Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ- မောင်မှိုင်းလွင်(အင်းဝ)၊ ဖူးကြည်ညို (ကရင်အမျိုးသားစာဆို)

Art- Than Htay Maung 

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဇွန် ၁၊ ၂၀၂၁
-
*Big Bang*


လမ်းမအားလုံး ခုံးထလာပြီး
လူအုပ်ကြီး ဖြစ်သွားတော့တယ်။
ရဲရဲနီစွေး သတ္တိတွေ
တစက်ချင်း တစက်ချင်း ခြယ်သ
သမိုင်း တပ်ဦးမှာ
မြင့်မြင့်မားမား တလူလူလွင့်။
သုံးခွခက်ရင်းများ
ပြိုင်တူမြှောက်ကြ ကြုံးဝါးကြ
ခြေသံပြင်းပြင်း ချီတက်ကြ
ကိုယ့်မနက်ဖန် ကိုယ်ဖန်ဆင်းကြ။
အဟောင်းအမြင်းတွေကို ယမ်းနဲ့ထောင်း
ပြောင်းမှာထည့် ကျည်စေ့ထည့်
တူမီးတချက် ဖောက်လိုက်ပြီ
အသံဘယ်လောက် ပြင်းလိုက်သလဲ
အဲဒါ "Big Bang"
အိုးသစ် အိမ်သစ် တည်ကြစို့။       ။

မောင်မှိုင်းလွင်(အင်းဝ)
၃ ၀ . ၅ . ၂ ၀ ၂ ၁

......


ဇစ်မြစ်များ


အချိန်တန်တော့
ဖားလားငါးလား
ကွဲပြားသိသာ ပြောင်းလဲလာ၏

အချိန်တန်တော့ 
ဆက်ရက်လေလား ချိုးလေလား
ကွဲပြားသိသာ အရောင်ကွာ၏

အချိန်တန်တော့
ဥသြငှက်လား ကျီးကန်းလား
ကွဲပြားသိသာ အသံကွာ၏

အချိန်တန်တော့
ခွပ်ဒေါင်းပျိုလား လင်းတလား
ကွဲပြားသိသာ စရိုက်ကွာ၏

လောကကြည့်မှန် အချိန်တန်တော့
ဟန်ဆောင်သမျှ ဇာတိပြ၏
မင်းကဘယ်သ ငါဘယ်သူ
ပေါ်လာစမြဲ ကွဲပြားမြဲ။

သြော် ... 
ရာသီကာလ
အချိန်ကျလျှင် ဗီဇသွင်ပြင်
ဖုံးကွယ်ချင်လည်း သွင်ပြင်မူလ
သဘာဝနှင့် အကျင့်စရိုက်
မျိုးစဉ်လိုက်သည် ရူးမိုက်ကျင့်ထုံး
ယုတ်နှလုံးကား
နိဂုံးမလှပနိုင်ပါတကား။ ။ 

ဖူးကြည်ညို 
(ကရင်အမျိုးသားကဗျာဆရာ)

- - 

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar