဆ ကောက်ချက်ချတာမျိုးလည်း လူထုကြားထဲ ကြားသိရနေပါတယ်။

ရန်ကုန်မြို့မှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတဲ့ မြို့နယ်ဖြစ်တဲ့ ရွှေပြည်သာမြို့နယ်လို နေရာမျိုးမှာတောင် ဒီနေ့ ပျောက်ကြားဆန္ဒပြမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ ရန်ကုန်၊ မန္တလေး ၊ အပြင် အခြားသော မြို့ကြီးတွေမှာလည်း ဆန္ဒပြမှုကို လုံးဝ ရပ်တန့်လိုက်တာမျိုး မဟုတ်ပဲ ကြိုကြားကြုိကြား အခွင့်သာလျင် သာသလို ပြနေကြဆဲဖြစ်ပါတယ်။

မနက်ဖြန် မေလ ၂ ရက်နေ့ တနင်္ဂနွေနေ့ ကိုလည်း ရန်ကုန်မှာ ဆန္ဒပြဖို့ နှိုးဆော်ထားပါသေးတယ်။ လူငယ်တွေက စစ်ကောင်စီကို လွယ်လွယ်နဲ့ အလျော့မပေးပါဘူး။ ပျောက်ကြားစနစ်၊ မိုးထဲရေထဲ၊ မနက်စောစော စသဖြင့် အချိန်၊ အခါအခြေအနေကို ပြောင်းလဲပြီး ဆန္ဒပြနေကြတဲ့ သဘောဖြစ်ပါတယ်။

မြို့တွေထဲမှာ ခုလို ပေါက်ကွဲမှုတွေ ဆန္ဒပြမှုတွေ၊ ညည နေ့နေ့ လူဝင်ဖမ်းမှုတွေ ဖြစ်နေချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် ဒေသ ၊ အထူးသဖြင့် ကေအန်ယူ တပ်မဟာ ၅ ဒေသမှာတော့ လေယာဥ်နဲ့ ဗုံးကြဲ၊ စက်သေနတ်နဲ့ ပစ်တာတွေ တရက်ကို ၄ ကြိမ်ထက်မနည်း လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းက ကေအန်ယူက သိမ်းလိုက်တဲ့ သော်လဲထ စခန်းကိုလည်း ပြန်လည်သိမ်းယူဖို့ စစ်ကောင်စီက လက်အောက်ခံတပ်တွေကို ညွှန်ကြားထားပုံရပါတယ်။

ကျဆင်းနေတဲ့ စစ်တပ်ရဲ့ ဂုဏ်သိက္ခာ၊ စိတ်ဓါတ်၊ တိုက်ခိုက်လိုစိတ် တွေကို ပြန်အဖတ်ဆယ်ဖို့ ကြိုးစားတဲ့အနေနဲ့ ဆုံးရှုံးသွားတဲ့ စခန်းတွေ ပြန်ရဖို့ တပ်တွေကို အမိန့်ပေးပြီး ပြန်လည် သိမ်းယူဖို့ ကြိုးစားနေတဲ့ သဘောလို့ ယူဆရပါတယ်။ အခုလို စခန်းသိမ်းခံရတဲ့နေရာတွေ ပြန်ရဖို့ ကြိုးစားနေတာ ကရင်ပြည်နယ် တနေရာထဲ မဟုတ်ပဲ ကချင်ပြည်နယ်မှာလည်း အလားတူပါ။ မိုးမောက်၊ ဗန်းမော် ၊ လိုင်ဇာ အနီး နေရာတွေကို လေယာဥ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်နေတာလည်း သတင်းတွေထဲမှာ တွေ့ရပါတယ်။

လက်နက်ကိုင် ပဋိပက္ခ၊ ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ ဆယ်စုနှစ် တခုကြာ ခင်းခဲ့ကြတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေဟာ စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့ အချိန်ကစလို့ လက်နက်ကိုင် တိုက်ပွဲတွေ အရှိန်မြင့်တက်လာနေပြီး နောက်ထပ်လက်နက်ကိုင် အဖွဲ့အစည်းသစ်တွေ ပေါ်ထွက်လာနေတာလည်း မြင်နေရပါပြီ။ အဲသည်ထဲမှာ ပြည်နယ်အလိုက် မြို့နယ်အလိုက် ကာကွယ်ရေးအဖွဲ့တွေ လုံခြုံရေးအဖွဲ့တွေ အမည်နာမအမျိုးမျိုးပေးပြီး ထွက်ပေါ်လာကြတာဖြစ်ပါတယ်။ အဲသည်ကနေ NUG က ဖွဲ့မယ့် သို့မဟုတ် NUG အစိုးရကို ထောက်ခံပြီး ဖွဲ့ကြမယ့် PDF တွေလည်း တခုမက အပါအဝင် ဖြစ်ပါလိမ့်မယ်။

စစ်အာဏာသိမ်းမှုက ဘယ်လောက်ထိ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ လူထုရဲ့ ဘဝတွေကို ထိခိုက်ပျက်စီးစေမလဲဆိုတာ ခုနေချိန်မှာ ခန့်မှန်းဖို့ မလွယ်ကူသေးဘူးလို့ ဆိုရမယ် ထင်ပါတယ်။ အဆိုးထဲကို နစ်မြုပ်ကျဆင်းနေရာမှာ ခုလက်ရှိအခြေအနေဟာ အောက်ဆုံးရောက်ပြီလား ဆိုတာ မပြောနိုင်သေးတဲ့ အနေအထားဖြစ်လို့ ခုထက် အခြေအနေ ဘယ်လောက် ထပ်ဆိုးရွားသွားဦးမလဲ ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်သေးပါဘူး။ တနည်းအားဖြင့်စစ်ကောင်စီ စစ်တပ်ဟာ ဘယ်လောက် မိုက်တွင်းနက်ဦးမလဲ ဆိုတာ ခန့်မှန်းရ ခက်ခဲတဲ့သဘောလည်း ဖြစ်ပါတယ်။

မေလဆန်းက စပြီးတော့ နွေဦးတော်လှန်ရေးဟာ ဒုတိယလှိုင်းအဖြစ် တဖန်ပြန်လည် ချီတက်လာမယ်၊ ပြန်လည်ပြီး တိုက်ပွဲတွေ တိုးပြီး ဆင်နွဲကြမယ်လို့ သပိတ်တိုက်ပွဲသမားတွေက ကြွေးကြော်ထားကြပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေကြတဲ့ မြို့ရွာဒေသတွေကတော့ စစ်တပ်တွေ စခန်းလာချတာ တပ်စွဲတာတွေ ကို တွန်းလှန်စစ် ဆင်နွဲနေကြပါတယ်။ စစ်တပ်၏ ဖက်ဆစ်လက်ပါးစေတွေ အလိုတော်ရိတွေကိုလည်း ရှင်းလင်းမောင်းထုတ်နေကြပါတယ်။ မြိုံ့ပြပျောက်ကြားတွေကတော့ ပိုပြီးတော့ လျို့ဝှက်သိပ်သည်းမှုတွေ ဆောင်ရွက်လာနေတာကြောင့် ဆိုရှယ်မီဒီယာတွေကနေ ဗျိုးဟစ်သံတွေ မကြားရတော့ပါဘူး။ စစ်တပ်က အကြိးအကျယ် လူထုကို ထိုးနှက်မှုဖြစ်မယ်ထင်ပြီး နေ့စဉ်ထုတ်ပြန်နေတဲ့ ၅၀၅(က) စာရင်းကလည်း လူထုကြားမှာ ဟာသဖြစ်သွားပါပြီ။ မအလစစ်ကောင်စီကလည်း ဖောင်ဖျက်ထားပြီးပြီဆိုရင် မြန်မာပြည်သူလူထုကလည်း ဖောင်ဖျက်ပြီး စစ်အာဏာရှင်ကို အမျိုးဖြုတ်ပစ်ဖို့ ဆုံးဖြတ်ထားပြီးပြီလို့ ပြောရမယ် ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar