Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁၂ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁၂ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေလ ၁၂၊ ၂၀၂၁

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြတဲ့ ကြွေးကြော်သံကြားရင်လည်း ပုံမှန် အခြေအနေ၊ သေနတ်သံကြားရင် ကြောက်လန့်တာထက် ဘယ်အနားမှာ ဖြစ်တာလဲဆိုတာ စူးစမ်းမယ် သတင်းတွေ၊ မြို့နယ် သတင်းဂရုတွေမှာ သွားကြည့်ကြည့်မယ်၊ ဗုံးပေါက်သံကြားရင်ဘယ်လောက်ဝေးလဲ လူထိခိုက်တာ ရှိလားဆိုတာ သတင်းနားစွင့်မယ်၊ ရက်စက်တဲ့ ဖြိုခွဲမှု၊ ညှင်းပန်းမှု၊ သတ်ဖြတ်မှု အကြောင်း ကြားရင် ဒေါသထွက်မယ်၊ ဆဲမယ်၊ ရတဲ့နည်းနဲ့ တော်လှန်ဖို့ သံဓိဌာန်ချမယ် ဆိုတဲ့ဖြစ်ရိုးဖြစ်စဥ် လိုဖြစ်လာနေပါတယ်။

ဒါက မြို့မှာနေထိုင်သူတွေ ရဲ့ အခြေအနေပါ။ ကျေးလက်မှာနေသူတွေ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေမှာ နေသူတွေ ၊ စစ်တပ်နဲ့ ရဲကို ခုခံတိုက်ခိုက်တဲ့ ဒေသမှာနေထိုင်သူတွေ အဖို့က လူရာနဲ့ချီ၊ ထောင်နဲ့ချီ စစ်ရှောင် ၊ တိုက်ပွဲရှောင်ပြေးနေရတဲ့ အနေအထားမို့ သူတို့တွေရဲ့ အခြေအနေက မြို့ပေါ်က သူတွေထက် အပုံကြီးဆိုးတဲ့ အနေအထားဖြစ်ပါတယ်။

ဒီနေ့ သတင်းတွေမှာတော့ မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာ တွေဘက်က ကျေးရွာသူ ကျေးရွာသားတွေ တောထဲ တိမ်းရှောင်နေကြရတာ၊ စစ်ကောင်စီတပ်က ဝိုင်းပိတ်တိုက်ခိုက်လို့ လူငယ် ၆ ဦးကို ဖမ်းဆီးလိုက်တဲ့ သတင်းဓါတ်ပုံ ၊ ခုခံတိုက်ခိုက်သူတွေဘက်က အကျအဆုံးရှိတာ ဒဏ်ရာရသူရှိတဲ့ သတင်း၊ ကျေးရွာသား ၂၀၀ လောက်ကို ဖမ်းဆီးထားတယ် ဆိုတဲ့ သတင်း တွေက ဒီနေ့ သတင်းခေါင်းစီးတွေ ဖြစ်နေပါတယ်။

မြင်းခြံနယ်နဲ့ အလားတူ အဖြစ်အပျက်က စစ်ကိုင်းတိုင်းထဲက ကနီနယ်ဘက်မှာ တောထဲ တိမ်းရှောင်နေသူ ကျေးရွာသားတွေကို စစ်ကောင်စီတပ်တွေက လိုက်ရှာပြီး ယောကျင်္ားမှန်သမျှ ဖမ်းဆီးတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အထက်က ဒေသ ၂ခုလိုပဲ ခုခံတိုက်ပွဲ ဝင်နေတဲ့ ဒေသက ချင်းတောင်ပိုင်း မင်းတပ်ဒေသ၊ ချင်းပြည်နယ်နဲ့ အိန္ဒိယနယ်စပ် တမူးဒေသ၊ ပြည်နယ် မြို့တော် ဟားခါးတို့ပဲ ဖြစ်ပါတယ်။

မနေ့ကနဲ့ ဒီနေ့မှာ ချင်းပြည်နယ်ရဲ့ အဲဒီဒေသတွေမှာ စစ်ကောင်စီတပ်တွေကို ခုခံ တိုက်ခိုက်တာ၊ စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီး အသက်ဆုံးရှုံးတဲ့အထိ ရိုက်နှက်ညှင်းဆဲ သတ်ဖြတ်တာ၊ ပစ်သတ်တာတွေ ၊ ပြည်သူ့ကာကွယ်ရေး တပ်တွေက တိုက်ခိုက်လို့ စစ်ကောင်စီတပ်တွေဘက်က အသေအပျောက်တွေရှိတဲ့ သတင်းတွေလည်း သတင်းစာမျက်နှာတွေပေါ်မှာ ဖတ်ရှုရမှာပါ။ မင်းတပ်မြို့မှာတော့ ပြည်သူ့ကာကွယ်ရေး တပ်နဲ့ စစ်ကောင်စီ တပ်တွေ ညအထိ ပစ်ခတ်နေကြဆဲ ဖြစ်တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ခုလက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားက စစ်တပ်နဲ့ လုံထိန်းရဲတွေ၊ ရဲတွေဆိုရင် တိုက်ခိုက်ရမယ် ခုခံတွန်းလှန်ရမယ်ဆိုတဲ့ သဘောထား၊ အခြေအနေ ရောက်ရှိနေပြီး စစ်ကောင်စီတပ်တွေကလည်း မြေလှန်စနစ်၊ ဖြတ်လေးဖြတ်စနစ် ၊ နောက် အဖိုးတန်တဲ့ ပစ္စည်း ရိက္ခာပစ္စည်းတွေကို လုယက် သိမ်းယူတဲ့စနစ် စတာတွေ ကျင့်သုံးပြီး သမိုင်းမှာ ဖက်ဆစ်တပ်လိုမျိုးက ကျင့်သုံးတဲ့ အပြုအမူတွေကို ကျင့်သုံးနေတာလည်း ဖြစ်ပါတယ်။ ဆန္ဒပြမှုဖြစ်တဲ့ နေရာတဝိုက်မှာ ရပ်နားထားတဲ့ ဆိုင်ကယ် ဆို ဘယ်သူ့ဟာမဆို သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာ၊ ကားတွေဖျက်ဆီးတာ၊ ဆန္ဒပြသူမဟုတ်ပဲ မှားယွင်းဖမ်းဆီးသွားလည်း ငွေနဲ့ ပြန်ရွေးခိုင်းတာတွေက မြေလှန်စနစ်လို့ ခေါ်ဆိုရင်တောင် မဆီလျော်ပဲ မြေလှန်စနစ်ထက်ဆိုးတဲ့ ဓမြတိုက်၊ လုယက်တဲ့ လက်နက်ကိုင် အဖွဲ့တွေ အဖြစ်လို့သာ ခေါ်ဆိုနိုင်မယ့် အခြေအနေမျိုးပါ။ ဒီလို လူသတ်ဖို့ ဝန်မလေး၊ ပစ်သတ်ဖို့ ဝန်မလေး ၊ ဥပဒေမရှိ ဘာမှ လိုက်နာစရာမလိုတဲ့ လက်နက်ကိုင်တပ်တွေကို ဒေသအလိုက် လူထုက ရှိတဲ့ လက်နက်နဲ့ ခုခံတိုက်ကြရမယ် ဆိုတဲ့ ခံယူမှုမျိုးဝင်လာပြီး တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ ဆန္ဒပြမှုက ပုံစံပြောင်းလဲသွားပြီး လက်နက်ကိုင် ရမ်းကားတဲ့ အဖွဲ့ကို ဆန့်ကျင်ခုခံကြတာမျိုး ဖြစ်လာနေပါတယ်။

ဒီနေရာမှာ အခုလို သူ့ဒေသအလိုက် ခုခံတိုက်ခိုက်နေကြတဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေကို စီအာရ်ပီအိတ်ချ် အနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့ စုစည်းပေးတာ၊ ဦးဆောင်မှုပေးတာ၊ အချိန်ကိုက် ဖြစ်ဖို့အတွက် ညှိနှိုင်းတာ၊ ကူညီတာတွေ လုပ်ပေးဖို့ လိုအပ်မယ်လို့ ထင်မြင်မိပါတယ်။ ဒေသအလိုက် သူ့သဘာဝအလျောက် ဖြစ်ပျက်နေတဲ့ သဘောသဘာဝထက် ညှိနှိုင်းမှုရှိသော စုစည်းမှု ရှိသော အချိန်ကိုက်မှုရှိသော ဦးဆောင်မှုရှိသော အဖြစ်အပျက်များအဖြစ် ဖေါ်ဆောင်နိုင်ဖို့ လိုအပ်မယ်လို့ ယူဆမိပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ ဒီဖြစ်ရပ်တွေကို သဘာဝအလျောက် ဖြစ်နေတဲ့ အဖြစ်အပျက် အနေမျိုးထက် စုစည်းမှုရှိတဲ့ ချိတ်ဆက်မှုရှိတဲ့ လှုပ်ရှားမှုအဖြစ် အသွင်ပြောင်းလဲဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ခုခံမှု သတင်းတွေ အပြင် အခြား အရေးကြီးတဲ့ သတင်းတွေကတော့ ဘဏ်အပ်ငွေ ထုတ်ယူတဲ့ တန်းစီတာတွေက အခြေအနေပိုပြီး အသည်းအသန် ဖြစ်လာနေတာ၊ ဒေါ်လာ စျေးမကြုံဖူးလောက်အောင် မြင့်တက်တာ၊ ရွှေစျေး စံချိန်တင် မြင့်တက်တဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။

တိုက်ပွဲသတင်းတွေက လူတွေရဲ့ အသက်နဲ့ ရင်းနှီးရတဲ့ ဖြစ်ရပ်တွေမို့ အရေးကြီးသလိုပဲ စီးပွားရေး သတင်းကလည်း လူပေါင်းများစွာရဲ့ အသက်မွေးမှု၊ ရိက္ခာ၊ အသက်ရှင်ရပ်တည်မှုအတွက် အရေးကြီးတာမို့ မြန်မာ့စီးပွားရေး အခေြအနေက အချက်ပေးခေါင်းလောင်းသံ မြည်နေတဲ့ အဆင့်မျိုးရောက်နေပြီဆိုရင် မှားမယ် မထင်ပါဘူး။ CDM လုပ်ခါစမှာ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေကို CDM လုပ်ဖို့ CRPH က နှိုးဆော်ခဲ့ကြပါတယ်။ စစ်ကောင်စီက ဘဏ်တွေကို ကန့်သတ်မှုတွေပြုလုပ်ပြီး တုန့်ပြန်ခဲ့တဲ့နောက် မြန်မာပြည်သူတွေအတွက် ငွေကြေးအကြပ်အတည်းကို ရင်ဆိုင်ကြရတာဖြစ်ပါတယ်။ ငွေကြေးမစီးဆင်းလို့ မလည်ပတ်တော့လို့ အကြပ်ဆိုက်နေတာ စစ်ကောင်စီလား၊ မြန်မာပြည်သူတွေကိုယ်တိုင်လားဆိုတာ ဒီအချိန်မှာ လွယ်လွယ်ဖြေဆိုနိုင်မယ့် မေးခွန်းမဟုတ်တော့ပါဘူး။

ဘဏ်ပြိုလဲမယ် မလဲဘူးဆိုတာထက်ကို အခုအဖြစ်အပျက်က ငွေလည်ပတ်မှုကို ရပ်ဆိုင်းစေပြီး စီးပွားရေးစနစ်ကြီးတခုလုံးကို ယိုင်လဲ ၊ ပြိုလဲစေနိုင်ပါတယ်။ စစ်ကောင်စီရဲ့ မိုက်မဲမှုက နိုင်ငံရေးပြဿနာကို စီးပွားရေးပြဿနာကပ်အဖြစ် ပြောင်းလဲလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။

ယုံကြည်မှုပျက်ပြားလာတာကို ယုံကြည်မှုတည်ဆောက်ဖို့ အာမခံဖို့ထက်ကို အရေးယူဖို့ ဖမ်းဖို့ ကန့်သတ်ဖို့ ဆိုတဲ့ ပြဿနာကို ပိုကြီးစေမယ့် ကိုင်တွယ်မှုမျိုးတွေ နဲ့ကိုင်တွယ်နေတာက တပူပေါ် နှစ်ပူဆင့်၊ ဗူးလေးရာ ဖရုံဆင့် ဖြစ်စေမယ့်သဘောပါ။

ဘဏ်ပြိုလဲတာနက် တပြိုက်နက် ငွေကြေးစနစ်ပါ ပြိုလဲမည်လား၊ ဘဏ်ထဲက လူထုအပ်ထားတဲ့ ငွေတွေ အမြောက်အများ ဆုံးရှုံးသွားကြမည်လား၊ ဘယ်အာဏာပိုင်အဖွဲ့အစည်းက ငွေကြေးစနစ်နဲ့ လူထု၏ ကိုယ်ပိုင်ဘဏ္ဍာကို အာမခံချက်နဲ့ အကာအကွယ်ပေးမှာလဲ ဆိုတာကလည်း စောင့်ကြည့်လေ့လာရမယ့် သမိုင်းသင်ခန်းစာဖြစ်လာပါလိမ့်မယ်။

တိုက်ပွဲ၊ ပဋိပက္ခ၊ စီးပွားရေးသတင်းတွေ အပြီးဒီနေ့ အခြားသတင်းတပုဒ်ကတော့ ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၄၀ ကျော်အနက်က ပြည်မြို့ အခြေစိုက် သတင်းထောက် ကိုမင်းညိုကို ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ အဆိုပါပုဒ်မနဲ့ ပြစ်ဒဏ် အမြင့်ဆုံး ၃ နှစ် ချမှတ်လိုက်တာ ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ပထမဆုံး ထောင်ဒဏ် အပြစ်ပေးခံရတဲ့ သတင်းထောက် ဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာပြည်အတွက် အလိုအပ်ဆုံးနေရာကဏ္ဍတွေကတော့ CDM တွေ တောင့်ခံကြဖို့၊ စစ်ကောင်စီဖိနှိပ်မှုကြောင့် နစ်နာဆုံးရှုံးနေသူတွေ တိမ်းရှောင်နေသူတွေကို ကူညီထောက်ခံကြဖို့နဲ့ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ခုခံပေးမယ့် ပြည်သူ့ကာကွယ်ရေး လုံခြုံရေးအဖွဲ့တွေကို ထောက်ခံကြဖို့ ဦးစားပေးအဆင့်တွေရှိရန် ထင်မြင်ချက်တွေပေးကြပါတယ်။ တော်လှန်ရေးအတွက် နောက်ထပ် ရက် ၁၀၀ သာမက ရှေ့၆ လ (ရက်ပေါင်း ၁၈၀) အတွက်ကို ကြိုတင်ပြင်ဆင်ကြရန်၊ ရင်ဆိုင်ကြရန် စဉ်းစားဆွေးနွေးကြတယ်လို့ ပြည်တွင်းက မြန်မာအချို့က ပြောကြပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar