မော်မင်းသန်း - လီနင်ဂရက်ဆင်ဖိုနီ (သို့မဟုတ်) မြို့တမြို့ရဲ့သမိုင်းဝင်ဂီတ
မြို့တမြို့ရဲ့သမိုင်းဝင်ဂီတ
မော်မင်းသန်း
(မိုးမခ) မေ ၁၉၊ ၂၀၂၁
၁၉၄၁ သြဂတ်စ်လမှာ ဟစ်တလာရဲ့ ဂျာမန်တပ်တွေက ရုရှားနိင်ငံက လီနင်ဂရက်မြို့ကိုဝိုင်းရံပိတ်ဆို့လိုက်ပါတယ်။
လီနင်ဂရက်မြို့သူမြို့သားတွေဟာဂျာမန်တွေရဲ့ပိတ်ဆို့ဝိုင်းရံထားမှုကိုကြံ့ကြံ့ခံကျော်ဖြတ်ခဲ့ကြတယ်။
အစာရေစာပြတ်လတ်မှုအနွေးဓာတ်ပေးဖို့ကျောက်မီးသွေးပြတ်လတ်မှုတွေကြုံတွေ့ခဲ့ရတယ်။
ဂျာမန်တွေက လီနင်ဂရက်မြို့ကိုအဆက်မပြတ်ဗုံးတွေကြဲပြီး မြို့ကိုလည်းပြင်ပကမ္ဘာနဲ့အဆက်ဖြတ်ထားခဲ့တယ်။
လီနင်ဂရက်မြို့သူမြို့သားတွေအတွက် ပြင်ပကမ္ဘာနဲ့ဆက်သွယ်ဖို့ရာ လီနင်ဂရက်ရေဒီယိုတစ်ခုပဲရှိတယ်။
အဲ့ဒီရေဒီယိုကနေ တီခိုနော့တို့အက္ခမာတိုဗာ တို့လိုကဗျာဆရာ ကဗျာဆရာမတွေက ကဗျာတွေရွတ်ပြီး လီနင်ဂရက်မြို့သူမြို့သားတွေကိုစိတ်ဓာတ်မကျအောင် အားပေးခဲ့တယ်။
ပိတ်ဆို့ခံထားရတဲ့မြို့ကြီးထဲမှာ ကွန်ပိုဆာတစ်ယောက်လည်းရှိနေတယ်။
သူ့နာမည်ကတော့ ရှိုစတာကိုဗစ်တဲ့။ သူ့အသက်က အဲ့ဒီအချိန်က ၃၅ နှစ်။
သူဟာလီနင်ဂရက်ဂီတသိပ္ပံ ပီယာနိုဌာနက ကျောင်းအုပ်တစ်ယောက်ပဲ။
နာဇီဂျာမန်တွေ ကမြို့ကိုပိတ်ဆို့ဝန်းရံလိုက်တဲ့အချိန်မှာ သူဟာ သူ့ဇာတိမြို့ကို ကာကွယ်ဖို့ သူတတ်စွမ်းတဲ့ဂီတနဲ့ ရန်သူတွေကိုတိုက်ခိုက်ဖို့အတွက် လီနင်ဂရက်ဆင်ဖိုနီကို ၁၉၄၁ ဇူလိုင်မှာစတင်ပြီး ရေးခဲ့ပါတယ်။
သူ လီနင်ဂရက်ဆင်ဖိုနီကိုရေးနေပြီ ဆိုတဲ့အကြောင်းကိုလည် းရေဒီယိုကတဆင့်ပြည်သူတွေကိုအသိပေးခဲ့တယ်။
အဲ့ဒီအချိန်မှာပဲ နာဇီဂျာမာန်တွေရဲ့ပိတ်ဆို့မှုတွေကပြင်းထန်လာတယ်။ လေကြောင်းကတိုက်ခိုက်မှုတွေကလည်း အဆက်မပြတ်။
အစာရေစာပြတ်လတ်ပြီး လူပေါင်း ၆၀၀၀ ကျော်သေဆုံးသွားတယ်။ ဟစ်တလာကလည်း မကြာခင်မှာလီနင်ဂရက်ကိုသိမ်းတော့မှာဖြစ်တဲ့အကြောင်း မြို့သိမ်းအောင်ပွဲသဘင်ကို လီနင်ဂရက်မြို့ကအက်စတိုးရီးယာဟော်တယ်မှာကျင်းပမယ့်အကြောင်း အကြီးအကျယ်ဝါဒဖြန့် ထားတယ်။
ရုရှားတပ်နီတော်တွေကလည်းမြို့ကို အသေခံကာကွယ်နေကြတယ်။
ရှိုစတာကိုဗစ်က သူ့ရဲ့လီနင်ဂရက်ဆင်ဖိုနီကိုများမြောင်လှတဲ့တာဝန်တွေကြားမှာပြီးအောင်ရေးဖွဲ့နေတယ်။
ဆင်ဖိုနီပုံကြမ်းကိုပီယာနိုနဲ့သူ့မိတ်ဆွေတွေကိုအကြမ်းတီးပြတယ်။
၁၉၄၁ ဂျူလိုင်သြဂတ်စ်စက်တင်ဘာလောက်မှာ တတိယပိုဒ် ( Third movement ) အထိရေးဖွဲ့နိင်ခဲ့တယ်။
အဲ့ဒီအချိန်မှာပဲ အခြေနေတွေပိုဆိုးရွားလာတဲ့အတွက် သူ့ရဲ့လုံခြုံရေးကိုစိုးရိမ်လာကြတယ်။
သူ့ကိုဗော်လဂါမြစ်ကမ်းဘေးက ယာယီမြို့တော်ကူဘိုင်ရှက်မြို့ကိုပြောင်းရွှေ့စေတယ်။ အဲ့ဒီမြို့မှာပဲ သြခတ်စတြာနဲ့တီးခတ်ဖို့အော်ခတ်စတေးရှင်းတွေအပြီသတ်နိင်ခဲ့တယ်။
လီနင်ဂရက်ဆင်ဖိုနီကိုပထမဆုံးအကြိမ်အဖြစ် ကူဘိုင်ရှက်မြို့မှာ ဘော်ရွိင်းကဇာတ်ရုံသြခတ်စတြာနဲ့ ၁၉၄၁ မတ်လမှာ ပထမဆုံးအကြိမ်တီးမှုတ်နိင်ခဲ့တယ်။
လီနင်ဂရက်ဆင်ဖိုနီဂီတစကိုးတွေကိုမိုက်ခရိုဖ လင်နဲ့ရိုက်ပြီး လီနင်ဂရက်မြို့ကိုပို့လိုက်တယ်။
တကယ်တော့အဲ့ဒီအချိန်မှာ လီနင်ဂရက်မြို့မှာ ဂီတသမားအများစုကရှေ့တန်းစစ်မျက်နှာရောက်နေတဲ့အတွက် အဲ့ဒီဆင်ဖိုနီကိုတီးမှုတ်ဖို့အခက်အခဲတွေ ရှိနေတယ်။
ဒါပေမယ့် အဲ့ဒီဆင်ဖိုနီကို အဓိကမောင်းနှင်ပေးမယ့်ကွန်ဒက်တါ ကားလ်အေလီယာစဘတ်တစ်ယောက်မြို့ထဲမှာရှိနေခဲ့တယ်။ ဒါဟာ ကံကောင်းမှုတစ်ခုပဲ။
ကားလ်က ဂီတစကိုးတွေ သေချာဖတ်တယ်။ မြို့ထဲမှာကျန်နေသေးတဲ့ဂီတသမားတွေကို အမြန်လာကြဖို့ပန်ကြားတယ်။
ပင်ပန်းနွမ်းနယ်နေတဲ့ဂီတသမားတွေဟာ ရန်သူတွေရဲ့ အမြောက်ဆံဗုန်းဆံတွေကိုရှောင်ကွင်းကျော်ဖြတ်ပြီး သူတို့ရဲ့တူရိယာတွေကို သယ်ဆောင်လာခဲ့တယ်။
ရေခဲနေတဲ့စတူဒီယိုထဲမှာ ဆင်ဖိုနီကို ရီဟာဆယ်တီးကြတယ်။
၁၉၄၂ သြဂတ် ၉ ရက်နေ့မှာမြို့ထဲမှာကျန်နေသေးတဲ့ဂီတသမားတွေတပ်မတော်ရေတီးဝိုင်းက ရဲဘော်တွေကိုစုစည်းပြီး လီနင်ဂရက်ဆင်ဖိုနီကိုလီနင်ဂရက်မြို့မှာ ပထဆုံးတီးမှုတ်နိင်ခဲ့တယ်။
ရက်ပေါင်းကိုးရာပိတ်ဆို့ဝိုင်းရံခံထားရတဲ့မြို့ထဲမှာ ရန်သူကိုဦးမညွှတ်နောက်မဆုတ်တဲ့ဂီတသံတွေဟိန်းထွက်လာခဲ့တယ်။
ရှိုစတာကိုဗစ်ဟာ ဆင်ဖိုနီပထမပိုဒ်မှါ ဂျာမန်တွေကျူးကျော်လာပုံကိုသရုပ်ဖော်ထားတယ်။
နောက်ဆုံးပိုဒ်မှါတော့ ရုရှားပြည်သူတွေကနာဇီတွေကိုအောင်ပွဲခံနိင်ပုံကို ဂီတနဲ့ဖော်ကျူးထားတယ်။
လီနင်ဂရက်ဆင်ဖိုနီကို ကျနော့်မွေးရပ်မြေလီနင်ဂရက်မြို့မှာပဲရေးခဲ့ပါတယ်။ ရန်သူကအမြောက်တွေနဲပစ်နေပါတယ်။ ဒုတိယအပိုဒ်နဲ့တတိယပိုဒ်တွေကိုတော့ မဲမှောင်တဲ့မိုးသားတိမ်တိုက်တွေကျနော်တို့တိုင်းပြည်အပေါ်အုပ်မိုးနေချိန်မှာ ကျနော်ဒီဆင်ဖိုနီကိုရေးခဲ့ပါတယ်လို့ ရှိုစတာကိုဗစ်ကပြောခဲ့တယ်။
မိနစ် ၈၀ စာရှိတဲ့ဒီဆင်ဖိုနီကိုစစ်ကြီးအတွင်းမှာအကြိမ်ပေါင်း ၁၆၀ လောက်အထိတီးမှုတ်ခဲ့ရတယ်။
အဂ်လန် အမေရိကန် ဆွီဒင် နိင်ငံတွေမှာတီးဖို့အတွက် ဂီတစကိုးတွေကို မိုက်ခရိုဖလင်နဲ့ရိုက်ပြီး ပို့ပေးရတယ်။
အမေရိကန်နိင်ငံမှာတော့ ကွန်ဒက်တါတော်စကာနီနီက သူ့ရဲ့ သြခတ်စတြာတီးဝိုင်းနဲ့ လီနင်ဂရက်ဆင်ဖိုနီကို တင်ဆက်ခဲ့တယ်။
ဒုတိယကမ္ဘာစစ်ကြီးပြီးသွားပြီးနှစ်အတန်ကြာမှာတော့ ဂျာမန်တိုးရစ်အုပ်စုတစ်စု လီနင်ဂရက်မြို့ကိုရောက်ရှိလာပါတယ်။
လီနင်ဂရက်ဆင်ဖိုနီကိုမောင်းနှင်ခဲ့တဲ့ကွန်ဒက်တါကားလ်အေလီယာစဘတ်ကို လိုက်ရှာပြီးတွေ့ခဲ့ကြတယ်။
သူတို့ဟာ လီနင်ဂရက်ကိုဝိုင်းထားစဉ်က ပါတဲ့ ဂျာမန်စစ်သားတွေပါဆိုပြီးမိတ်ဆက်တယ်။သူတို့ထဲက ဂျာမန်လူမျိုးနှစ်ဦးက သူတို့ရေးထားတဲ့ဒိုင်ယာရီစာအုပ်ကို ကားလ်ကို ထုတ်ပြတယ်။ အဲ့ဒီဒိုင်ယာရီထဲမှာ လီနင်ဂရက်ဆင်ဖိုနီတီးမှုတ်တဲ့နေစွဲနဲ့အချိန်တွေရေးမှတ်ထားတယ်။
သူတို့ကဆက်ပြောတယ်။
ကျနော်တို့ဟာ ရေဒီယိုကလွှင့်နေတဲ့ လီနင်ဂရက်ဆင်ဖိုနီကို အမြဲနားထောင်ခဲ့ကြပါတယ်တဲ့။ အဲ့ဒီတုန်းကဆိုးဝါးပြင်းထန်တဲ့အချိန်မှာတောင်ခင်ဗျားတို့ဟာ ဆင်ဖိုနီကိုတီးမှုတ်အသံလွှင့်န်င်တဲ့အတွက် လီနင်ဂ ရက်မြို့ကိုကျနော်တို့မသိမ်းနိင်တော့ဘူးဆိုတာသဘောပေါက်ခဲ့ပါတယ်တဲ့။ ခင်ဗျားတို့ကြောင့် ကျနော်တို့အသက်ရှင်နေနိင်တာပါ ကွန်ဂရက်ကျူလေးရှင်းပါဆိုပြီးကြေကွဲစွာပြောသွားခဲ့လေရဲ။ ။
P.S
လီနင်ဂရက်ဆင်ဖိုနီ Leningrad Symphony ကို Youtube မှာနားထောင်နိင်ပါတယ်။
မော်မင်းသန်း
၁၈ ၅ ၂၁
မန္တလေး
+ စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။ (မိုးမခ)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar