Breaking News

ဇင်လင်း - အဟိံသ ဓမ္မ ၌ သက်ဝင်ယုံကြည်သူ တော်လ်စတွိုင်း



ဇင်လင်း - အဟိံသ ဓမ္မ ၌ သက်ဝင်ယုံကြည်သူ တော်လ်စတွိုင်း

(မိုးမခ) မေလ ၁ ၊ ၂၀၂၁


‘လီယို တော်လ်စတွိုင်း’ (Leo Tolstoy) ဆိုသော ကမ္ဘာကျော် ရုရှား ဂန္ထဝင်စာရေးဆရာကြီး၏ အမည်သည် မြန်မာနိုင်ငံ စာဖတ်ပရိသတ်နှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည်။ အထူးသဖြင့် ‘စစ်နှင့် ငြိမ်းချမ်းရေး’ (War and Peace) ဆိုသည့် ကမ္ဘာ့ဂန္ထဝင်ဝင် ၀တ္ထုရှည်ကြီးသည် တော်လ်စတွိုင်း၏ အမည်ဂုဏ်သတင်းကို ယနေ့ထက်တိုင် လူသိများ ထင်ရှားစေခဲ့ သော စာပေလက်ရာဖြစ်သည်။ တော်လ်စတွိုင်း၏ ‘စစ်နှင့် ငြိမ်းချမ်းရေး’ ၀တ္ထုသည် ကမ္ဘာ့စာပေသမိုင်း၌ ဇာတ်လမ်း ဇာတ်အိမ် ကြီးမားကျယ်ပြန့်သလောက်၊ ဇာတ်လမ်းအချိတ်အဆက် ရှေ့နောက်ညီညွတ်မှုအရှိဆုံး ၀တ္ထုရှည်ကြီးအဖြစ် ထင်ရှားသည်။ ဇာတ်ကောင်အရေအတွက် ၅၈၀ ပါ၀င်ပြီး၊ သက်ရှိထင်ရှား သမိုင်းဇာတ်ရုပ်များနှင့် စာရေးဆရာ၏ စိတ်ကူးသရုပ်ဖေါ်ဇာတ်ကောင်များကို သဘာဝကျစွာ စီစဉ် ချိတ်ဆက် ရက်ရှယ်ရေးဖွဲ့ထားခြင်းမှာလည်း မှတ်တမ်းတင် လောက်ပေသည်။ သမိုင်းနောက်ခံအဖြစ် ‘နပိုလျံဘုရင်ခေတ်’နှင့် ‘ရုရှားဇာဘုရင် ပထမမြောက် အလက်ဇန်ဒါးခေတ်’များ၊ ‘သြစတာလစ်စစ်မြေပြင်’ (Battlefields of Austerlitz)နှင့် ‘ဘိုရိုဒီနိုစစ်မြေပြင်’ (Battlefields of Borodino) စသည့် ခေတ် ကာလများတွင် ဇာတ်အိမ်တည်ထားသည်ကို တွေ့နိုင်သည်။ တော်လ်စတွိုင်း၏ အကောင်းဆုံး စာပေလက်ရာ ဖြစ်သည့် ‘စစ်နှင့် ငြိမ်းချမ်းရေး’ ကို ၁၈၆၅ ခုနှစ်တွင် စတင်၍ အခန်းဆက်ရေးသားတင်ဆက်ခဲ့ခြင်း ဖြစ်ပြီး၊ ၁၈၆၉ ခုနှစ်တွင် လုံးချင်းအဖြစ် တစ်စုတစ်စည်းတည်းပေါင်းချုပ် ထုတ်ဝေခဲ့သည်။

တော်လ်စတွိုင်းကို ‘ယတ်စနာယာ ပေါ်လ်ယာနာ’ (Yasnaya Polyana) ဆိုသည့် မူးမတ်မျိုးနွယ် မိသားစုပိုင် အိမ်ခြံမြေ၌ ၁၈၂၈ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ Yasnaya Polyana သည် တူလ်လာမြို့၏ အနောက်တောင် ဖက် ၁၂ ကီလိုမီတာနှင့် မော်စကိုမြို့၏ တောင်ဖက် ကီလိုမီတာ၂၀၀ အကွာအဝေး၌ တည်ရှိသည်။ တော်လ်စတွိုင်း ၏ နေအိမ်သည် ယခုအခါ ‘တော်လ်စတွိုင်း ပြတိုက်’ ဖြစ်နေပေပြီ။ လီယို တော်လ်စတွိုင်းသည် နယ်စားကြီး ‘နီကိုလိုင် အီလျစ်ချ် တော်လ်စတွိုင်း’ (Count Nikolai Ilyich Tolstoy - 1794–1837) ၏ သားသမီး ငါးယောက်အနက် စတုတ္ထ မြောက် သား ဖြစ်သည်။ တော်လ်စတွိုင်း၏ ဖခင်ဖြစ်သူ နယ်စားကြီး နီကိုလိုင်သည် ပြင်သစ်ဘုရင် နပိုလျံက ရုရှားနိုင်ငံ အား ကျူးကျော် တိုက်ခိုက်သည့် ‘၁၈၁၂ ခုနှစ် မျိုးချစ်စစ်ပွဲ’ (Patriotic War of 1812) တွင် ပါ၀င်တိုက်ခိုက်ခဲ့သူ ၀ါရင့် စစ်သည်တစ်ဦး ဖြစ်သည်။ မိခင်ဖြစ်သူ ‘မာရီယာတော်လ် စတာယာ’ (Mariya Tolstaya - 1790–1830) သည် တော်လ်စတွိုင်း ၂-နှစ်သား အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ဖခင်မှာ သူ ၉-နှစ်သားအရွယ်၌ ကွယ်လွန်သည်။ တော်လ်စတွိုင်းနှင့် ညီအစ်ကိုမောင်နှစ်မ တစ်စုမှာ ဆွေမျိုးများ၏ ၀ိုင်းဝန်း စောင့်ရှောက်မှုအောက်၌ လူလားမြောက်ခဲ့ကြ ရသည်ဟု ဆိုသည်။

တော်လ်စတွိုင်းသည် ငယ်စဉ်က နေအိမ်၌ပင် ဆရာများဖြင့် ပညာသင်ယူခဲ့ရပြီး၊ ၁၈၄၄ ခုနှစ်တွင် ဥပဒေပညာနှင့် အရှေ့ တိုင်းဘာသာစကားများကို ‘ကာဇန်တက္ကသိုလ်’ (Kazan University) တွင် တက်ရောက်ဆည်းပူးခဲ့သည်။ ယင်းတက္ကသိုလ် မှ ဆရာ/ဆရာမများက တော်လ်စတွိုင်းသည် သင်္ခန်းစာများကို လိုက်ပါသင်ယူနိုင်စွမ်းမရှိသည့်အပြင် ပညာသင်ယူလိုစိတ် လည်း ထက်သန်မှုမရှိဟု မှတ်ချက်ပေးကြသည်။ သို့ဖြင့် ပညာတစ်ပိုင်းတစ်စနှင့် ယင်းတက္ကသိုလ်မှ နှုတ်ထွက်ခဲ့သည်။ ထို့နောက် ‘ယတ်စနာယာ ပေါ်လ်ယာနာ’ ရှိ နေအိမ်သို့ပြန်လာခဲ့ပြီး မော်စကို၊ တူလ်လာ နှင့် စိန့်ပီတာစဘတ်မြို့များတွင် ပေါ့ပေါ့ပါးပါး နားနားနေ လှည့်လည်နေထိုင်ခဲ့သည်။ ထိုအချိန်ကာလများတွင် တော်လ်စတွိုင်း စတင်စာရေးသားခဲ့သည်ဟု ဆိုသည်။ သူ၏ ပထမဦးဆုံး ၀တ္ထု ဖြစ်သည့် ‘ငယ်စဉ်ဘဝ’ (Childhood) ဆိုသော စာအုပ်ကို ထိုစဉ်အခါက ရေးခဲ့ခြင်းဖြစ် ပြီး သူဖြတ်သန်း ကြီးပြင်းခဲ့ရသော လူငယ်ဘဝ ဖြစ်ရပ်များကို ၀တ္ထုဆန်ဆန်ရေးဖွဲ့ထားသည်။ ယင်းဝတ္ထုကို ၁၈၅၂ ခုနှစ် တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၁၈၅၂ မှ ၁၈၅၆ ခုနှစ်အတွင်း ကိုယ်တိုင်ရေးအတ္ထုပတ္တိဟု ဆိုနိုင်သည့် ကလေးဘဝ၊ သူငယ် ဘဝ နှင့် လူငယ်ဘဝ (Autobiographical novels of Childhood, Boyhood, and Youth) တို့ကို ရေးသားခဲ့သည်။

၁၈၅၁ ခုနှစ်တွင် တော်လ်စတွိုင်းသည် လောင်းကစားကြောင့် အကြွေးများထူလာသဖြင့် အကြွေးရှင်များကို ရှောင်တိမ်းရင်း အစ်ကိုဖြစ်သူ ‘နီကိုလေ’ (Nikolay) ရှိရာ ကော့ကေးဆပ်စ်သို့ ရောက်ရှိခဲ့သည်။ အစ်ကိုသည် ရုရှားစစ်တပ်အရာရှိတစ်ဦး ဖြစ်၍၊ တော်လ်စတွိုင်းလည်း စစ်တပ်ထဲဝင်ခဲ့သည်။ တော်လ်စတွိုင်းသည် ‘ခရိုင်းမီးယားစစ်ပွဲ’ (Crimean War) အတွင်း ရုရှားအမြောက်တပ်တွင် အရာရှိငယ် တစ်ဦးဖြစ်လာခဲ့သည်။ ၁၈၅၄-၅၅ တွင် ၁၁-လ ကြာ ဆင်နွှဲရသော ‘ဆေဗာစတိုပိုလ်’ (Sevastopol) ဒေသ သိမ်းပိုက်ရေးတိုက်ပွဲနှင့် ‘ချန်နယာ’ (Chernaya)ဒေသ တိုက်ပွဲများတွင်ပါ၀င်ခဲ့ပြီး သူရသတ္တိရှိမှု အတွက် အသိအမှတ်ပြုခြင်းခံရပြီး ဗိုလ်အဆင့်သို့ ရာထူးတိုးမြှင့်ခံရသည်။ ‘ခရိုင်းမီးယားစစ်ပွဲ’ အတွေ့အကြုံများကို တော်လ်စတွိုင်း က ‘ဆေဗာစတိုပိုလ် ပုံရိပ်များ’(Sevastopol Sketches) စာအုပ်၌ ပြန်ပြောင်းတင်ပြထားသည်။ သူ၏ စစ်ပွဲအတွေ့အကြုံများက နောင်အခါ သူ့ကို ငြိမ်းချမ်းရေးလိုလားသူဖြစ်လာစေရန် လှုံ့ဆော်ခဲ့သည်ဟု ဆိုသည်။ ထို့ပြင် သူ့ဝတ္ထုများတွင် စစ်၏ အနိဋ္ဌာရုံများကို သရုပ်ဖေါ်ရာတွင် အဆိုပါတိုက်ပွဲအတွေ့အကြုံများက များစွာအထောက်အကူပြု ခဲ့သည်။ စစ်ပွဲကာလအတွင်း သေကျေ ကျဆုံးမှုပမာဏ အလွန်တရာကြီးမားသော အခြေအနေကို မြင်တွေ့ခဲ့ရသဖြင့် တော်လ်စတွိုင်း စိတ်ထိခိုက်တုန်လှုပ်ခဲ့ရသည်ဟု ဆိုသည်။ ခရိုင်းမီးယားစစ်ပွဲပြီးသည့် ၁၈၅၆ ခုနှစ်တွင် တော်လ်စတွိုင်း သည် စစ်တပ်မှ နှုတ်ထွက်ခဲ့သည်။

သူ၏ ၀တ္ထုများသည် သူ့ခေတ်သူ့အခါက ရုရှားလူအဖွဲ့အစည်း၏ သရုပ်မှန်ကို ကြောင်းကျိုးညီညွတ်စွာ ရေးချယ်ပြလေ့ရှိ သည်။ ၁၈၆၃ ခုနှစ်ကရေးသည့် ‘ကော့ဆက်’ (The Cossacks) ၀တ္ထုတွင် ရုရှားအထက်လွှာ မူးမတ်မျိုးနွယ်တစ်ဦးနှင့် ကော့ဆက်မိန်းမပျိုးတစ်ဦးတို့၏ အချစ်ဇာတ်လမ်းနှင့်အတူ ကော့ဆက်လူမျိုးတို့၏ လူနေမှုဘဝကို ထင်ဟပ်ဖေါ်ပြထား သည်။ ၁၈၇၇ ခုနှစ်တွင်ရေးသည့် ‘အင်နာကရင်နီနာ’ (Anna Karenina) ၀တ္ထု၌ ရုရှားအထက်တန်းလွှာအတွင်း လူမှုရေး အရှုပ်အထွေးများကို ထင်ဟပ်ဖေါ်ပြ၍ အထက်လွှာ ပညာတတ်တစ်ဦးက ရုရှားလူနေမှုဘဝ ပြုပြင်ပြောင်းလဲရေးလုပ် ရန် စဉ်းစားပုံကို ရေးဖွဲ့သည်။ ယင်းဝတ္ထုဇာတ်တွင် ဇာတ်ကောင်တစ်ဦးဖြစ်သူ ‘ကွန်စတန်တင် ဒီမီထရီးဗစ်ချ် လျဲဗင်’ (Konstantin Dmitrievich Levin/Lyovin) သည် ‘တော်လ်စတွိုင်း’၏ ကိုယ်ပွားဖြစ်သည်ဟု ဝေဖန်ရေးဆရာများက ဆိုကြ သည်။ တော်လ်စတွိုင်း၏ ၀တ္ထုများအနက် ‘အင်နာကရင်နီနာ’ သည် ‘စစ်နှင့်ငြိမ်းချမ်းရေး’ နှင့် တန်းတူ စာပေတန်ဖိုးရှိသည် ဟု သုံးသပ်ကြသည်။ ‘စစ်နှင့် ငြိမ်းချမ်းရေး’ တွင် စာရေးဆရာ၏ ကိုယ်ပွားမျာအဖြစ် ‘ပီးယားစ်ဘေဇူကော့ဗ်’ (Pierre Bezukhov) နှင့် ‘မင်းသားအင်ဒရေ’ (Prince Andrei) တို့ကိုတွေ့ရပြီး၊ ‘ရှင်ပြန်ထမြောက်ခြင်း’ (Resurrection) ၀တ္ထု တွင် စာရေးဆရာ၏ ကိုယ်ပွားမျာအဖြစ် ‘မင်းသား နက်ခ်လျူဒေါ့ဗ်’ (Prince Nekhlyudov) ကို တွေ့ရသည်ဟု ဆိုသည်။

တော်လ်စတွိုင်း၏ ထင်ရှားသော ၀တ္ထုများမှာ ကော့ဆက် (Cossacks, ၁၈၆၂)၊ စစ်နှင့် ငြိမ်းချမ်းရေး (War and Peace ၁၈၆၉)၊ အင်နာကရင်နီနာ (Anna Karenina ၁၈၇၇)၊ အိုင်ဗင်အီလျစ်ချ်၏ သေဆုံးခြင်း (Death of Ivan Ilyich, ၁၈၈၆)၊ ရှင်ပြန်ထမြောက်ခြင်း (Resurrection ၁၈၉၉)၊ လူအန္ဓ အိုင်ဗင် (Ivan the Fool ၁၈၈၅)၊ ကရုဇာ ဆိုနာတာ (Kreutzer Sonata ၁၈၉၀)၊ ဖားသာ ဆာဂျီယပ်စ် (Father Sergius ၁၈၉၈)၊ ပြေစာအတု (Forged Coupon ၁၉၁၁) စသည်တို့ဖြစ် သည်။ ထင်ရှားသော ၀တ္ထုတိုများမှာ လူတစ်ကိုယ် မြေမည်မျှလိုသနည်း(How Much Land Does a Man Need? ၁၈၈၅)၊ ရသေ့သုံးဖေါ် (Three Hermits, ၁၈၈၆)၊ မေးခွန်းသုံးခု (Three Questions ၁၉၀၃)၊ အလျိုရှာ (Alyosha the Pot ၁၉၁၁) နှင့် ဟာဂျီမူရတ် (Hadji Murad ၁၉၁၂) စသည်တို့ဖြစ်သည်။

စစ်တပ်အတွင်းမှ အတွေ့အကြုံများနှင့် တပ်မှထွက်ပြီးနောက် ၁၈၅၇ နှင့် ၁၈၆၀-၆၁ ခုနှစ်များတွင် ဥရောပသို့ခရီး ၂-ကြိမ် သွားခဲ့သည့် အတွေ့အကြုံများကြောင့် တော်လ်စတွိုင်း၏ ဘဝအမြင်များ သိသိသာသာ ပြောင်းလဲခဲ့သည်။ အခွင့်ထူးခံ အထက်လွှာ လူ့အဖွဲ့အစည်းနောက်ခံ ၀တ္ထုများရေးသားလေ့ရှိသည့် စာရေးဆရာ တော်လ်စတွိုင်းသည် လောကုတ္တရာ အသိအမြင်အရ အကြမ်းမဖက်ဘဲ လောက၏ အဆီအငေါ်မတည့်မှုများကို ဆန့်ကျင်တော်လှန်သည့် စာရေးဆရာဖြစ်လာ ခဲ့သည်။ သူနှင့် ခေတ်ပြိုင် အမြင်တူသူများမှာ ‘အလက်ဇန္ဒာ ဟာဇင်’ (Alexander Herzen)၊ ‘မီခေးလ် ဘာကူနင်’ (Mikhail Bakunin) နှင့် ‘ပီတာပရိုပေါ့ကင်’ (Peter Kropotkin) တို့ဖြစ်သည်။ ၁၈၅၇ ခုနှစ်က ပြင်သစ်နိုင်ငံ ရောက်ခဲ့စဉ် က ပါရီတွင် လူထုပရိသတ်မျက်မှောက်၌ သေဒဏ်အပစ်ပေး သတ်ဖြတ်စီရင်မှုတစ်ခုကို တော်လ်စတွိုင်း ကိုယ်တိုင်ကြုံခဲ့ရ သည်။ ယင်းအတွေ့အကြုံမှ ရရှိခဲ့သော ထိခိုက်တုန်လှုပ်ခြောက်ခြားမှု စိတ်ဒဏ်ရာသည် နောက်ပိုင်း သူ့ဘဝ တစ်လျှောက်လုံးအား ခြောက်လှန့်ခံခဲ့ရသည်ဟု ဆိုသည်။

သူငယ်ချင်းဖြစ်သူ ‘ဗတ်ဆီလီ ဘော့ကင်’ (Vasily Botkin) ထံသို့ ရေးသည့် စာတစ်စောင်တွင် တော်လ်စတွိုင်က “တကယ့်အမှန်တရားက နိုင်ငံတော်ဆိုတဲ့ အသုံးအနှုန်းဟာ ဖေါက်ပြန်တဲ့ အကြံအစည်တွေ လုပ်နိုင်အောင် ဖန်တီးပုံဖေါ် ထားတဲ့ ဝေါဟာရပဲ။ နိုင်ငံတော်ဆိုတဲ့ စကားလုံးနဲ့ပြည်သူလူထုအပေါ် အမြတ်ထုတ်သွေးစုတ်ယုံမက အကျင့်ပျက် အဂတိလိုက်စားမှုမျိုးစုံကို လုပ်နိုင်ဖို့အတွက်လည်း ဒီဝေါဟာရကို အသုံးချခဲ့ကြတယ်။ ဒါကြောင့် ဒီနေ့ဒီအချိန်ကစပြီး ဘယ်နိုင်ငံတော်အစိုးရရဲ့ အမှုထမ်းအဖြစ် ဘယ်သောအခါမှ ၀င်ရောက်အမှုထမ်းတော့မည်မဟုတ်ပါ။” ဟု ရေးသားဖေါ်ပြ ခဲ့ဖူးသည်။

ဂျာမန်ဘာသာဖြင့် ရေးထားသည့် ‘Tirukkural’ သို့မဟုတ် ‘Kural’ ကျမ်းစာအုပ်ကို ဖတ်ပြီးနောက် တော်လ်စတွိုင်း၏ အကြမ်းမဖက်ရေး အမြင်အယူအဆ သို့မဟုတ် ‘အဟိ ံသ’ အယူဝါဒသည် ပိုမိုအားကောင်းထင်ရှားလာသည်။ Kural ကျမ်းစာမူရင်းသည် တမီလ်ဘာသာ ကဗျာလင်္ကာဖြင့် ရေးသားထားသည့် ဂန္ထဝင်ကျမ်းမြတ်တစ်ဆူဖြစ်သည်ဟု ဆိုသည်။ ယင်းကျမ်း၌ (၁) မြတ်သောအကျင့်ဆိုင်ရာ ဆုမ္မစာ (၂) ချမ်းသာကြွယ်ဝစေသည့် ဆုမ္မစာ (၃) မေတ္တာဆိုင်ရာ ဆုမ္မစာ စသည်ဖြင့် ကဏ္ဍ(၃)ခု ပိုင်းခြားထားပြီး ကဏ္ဍတစ်ခုလျှင် လင်္ကာ ၁၃၃၁ ပိုဒ်စီ ရေးဖွဲ့ထားသည်။ ယင်းတမီလ်ဘာသာ ကျမ်းမြတ်သည် အေဒီ ၄၅၀ နှင့် ၅၀၀ အကြား ပေါ်ထွန်းခဲ့သည်ဟု သုတေသီတို့က ဆိုသည်။ ယင်းကျမ်း၌ ဥပဒေရေးရာ၊ မင်းကျင့်တရား၊ မူးမတ်တို့ကျင့်ဝတ်၊ အုပ်ချုပ်ရေးရာ၊ နိုင်ငံရေးရာ၊ စစ်မှုရေးရာ၊ တရားစီရင်ရေး၊ အခွန်ဘဏ္ဍာ စည်းကြပ် ရေး၊ ပညာရေး၊ ကိုယ်ကျင့်သီလ၊ ကလျာဏမိတ္တဖွဲ့ခြင်း၊ အိမ်ထောင်ရေးနှင့် လူမှုရေးရာ အစရှိသည့် အကြောင်းအရာများ အပြင် သစ္စာဓမ္မ၊ ကိုယ်ကျင့်စောင့်ထိန်းမှု၊ ကျေးဇူးသိတတ်မှု၊ ယဉ်ကျေးပျူငှာရှိမှု၊ ကိုယ်ချင်းစာတရားရှိမှု၊ တာဝန်ဝတ္တရား သိမှု အစရှိသည်တို့ကိုလည်း မိးမောင်းထိုးဆုမ္မထားသည်ဟု ဆိုသည်။ ယင်းကျမ်းကို တမီလ်လူမျိုးတို့၏ ဝေဒကျမ်း (The Tamil Veda) ဟုဆိုကြပြီး အကြမ်းမဖက်ရေး အဟိ ံသတရားနှင့် အသက်သတ်လွတ်စားခြင်းတို့ကို ပုဂ္ဂိုလ်တစ်ဦးချင်း အတွက် မြတ်သောကိုယ်ကျင့်တရားအဖြစ် အလေးထားဖေါ်ပြသည်ဟု ဆိုသည်။ ယင်းကျမ်း၏ သြဇာကြောင့် နောင်အခါ တော်လ်စတွိုင်းသည် အသက်သတ်လွတ်စားသူ (Vegetarian) ဖြစ်လာခဲ့သည်။

အိန္ဒိယနိုင်ငံ တမီလ်နိုင်ဒူးပြည်နယ်အစိုးရနှင့် တမီလ်လူမျိုးတို့သည် ထိုကျမ်းမြတ်ကို အမြတ်တနိုး လေးလေးစားစား တန်ဖိုးထားကြသည်။ ထိုကျမ်းမြတ်သည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ ကိုယ်ကျင့်တရားနှင့် ဒဿနိကဗေဒ အစရှိသော နယ်ပယ် များရှိ သြဇာတိက္ကမရှိသော သုတေသီများနှင့် ရှေ့ဆောင်ပုဂ္ဂိုလ်များအပေါ် ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးမှုရှိသည်ဟု သိရသည်။ အနည်းဆုံး ဘာသာ ၄၀ ခန့်သို့လည်း ပြန်ဆိုခြင်းခံရသော ကျမ်းဟု ဆိုသည်။ ယင်းကျမ်း၏ သြဇာသည် ‘တော်လ်စတွိုင်း’အပါအဝင် ‘မဟတ္တမဂန္ဓီ’၊ ‘အဲလ်ဘတ် ရှဝိုင်ဇာ’(Albert Schweitze)၊ ‘ဂျော့ပုပ်’ (George Uglow Pope) စသည့် ပုဂ္ဂိုလ်အတော်မျာများအပေါ် သြဇာသက်ရောက်ကြောင်း မှတ်တမ်းများ၌ ဖေါ်ပြသည်။

တော်လ်စတွိုင်းသည် ၁၈၄၇ ခုနှစ်မှစတင်၍ ‘နေ့စဉ်မှတ်တမ်း’ ရေးလေ့ရှိသည်။ ဘဝတစ်သက်တာပတ်လုံး နေ့စဉ် မှတ်တမ်း ရေးသားခဲ့သည့် စာရေးဆရာများအနက် တော်လ်စတွိုင်းလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ယင်း နေ့စဉ် မှတ်တမ်းသည် သူ့ဘဝကို ပြန်လည်သုံးသပ်ဆန်းစစ်ရာ၌ အထောက်အကူပြုရုံမက၊ သူ့ဝတ္ထုများရေးသားရာတွင်လည်း အချက်အလက် အမှတ်အသားများ ကိုးကားစရာဖြစ်ခဲ့သည်ဟု ဆိုသည်။

သူ၏ ၁၈၆၀-၆၁ ခုနှစ် ဥရောပခရီးစဉ် အတွင်း ၁၉ ရာစုတွင် ထင်ရှားကျော်ကြားသော ပြင်သစ်စာရေးဆရာ ကဗျာဆရာ ဗစ်တာဟူးဂိုး(Victor Hugo) နှင့် တွေ့ဆုံ ခဲ့ရပြီးနောက် တော်လ်စတွိုင်း၏ နိုင်ငံရေးနှင့် စာပေဆိုင်ရာ အသိအမြင်များ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ တော်လ်စတွိုင်း၏ စစ်နှင့် ငြိမ်းချမ်းရေးဝတ္ထုမှ စစ်ပွဲသရုပ်ဖေါ်မြင်ကွင်းရေးဖွဲ့ဖေါ်ပြပုံသည် ဗစ်တာဟူးဂိုး၏ Les Misérables မှ စစ်ပွဲမြင်ကွင်း ဖေါ်ပြဟန်၏ လွှမ်းမိုးသက်ရောက်မှု ရှိသည်ဟု ဆိုကြသည်။ ထို့ပြင် ၁၈၆၁ မတ်လတွင် တော်လ်စတွိုင်းသည် ပြင်သစ်နိုင်ငံရေး တော်လှန်တွေးခေါ်ရှင် ‘ဂျိုးဇက်ပရူဒွန်’ (Pierre-Joseph Proudhon) နှင့် တွေ့ဆုံခဲ့ပြီးနောက် သူ၏ နိုင်ငံရေးတွေးခေါ်မြော်မြင်မှုအပေါ် ပရူဒွန်၏ သြဇာသက်ရောက်ခဲ့သည်ဟု ဆိုကြ သည်။ ပရူဒွန်၏ ပြင်သစ်ဘာဖြင့် ရေးသည့် ‘စစ်နှင့် ငြိမ်းချမ်းရေး’ (La Guerre et la Paix) ဆိုသည့် အမည်ကို သူ၏ ဂန္ထဝင်ဝတ္ထုကြီး၏ အမည်အဖြစ် သုံးစွဲခဲ့၍ ဖြစ်သည်။ သူတို့နှစ်ဦးတွေ့ဆုံခဲ့စဉ် ပညာရေးကဏ္ဍကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြောင်း တော်လ်စတွိုင်းက သူ၏ ပညာရေးမှတ်စုစာအုပ်များ၌ ထည့်သွင်းဖေါ်ပြခဲ့သည်။

" ဂျိုးဇက်ပရူဒွန်နဲ့ပြောဆိုဆွေးနွေးဖြစ်တဲ့ ကျွနှု်ပ်ရဲ့အတွေ့အကြုံကို ပြန်ပြောရမယ်ဆိုရင်၊ ပရူဒွန်ဟာ ပညာရေးရဲ့တန်ဖိုး နဲ့ အရေးကြီးမှုကို နားလည်သိရှိတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်လို့ဆိုရမယ်။ နောက် ကျွန်ှုပ်တို့ခေတ်မှာ ပုံနှိပ်စက်ရဲ့ တန်ဖိုးနဲ့အရေးပါမှုကို သိရှိနားလည်သူလည်းဖြစ်တယ်လို့ ဆိုချင်တယ်။" ဟု တော်လ်စတွိုင်းက ပြောခဲ့သည်။

ပညာရေး၌ စိတ်အားထက်သန်သည့်အလျောက် တော်လ်စတွိုင်သည် သူ၏ ‘ယတ်စနာယာ ပေါ်လ်ယာနာ’ နေအိမ်ခြံမြေ၌ တောင်သူလယ်သမားများ၏ သားသမီးများအတွက် ကျောင်း ၁၃ ကျောင်းထူထောင်ခဲသည်။ ထိုလယ်သမားများသည် ၁၈၆၁ ခုနှစ်တွင် မြေကျွန်များအဖြစ်မှ လွတ်ငြိမ်းခွင့်ရခဲ့သူများဖြစ်သည်။ သူ့ကျောင်းများအတွက် သတ်မှတ်ထားသည့် အခြေခံစည်းမျဉ်းများအကြောင်းကို တော်လ်စတွိုင်းက ၁၈၆၂ ခုတွင် သူ၏ "ယတ်စနာယာ ပေါ်လ်ယာနာ ရှိ ကျောင်း " (The School at Yasnaya Polyana) အက်ဆေးတွင် ဖေါ်ပြသည်။ သို့သော်လည်း သူ၏ ပညာရေးပြုပြင်စမ်းသပ်မှုမှာ သက်ဆိုးမရှည်ခဲ့ပေ။ ဇာဘုရင်၏ လျှို့ဝှက်ပုလိပ်များက နှောက်ယှက်ဟန့်တားသဖြင့် တော်လ်စတွိုင်း၏ ကျောင်းများ ပိတ်လိုက်ရသည်။ တော်လ်စတွိုင်သည် အသက် ရ၀ ပိုင်းတွင် မြေယာတိုက်တာ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများကို စတင် စွန့်လွှတ်ခဲ့သည်။ ဆင်းရဲသားတောင်သူလယ်သမားများအား လှူဒါန်းစွန့်ကြဲမှုများလုပ်သည်။ ခြိုးခြံစွာ နေထိုင်ဝတ်စား ခြင်းဖြင့် ပကာသနအမှုများကို ရှောင်ကြဉ်ခဲ့သည်ဟု ဆိုသည်။

၁၉၀၈ ခုနှစ်တွင် ‘ဟိန္ဒူတစ်ဦးထံ ပေးစာ’ ဆိုသည့်အက်ဆေးကို တော်လ်စတွိုင်း ရေးသားခဲ့သည်။ ထိုအက်ဆေး၌ သူ ယုံကြည်သည့် ‘အဟိ ံသ’ ဆိုသည့် အကြမ်းဖက်မှု ဆန့်ကျင်သော အယူအဆကို ရှင်းလင်းဖေါ်ပြသည်။ အိန္ဒိယနိုင်ငံကို ကိုလိုနီစနစ်အောက်မှ လွတ်မြောက်ရေးအတွက် ‘အဟိ ံသအယူဝါဒ’ ကို ကျင့်သုံးသင့်ကြောင်း တော်လ်စတွိုင်းက တင်ပြခဲ့ သည်။ ၁၉၀၈ ခုတွင် ထိုပေးစာမိတ္တူတစ်စောင်ကို ဂန္ဒီ ဖတ်ခဲ့ရသည်။ ထိုအချိန်က ဂန္ဒီသည် တောင်အာဖရိကတွင် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည်။ ဂန္ဒီက ‘ဟိန္ဒူတစ်ဦးထံ ပေးစာ’ ရေးသူ တော်လ်စတွိုင်းထံသို့စာဖြင့်ဆက်သွယ်ကာ အတည်ပြုချက်ရယူခဲ့သည်။ ၁၈၉၄ တွင် တော်လ်စတွိုင်းရေးခဲ့သည့် “သင့်ကိုယ်တွင်း၌ ဘုရားသခင်၏ နိုင်ငံတော်ရှိသည်” (The Kingdom of God Is Within You)ဆိုသော စာတမ်းက အကြမ်းမဖက်ဘဲ ခုခံတော်လှန်ခြင်းသဘောကို မဟတ္တမ ဂန္ဒီ အနေဖြင့် ယုံကြည်လက်ခံနိုင်ရန် အထောက်အကူပြုခဲ့သည်။ သူ၏ ကိုယ်တိုင်ရေးအတ္ထုပတ္တိတွင် ဂန္ဒီက သူ့အသိ အမြင် ထင်လင်းအောင် တော်လ်စတွိုင်း၏ စာတမ်းက အထောက်အကူပြုခဲ့၍ ကျေးဇူးကြွေးတင်ခဲ့ကြောင်း ရေးခဲ့သည်။ တော်လ်စတွိုင်းကိုလည်း အကြမ်းမဖက်ဘဲ ခုခံတော်လှန်ခြင်းသဘောတရားကို လမ်းညွှန်ပြသရန် ထိုခေတ်၌ ပေါ်ထွန်းခဲ့ သည့် အကြီးကျယ်ဆုံး ပုဂ္ဂိုလ်ဟု အမွှမ်းတင်ခဲ့သည်။ ‘မဟတ္တမ ဂန္ဒီ’ နှင့် ‘လီယိုတော်လ်စတွိုင်း’ တို့နှစ်ဦးသည် ၁၉၀၉ ခု အောက်တိုဘာမှ ၁၉၁၀ နိုဝင်ဘာအထိ စာပေးစာယူအဆက်အသွယ်ရှိခဲ့သည်ဟု သိရသည်။

၁၈၇၀ နောက်ပိုင်းနှစ်များတွင် တော်လ်စတွိုင်သည် ကိုယ်ကျင့်သီလနှင့် ဘာသာတရားယုံကြည်သဒ္ဓါစိတ် ပိုမိုထက်သန် လာပြီး၊ ထိုသို့ယုံကြည်သဒ္ဓါပြင်းပြထက်သန်မှုဖြင့် ဉာဏ်အလင်းပွင့်နိုင်သည်ဟု ယူဆခဲ့သည်။ ဘာသာရေးအမြင်ဆိုင်ရာ ရေးသားချက်များအနက် “၀န်ခံချက်” (A Confession ၁၈၈၂)၊ “သင့်ကိုယ်တွင်း၌ ဘုရားသခင်၏ နိုင်ငံတော်ရှိသည်” (The Kingdom of God Is Within You ၁၈၉၄) စသည့် စာတမ်းများမှာ ထင်ရှားသည်။ ယင်းစာတမ်းများ၌ဖေါ်ပြသည့် အယူ အဆများသည် ၂၀-ရာစု၌ ထင်ရှားသည့် ‘မဟတ္တမ ဂန္ဒီ’ (Mahatma Gandh) နှင့် ‘မာတင်လူသာကင်းဂျူနီယာ’ (Martin Luther King Jr) တို့အပေါ် နက်နက်ရှိုင်းရှိုင်း သြဇာသက်ရောက်ခဲ့သည်ဟု ဆိုသည်။

၁၉၁၀ ခု နိုဝင်ဘာလ ရ ရက်နေ့ အသက် ၈၂ နှစ်တွင် ‘တော်လ်စတွိုင်း’ သည် အဆုပ်အအေးမိရောဂါဖြင့် ကွယ်လွန် သည်။ မီးရထားဖြင့် နိုင်ငံတောင်ပိုင်းသို့ ခရီးသွားနေစဉ် ‘အက်စ်တာပိုဗို’ (Astapovo) ဘူတာ၌ ဖျားနာသဖြင့် ရုံပိုင်၏ အိမ်သို့ခေါ်ဆောင်ကာ ဆရာဝန်ပင့် ကုသနေခဲ့သော်လည်း အသက်မကယ်နိုင်ခဲ့ပေ။ ‘တော်လ်စတွိုင်း’ မသေမီ နောက်ဆုံးရက်များတွင် သေခြင်းတရားနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ဟောပြောရေးသားခဲ့သည် ဟု ဆိုသည်။ တော်လ်စတွိုင်း၏ လူဘဝအတွေ့အကြုံကို ချဉ်းကပ်လေ့လာပုံသည် အများသူငါနှင့်မတူ တစ်မူခြားနားလှ သည်ဟု ပြောစမှတ်ရှိပေသည်။ အထူးသဖြင့် အဟိ ံသ ဓမ္မ၌ သက်ဝင်ယုံကြည်သူ၊ ငြိမ်းချမ်းရေးလိုလားသူ ဖြစ်သည့်အလျောက် သတ္တဝါခပ်သိမ်းကို စာနာသနားသဖြင့် အသက်သတ်လွတ်စားခြင်းကို စွဲမြဲစွာ ကျင့်သုံးသွားခဲ့သည်။ ထို့ကြောင့် လူသေသော်လည်း ယနေ့တိုင် နာမည်ဂုဏ်သတင်း ထင်ရှားထွန်းတောက် နေသူ ဖြစ်သည်။ မည်သို့ဆိုစေ သူဖန်တီးခဲ့သော ‘စစ်နှင့် ငြိမ်းချမ်းရေး’ ၀တ္ထုကြီးနှင့် ‘အင်နာကရင်နီနာ’ ၀တ္ထုတို့သည် ‘ကမ္ဘာ့ သရုပ်မှန်စာပေသမိုင်း’ တွင် ထိပ်ဆုံး၌ ဆက်လက်ရပ်တည်နေပေလိမ့်ဦးမည်။//

References:

1. Leo Tolstoy - https://www.britannica.com/biography/Leo-Tolstoy

2. Leo Tolstoy: From Wikipedia, the free encyclopedia

3. War and Peace - https://en.wikipedia.org/wiki/War_and_Peace

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar