Breaking News

မေ ၉၊ ၂၀၂၁ တွင် ကျဆုံးခဲ့သော ကဗျာဆရာ ခက်သီအတွက် ဂုဏ်ပြုကဗျာများ - မောင်မှိုင်းလွင်(အင်းဝ)၊ နှင်းခါးမိုး၊ တိုးနှောင်မိုး


Art -Than Htay Maung
ကဗျာဆရာ ခက်သီအတွက် ဂုဏ်ပြုကဗျာများ 
မိုးမခ
မေ ၁၂၊ ၂၀၂၁
-
ခက်သီ
(၁၉၇၆-၂၀၂၁)
ပွင့်မယ့်ပန်းတွေ ဆွံ့ကုန်ပေါ့။
သမိုင်း က
သူ့အိမ်ထဲဝင် တက်တူးထိုးသွားရဲ့။
ကဗျာဆရာကို သတ်မိတာ
ကံကြီးထိုက်ပြီ
ဆွေစဉ် မျိုးဆက်
သံသရာကြွေး ဆပ်ကြပေတော့။       ။

မောင်မှိုင်းလွင်(အင်းဝ)
၁ ၁ . မေ . ၂ ၀ ၂ ၁

.....

ရက် ၁၀၀
နှင်းခါးမိုး

နိုင်ငံတနိုင်ငံကိုထူထောင်ဖို့ နှစ်တစ်ရာ ကြာချင်ကြာမယ်
နိုင်ငံတနိုင်ငံကိုဖျက်ဆီးပစ်ဖို့တော့ ရက်ပေါင်းတစ်ရာလောက်ပဲလိုတယ်၊
အိပ်မပျော်တာ ဘယ်နှစ်ရက်ရှိပြီလဲ
အံကြိတ်တောက်ခေါက်ခဲ့ရတာ ဘယ်နှစ်ရက်ရှိပြီလဲ
ရင်ထဲဆို့နစ် မျက်ရည်ကျခဲ့ရတာ ဘယ်နှစ်ရက်ရှိပြီလဲ
ကြောက်စိတ်တွေနဲ့တုန်ရင်ခဲ့ရတာ ဘယ်နှစ်ရက်ရှိပြီလဲ
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း နှုတ်ခမ်းကိုဖိကိုက်ထားမိတာ ဘယ်နှစ်ရက်ရှိပြီလဲ
ပြန်မလာနိုင်တော့တဲ့သူတွေကို မျှော်နေမိတာ ဘယ်နှစ်ရက်ရှိပြီလဲ
ပြန်လာကြတော့မယ့်သူတွေကို မျှော်ကြရတာ ဘယ်နှစ်ရက်ရှိပြီလဲ၊
မိုးလင်းကတည်းက 
အဲဒီဖေဖော်ဝါရီ ၁ ရက်ကို ဘယ်လိုကုန်ဆုံးရမလဲလို့ စိတ်ပျက်လက်ပျက် ခက်ခက်ခဲခဲ အားတင်းလာခဲ့လိုက်ကြတာ
အခုတချို့ ဘယ်လိုနေရမလဲ သိခဲ့ကြသလို
အခုတချို့ ဘယ်လိုသေရမလဲ သိခဲ့ကြပြီ။

.....

၉. ၅. ၂၀၂၁ သူငယ်ချင်း
တိုးနှောင်မိုး

မင်းတွေးသလို
ငါလည်းတွေးခဲ့တာပဲ
ငါတွေးသလို
မင်းလည်း တွေးခဲ့တာပဲ
အခု မင်းသွားတဲ့လမ်း ငါလည်းဆက်လှမ်းရမှာ
တော်လှန်ရေးမှာ
အသက်ဆိုတာ
နိုင်ငံတော်အတွက် အုတ်ခဲတွေပဲ
သွေးတွေပေးရတာ
သိပ်မတန်ဘူး
ခွေးတွေအတွက်
ရယ်မောငိုကြွေးမိတယ်။ ။

9 May 2021

.....

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar