Breaking News

နတ်မှူး - မြေပြင်ငွေမင်လူးသည့်နှယ်

Photo- Crd

မြေပြင်ငွေမင်လူးသည့်နှယ် 
နတ်မှူး
(မိုးမခ) မေ ၁၉၊ ၂၀၂၁

ဆရာမြို့မငြိမ်းရဲ့  နှစ်ယောက်တည်းသီချင်းကို လူအများကြားဖူးမယ်ထင်ပါတယ်။ သီချင်းစာသားကော သံစဉ်ပါ အလွန်ကောင်းတဲ့သီချင်းလေးပါ။ ”မောင်ရယ် နှစ်ယောက်တည်း ဆိုရင်မောင်ရယ်.. ဧဝရက်တောင်ထိပ်... နေချင်ရင်ခုသွား... ရေရှားတဲ့သဲကန္တာရ ဆဟာရမရှောင်တယ် ... နေမမြင် ... ရေပြင်ခဲ မြောက်ဝင်ရိုးစွန်းကိုပဲ ... ခေါ်ခေါ်ပျော်ပါမယ် ... သဲသဲဲဲမမဇွဲနဲ့ ...နှစ်ယောက်တည်းနေချင်တယ်” ဆိုပြီး မိန်းကလေးဆိုဖို့ရေးဖွဲ့ထားတဲ့သီချင်းပါ။ ဒါပေမယ့်သီချင်းကိုကြိုက်တော့ ကျွန်တော်တို့ယောက်ျားတွေလည်း နှစ်နှစ်သက်သက်နားထောင်ပြီးဆိုညည်းတတ်ပါတယ်။ ပြောရရင် ဆရာမြို့မငြိမ်းရဲ့နှစ်ယောက်တည်းသီချင်းက ဘယ်တော့မှရိုးမသွားပဲအမြဲနားထောင်ကောင်းတဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။

        ကျွန်တော် ၁၉၇၂ ခုနှစ်မှာ မန္တလေးဆေးတက္ကသိုလ်တက်ရပါတယ်။ သည်တုန်းကမန္တလေးမှာ ဟံသာဝတီသတင်းစာထုတ်ပါတယ်။ အယ်ဒီတာချုပ်က ဟံသာဝတီ ဦးဝင်းတင်ဖြစ်ပါတယ်။ သူကလူတွေစာကိုစိတ်ဝင် စားဖို့ ဟံသာဝတီသတင်းစာတိုက်မှာ စနေစာပေဝိုင်းဆိုပြီး လုပ်ပါတယ်။ အပတ်စဉ်စနေနေ့တိုင်း စာရေးဆရာတယောက်ကိုဖိတ်ပြီး စာပေဟောပြောပွဲနဲ့ ဆွေးနွေးပွဲပြုလုပ်ပါတယ်။ မန္တလေးက စာရေးဆရာများလည်း စိတ်ဝင်တစားပံ့ပိုးကြပါတယ်။ အထူးသဖြင့် လူထုဦးလှနဲ့ အမေမာတို့စုံတွဲပေါ့။

         တပတ်တော့ ရန်ကုန်ကစာရေးဆရာရုပ်ရှင်မင်းသားဗိုလ်ဗကို လာဟောမယ်ဆိုလို့ ကျနော်တို့ ဆေးကျောင်းသားတွေ နေရာကောင်းရဖို့စောစောသွားရပါတယ်။ ရှေ့ဆုံးတန်းမှာနေရာယူထားကြတဲ့ မန္တလေးက လူထုဦးလှ၊ အမေမာ၊ ဟံသာဝတီဦးဝင်းတင် .. စတဲ့စာရေးဆရာကြီးတွေကြည့်ပြီး လေးစားအားကျစိတ်တွေတဝေဝေဖြစ်မိပါတယ်။
           အမေရိကန်နိုင်ငံယေးလ်တက္ကသိုလ်က မဟာဝိဇ္ဇာဘွဲ့ရထားတဲ့စာရေးဆရာရုပ်ရှင်မင်းသား ဗိုလ်ဗကိုက အလွန်အပြောကောင်းပြီး ပွဲကျအောင်ပြောနိင်ပါတယ်။ ဆရာပြောတဲ့အထဲက မြို့မငြိမ်းရေးတဲ့ နှစ်ယောက်တည်းသီချင်းဘယ်လိုရေးခဲ့တယ်ဆိုတာလေးကို ကျနော့်တသက်ဘယ်တော့မှ မေ့မယ်မထင်ဘူး။

            “နှစ်ယောက်တည်းဆိုရင် စကားလက်ဆုံဝင် ပြောရုံနဲ့ပင် အရသာထူး ရူးတယ်လို့ဆိုချင်ဆို ကျိန်စေချင်ကျိန်ပါ့မယ် နတ်စည်းစိမ်ဆယ်သက် တကယ်မမက်ပါတယ် ဆန့်ကျင်တယ်ဆိုရင် ကမ္ဘာ့အပြင်ထွက်လို့ နှစ်ယောက်သား ဘောက်ခါးစို့လားမောင်ရယ် လောကကြီးကို မေ့ပြီးပစ်နိုင်တယ်” ဆိုပြီး ကိုငြိမ်း(မြို့မငြိမ်း) ရဲ့သမီးရည်းစားချိန်းတွေ့တဲ့အရသာက ဘာနဲ့မှမတူတဲ့အကြောင်းကိုပြောပါတယ်။ ဒီချိန်းတွေ့တဲ့အရသာက အခုမှမဟုတ်ဘူး၊ ဟိုးအရင် မိဘဘိုးဘွားတွေလက်ထက်ကတည်းက ဒီလိုပါပဲဆိုတာ ကိုငြိမ်းက ”အရင်က ရှင်တို့ကျမတို့အဖေနဲ့အမေတွေ၊ ဘိုးအေတွေဘွားအေတွေ  နှစ်ယောက်တည်း တွေ့ကြဆဲအခါဝယ်၊ အာကာလွှာပုံပြုလို မေယုကလောင်သဖွယ် သမုဒ်မင်ရေချယ် ချစ်တာတွေတွင်တွင်ပြောမောနိုင်ဘူးတဲ့မောင်ရယ် သူ့ခေတ်နဲ့တော့သူတွင်ကျယ်” ဆိုပြီးရေးခဲ့တယ်လို့ ဗိုလ်ဗကိုက ပြောပါတယ်။

       ဒီသီချင်းရေးတာညအချိန်ပါ။ ထိန်ထိန်သာနေတဲ့လမင်းကြီးကိုကြည့်ပြီး ကိုငြိမ်းက ” ချိန်းတဲ့ညကျမှ ရွှေလမောင်သူတွင်ကျယ်၊ ကမ္ဘာမြေတခွင်လုံး၊ မြူမဖုံးတိမ်မကွယ်၊ ထက်ကောင်းကင်ဝယ် ထိန်ထိန်သာတော့တယ်၊ မှောင်မိုက်မိုက် ချောင်ကြိုက်ကြတဲ့အခါမယ်၊ လောကွတ်ချော်တော်မူအားတယ်၊ ဖိုးလနတ်သား တိမ်ကြားမြုတ်စေသားလို့ ဆုတောင်းရမလား သတိထားတော်တော်ကျယ်” ဆိုပြီး ရေးခဲ့ပြန်တယ်။

           လရောင်က သစ်ခက်အကြိုအကြားကိုထိုးဖောက်ပြီး မြေပြင်မှာ အလင်းကွက်လေးတွေထင်နေတယ်။ ဒီမြင်ကွင်းလေးကိုဘယ်လိုတင်စားရရင်ကောင်းမလဲလို့ ကိုငြိမ်းကစဉ်းစားတယ်။ ဘယ်လိုမှတွေးလို့မရဘူး။တွေးမရတဲ့အတူတူ ညဉ့်နက်လှပြီ အိပ်တာပဲကောင်းပါတယ်ဆိုပြီး အိပ်ရာပေါ်ဝင်လှဲတယ်။ တလူးလူးတလွန့်လွန့်နဲ့အိပ်မပျော်ဘူး။ ဒါနဲ့အိပ်ရာကထပြီး ပြတင်းပေါက်ကနေ သစ်ရွက်အကြိုအကြားကယိုစီးကျလာတဲ့ အလင်းကွက်ကလေးတွေကိုငေးကြည့်နေတယ်။ သူ့အတွေးထဲမှာလရောင်က လင်းခနဲလက်လာတယ်။ ဟုတ်ပြီ  “လရောင်ကမြေပြင်ကို ငွေမင်နဲ့ ဆေးချယ်ထားသလိုပါလား ” သူမနက်လင်းရင်မေ့သွားမှာစိုးတဲ့အတွက် ကိုငြိမ်းက စာရွက်ပေါ်မှာ စာသားကိုချရေးလိုက်တယ်။ ”သစ်ရွက်ညိုအကြိုအကြား ပြောက်ပြောက်ကြားကြားရောင်ခြည်ဝင်တယ်၊ မြေပြင်ငွေမင်လူးသည့်နှယ်”

            ဗိုလ်ဗကိုက ဆရာမြို့မငြိမ်းရဲ့နှစ်ယောက်တည်းသီချင်းရေးသားဖို့ကြိုးစားအားထုတ်ပုံကို လေးစားဂုဏ်ယူစွာပြောကြားသွားခဲ့တယ်။ အခုတော့ခေတ်တွေအလီလီ ပြောင်းလဲသွားခဲ့ပြီ။ ဆရာမြို့မငြိမ်းက စနေစာပေဝိုင်းမတိုင်ခင်ကာလများစွာကပင် ကွယ်လွန်သွားခဲ့တယ်။ ဒါပေမယ့် သူ့သီချင်းများနှင့်သူ့နာမည်က ဘယ်သော အခါမှ သေဆုံးမှာမဟုတ်ပါ။ စနေစာပေဝိုင်းရဲ့ဦးဆောင်သူများဖြစ်ကြတဲ့ ဟံသာဝတီ ဦးဝင်းတင်၊ လူထုဦးလှ၊ အမေမာနှင့် စာဟောသူ ဗိုလ်ဗကိုတိုလည်း မရှိရှာကြတော့။ သူတို့က ကျနော်တို့အတွက် ထာဝရလွမ်းကြရမယ့်သူ များဖြစ်ပါတယ်။ ကျွန်တော်တို့ကျောင်းသားဘဝကတည်းကနှစ်ခြိုက်စွာအားပေးခဲ့ရတဲ့မြို့မအသင်းကြီးအခုတော့ကွယ်လွန်သွားခဲ့ပြီ။ မြေပြင်ငွေမင်လူးခဲ့သူဆရာမြို့မငြိမ်း အသေစောတာတော်သေးရဲ့လို့ ကျွန်တော်အောက်မေ့နေမိတယ်။

              ချစ်ခင်လေးစားစွာ ...နတ်မှူး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar