Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁၉ ရက် မြောက်နေ့ မြင်ကွင်း

art - Htee Saing


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁၉ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေ ၁၉၊ ၂၀၂၁

ဒီနေ့ ထူးခြားတဲ့ သတင်းတွေ အနေနဲ့ဆို ဒိုက်ဦးမြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာတယ်လို့ လူတွေကြားထဲ ပြန့်နေတဲ့သတင်းက သတင်းကြီးတွေ ဖြစ်ပြီး ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေ ၊ အုပ်ချုပ်ရေးမှူးအိမ်တွေမှာ ပေါက်ကွဲမှုဖြစ်တဲ့ သတင်းတွေက နိုင်ငံရဲ့ ဟိုမြို့ သည်မြို့တွေမှာ ဖြစ်ပျက်နေတာ သတင်းတွေထဲ တွေ့ရပါတယ်။ ချင်းပြည်နယ် တီးတိန်မြို့တွေမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အိမ်ရှေ့ ဗုံးပေါက်တာ အပြစ်မဲ့ကလေးငယ် တဦးသေဆုံးခဲ့ရပါတယ်။ ပဲခူးတိုင်းရဲ့ ဝေါမြို့နယ်က ညောင်ခါးရှည်ကျေးရွာမှာလည်း အုပ်ချုပ်ရေးမှူး အိမ်ကို ဗုံးကွဲမှု ဖြစ်ပြီးနောက် ရွာသားတွေ ၂၀ လောက် အဖမ်းခံရ ရိုက်နှက်ခံရတယ်လို့ သတင်းထဲမှာ တွေ့ရပါတယ်။

နောက် ပြည်မြို့မှာေတာ့ ယမန်နေ့ နေ့ခင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်တစီးကို တားရာကဆိုင်ကယ် ရပ်မပေးတဲ့ အမျိုးသားတဦးကို သေနတ်နဲ့ ပစ်ပြီး ဒဏ်ရာနဲ့ ဖမ်းခေါ်သွားရာက မကြာခင်မှာ သေဆုံးသွားတဲ့ အဖြစ်လည်း ဖြစ်ပျက်ခဲ့ပါတယ်။

အထက်က လိုအဖြစ်အပျက်တွေ နေ့စဥ်နေ့တိုင်း နိုင်ငံရဲ့ နေရာအနှံ့မှာ ဖြစ်ပျက်နေပါတယ်။ ဟိုအရင်ကတော့ အခုလို သတင်းမျိုးက တုိင်းရင်းသားဒေသ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ ကြားဖူးနေကျ သတင်းမျိုးဖြစ်ပါတယ်။ မကြာသေးခင် ရခိုင် ပဋိပက္ခမှာတုန်းကလည်း ကျေးရွာသား ပေါင်းများစွာ အခုလို စစ်တပ်က ပစ်ခတ်လို့ သေဆုံးတာ၊ စစ်မေးပြီးနောက် အလောင်းလာယူလို့ ပြောတာတွေ ဖတ်ခဲ့ရပါတယ်။ ကျေးရွာထဲကနေ အေအေတပ်တော်က ခိုလှုံပြီးတော့ စစ်တပ်ကို ပစ်ခတ်လို့ တိုက်ခိုက်လို့ဆိုပြီး မြန်မာစစ်တပ်က တရွာလုံးကို ရိုက်နှက်ဖမ်းဆီးတာတွေ မီးရှို့တာတွေလည်း လုပ်ခဲ့ပါတယ်။

ခု အဲလိုအဖြစ်အပျက်တွေက မြို့တွေပေါ် ရောက်လာသလို ဘယ်ဒေသမဆို ဖြစ်နိုင်တဲ့ သဘောပါ။ ရန်ကုန်လိုမျိုးမှာလည်း ဖြစ်နိုင်သလို မန္တလေး မြို့လို ဒုတိယ အကြီးဆုံးမြို့မှာလည်း ဖြစ်နိုင်ပါတယ် ဖြစ်လည်း ဖြစ်ခဲ့ပါတယ်။

လူတယောက်ရဲ့ အသက်ကို စစ်ကောင်စီ တပ်တွေက လက်လွတ်စပယ် သတ်တာ၊ ညှင်းဆဲတာ လက်လွန်ခြေလွန် လုပ်တာတွေနဲ့ ပတ်သက်လို့ ဘယ်ကိစ္စမှ မှားယွင်းကြောင်း ဝန်ခံတာ၊ အပြစ်ကျူးလွန်သူကို အရေးယူတာတွေ လုပ်ဆောင်တာ မကြားသိရတဲ့ အပြင် နောက်ဆုံး သတင်းစာရှင်းလင်းပွဲမှာ သတင်းဌာနတခုက မေးတော့ ဘယ်သေဆုံးမှုမဆို သေမှုသေခင်းနဲ့ လုပ်ထုံးလုပ်နည်းနဲ့ လုပ်ဆောင်ထားတာရှိတယ် လို့ မလိမ့်တပတ် ဖြေခဲ့တာပါ။ သေမှုသေခင်း ရေးတဲ့ ဆရာဝန်ကို ခြိမ်းခြောက်တာ၊ သို့တည်းမဟုတ်စစ်ဆရာဝန်တွေက ရေးတာ တွေပဲ ဖြစ်နိုင်ပါတယ်။ ပညာသည်တွေ ကျွမ်းကျင်သူတွေကိုပါ သေနတ်ပြ အမိန့်ပေးပြီး ရေးခိုင်းတဲ့ သေမှုသေခင်း ဆရာဝန်မှတ်ချက်တွေ ဖြစ်နေမှာ မလွဲပါဘူး။

အဲသည် လူသတ်မှု ရာဇဝတ်မှုကျူးလွန်မှုတွေကို မိသားစုတွေ သက်ဆိုင်ရာလူမှုအဖွဲ့အစည်းတွေက စစ်ကောင်စီ၏ တရားရုံး တရားစီရင်ရေး ဌာနတွေ တာဝန်ရှိသူတွေကို တိုင်ကြားခြင်း လုပ်နိုင်တယ်၊ လုပ်ခွင့်ရှိတယ် စသည်ဖြင့် စစ်ကောင်စီက ဖိတ်ခေါ်ခြင်း တုန့်ပြန်ခြင်းလည်း မရှိပါဘူး။ စစ်ကောင်စီတရားရုံးကို ဦးတိုက်ပြီး တရားစွဲဆိုရန် တိုင်ကြားတဲ့အမှုအခင်းများကိုလည်း မကြားကြရပါဘူး။ ဖမ်းပြီး မသေဘဲ (အသတ်မခံရဘဲ) အကျဉ်းထောင်ထဲ ရောက်နေတယ် သတင်းကြားမှ လာဘ်ထိုးပြီး လိုင်းဝင်ပြီး လိုက်ရ၊ တရားရုံးတွေမှာ အမှုစွဲဆိုမည်လား လိုက်လံမေးမြန်းစုံစမ်းရနဲ့ လူထုကို နည်းမျိုးစုံနဲ့ ကန့်သတ်ဖိနှိပ်ထားတာ ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီ၊ စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေ အလိုတော်ရိတွေ နောက်လိုက်ငယ်သားတွေကို စစ်ရာဇဝတ်မှုတွေ လူမျိုးတုံးသတ်ဖြတ်နေမှုတွေနဲ့ အမှုတွေ ဆက်လက် စွဲဆိုပြီးတော့ NUG အစိုးရ၊ နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများက အရှိန်တိုးမြှင့်ပြီး အရေးယူသင့်နေပါပြီ။ လက်ရှိမှာ စစ်ကောင်စီ၏ လူသားတွေအပေါ် စစ်ရာဇဝတ်မှုကျုးလွန်နေတာတွေ လူမျိုးတုံးသတ်ဖြတ်နေတာတွေကို အဟန့်အတားပြုနိုင်ဖို့ နိုင်ငံတကာက စစ်လက်နက်တင်သွင်းမှု ပိတ်ပင်ခြင်းဖြင့် အရေးယူသင့်နေပါပြီ။ စစ်ဘေးသင့်နယ်မြေတွေ စစ်ဘေးရှောင်နယ်မြေတွေ သတ်မှတ်ပြီး No Fly Zone တွေ ထုတ်ပြန်ကြေညာသင့်ပါတယ်။ စစ်ကောင်စီအဖွဲ့ဝင်များ စစ်ခေါင်းဆောင်များ မိသားစုများ အသိုင်းအဝိုင်းများကိုလည်း သည်ထက် တိုးချဲ့ပြီး ပိတ်ဆို့အရေးယူတာ sanction တွေ လုပ်သင့်နေပါပြီ။

စစ်အုပ်ချုပ်ရေးကြေညာခံရတယ်ဆိုတဲ့ ဒိုက်ဦးနယ်ဘက်မှာလည်း ချင်းပြည်နယ်လို၊ စစ်ကိုင်းတိုင်း အထက်ပိုင်း ကနီ၊ ယင်းမာပင် နယ်ဘက်ကလို၊ မြင်းခြံမြို့အနီးက တလုပ်မြို့ရွာအဖြစ်အပျက်လို စစ်ကောင်စီတပ်တွေနဲ့ ခုခံစစ်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပျက်ခဲ့ပုံရပါတယ်။ ဒိုက်ဦး ကျေးရွာတချို့မှာ စစ်သားတွေကို ခုခံတိုက်ခိုက်ကြတာတွေဖြစ်ပျက်ခဲ့ပြီးနောက် ဒီနေ့တော့ ဒိုက်ဦးမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာတယ်လို့ သတင်းထွက်ပါတယ်။ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်လို နေရာမျိုးမှာ ခုလိုခုခံတိုက်ခိုက်မှုတွေ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်ထားကြမယ် မဟုတ်ပါဘူး။ စစ်ကောင်စီရဲ့ ရက်စက်စွာ ဖြိုခွဲမှု ၊ နိုင်ငံရေးအရ မိုက်မဲစွာ အာဏာသိမ်းမှုကတဆင့် ရက်စက်တဲ့ ဖြိုခွဲမှုတွေ လက်စားချေရမ်းကားမှုတွေက ခုလို ခုခံမှုတွေ လက်တုံ့ပြန်ဖေါက်ခွဲမှုတွေ ဖြစ်လာစေတာ ဖြစ်ပါတယ်။

ခုလို လက်နက်ကိုင် ပဋိပက္ခမီးတောက် ၊ အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ တုံ့ပြန် ခုခံတိုက်ခိုက်မှု အဖြစ်အပျက်တွေ ကျယ်ပြန့်လာခြင်းဟာ မြန်မာ့နိုင်ငံရေး ရှေ့အနာဂတ်အတွက်တော့ ကောင်းတဲ့ အရိပ်လက္ခဏာတော့ မဟုတ်ပါဘူး။ ဒီအခြေအနေကို ရှောင်လွှဲနိုင်ဖို့က စစ်ကောင်စီမှာ နံပါတ်တစ် တာဝန်ရှိတာဖြစ်ပါတယ်။ ဒီအခြေအနေ ရောက်လာနိုင်တဲ့ စစ်အာဏာသိမ်းမှုကို စစ်ကောင်စီက လုပ်ခဲ့တာကြောင့် နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာတာလို့ ဆိုရမှာပါ။ တချိန်ထဲမှာပဲ စစ်ကောင်စီကို ခုခံတိုက်ခိုက်သူတွေ အဖွဲ့အစည်းတွေ အနေနဲ့လည်း ကြားက အရပ်သားတွေ မသက်ဆိုင်သူတွေ ထိခိုက်မှု မရှိဖို့ ဂရုစိုက်ကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ အဲသည်လို ပဋိပက္ခအရှိန်မြှင့်လာချိန်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနကနေပြီး သတင်းထုတ်ပြန်ချက်အရ ပြည်သူ့ကာကွယ်ရေးတပ်မတော်အဖြစ် စုဖွဲ့မှုမှာ စစ်တိုင်းကြီးများကနေ အထက်က အောက်သို့ အဆင့်ဆင့် စုဖွဲ့ရမယ်။ မြို့နယ်အလိုက် နယ်မြေအလိုက် စုဖွဲ့မှုတွေဆိုတဲ့ မြေပြင်ကနေ စုဖွဲ့မှုတွေဆိုတာထက် စစ်တိုင်းအလိုက် အထက်ကနေ အောက်သို့ အဆင့်ဆင့် အမိန့်ပေးမှု လိုက်နာမှု စည်းကမ်းသတ်မှတ်မှုတွေကို လိုက်နာပြီး ဆောင်ရွက်ကြဖို့ ကာကွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်ပါလို့ ထုတ်ပြန်တာ ဖြစ်ပါတယ်။

နားလည်မိတာတခုကတော့ လူထုတော်လှန်ရေးမှာ သပိတ်တိုက်ပွဲတွေမှာ ခေါင်းဆောင်နဲ့ ရဲဘော်တွေဟာ ရှေ့တန်းမှာ လက်ချင်းချိတ်ပြီး ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်ကြတယ်။ လက်နက်ကိုင်စွဲလာတဲ့ တော်လှန်ရေးအဖြစ် ကျယ်ပြန့်လာချိန်မှာ ခေါင်းဆောင်တွေအဆင့်ဆင့် တပ်ရင်းတပ်ဖွဲ့တွေ ဖွဲ့စည်းပုံ စည်းကမ်း လုပ်ထုံးလုပ်နည်း စစ်ရေးဗျူဟာ အမိန့်နာခံမှု တပြေးညီဖြစ်မှုတွေ လျို့ဝှက်သိပ်သည်းကျစ်လစ်မှုတွေ ထူထောင်ကြရတယ်လို့ ဆိုရမယ် ထင်ပါတယ်။
 
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar