နိုင်မင်းညို မြစ်ခြေ - ခပ်ညံ့ညံ့ကောင်
နိုင်မင်းညို မြစ်ခြေ
(မိုးမခ) ဇွန် ၁၊ ၂၀၂၁
(၁)
အမည်နေရပ်လိပ်စာမပါတဲ့ခိုတွေ တိုက်အို၊ အိမ်အိုများပေါ်နဲ့ဓာတ်ကြိုးအဆွေးတွေပေါ်မှာ ခိုနား ညည်းညူ လှုပ်ရှားနေကြတယ်။
ခပ်ညံ့ညံ့ငုဝါပန်းလေးများဟာ တစ်နွေလုံးဝါထိန် ရက်စက်စွာ လှပလို့။ (အေး•••ငုဝါဆိုတာ ငါ့ရင်တစ်ခွင်လုံး ဝါထိန်နေတဲ့ အလွမ်းဖြစ်ကောက်ကြောင်းလေးပဲ)။
"ဟော ...ငါသာ"
ခပ်ညံ့ညံ့လက်ဖက်ရည်ဆိုင်လေးမှာတော့ တစ်ကိုယ်တည်း ကြာရှည်စွာနေထိုင်တတ်လာတာ နှစ်ပေါင်းမနည်းရှိခဲ့ပြီ။
ပြာဝေနေတဲ့ သစ်ပင်တွေရေ သာလွင်လှပတဲ့ငြိမ်းချမ်းရေးငှက်ကို မင်းတို့တွေ့မြင်မိပါရဲ့လား။ ငါ့နိုင်ငံဟာ ခုထိ မဟော်သဓာ သားတရားစီရင်ခန်းကိုဆင်နွှဲနေရတုန်းပဲ။ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် အဖြေဟာရှင်းနေပေမယ့် ရောက်မလာနိုင်သေးတဲ့ကိုယ်ချင်းစာတရားဟာ ငါ့နိုင်ငံရဲ့အာဏာရူးတွေဆီမှာပျောက်ဆုံးလို့နေရော့တယ်။
(၂)
ဘယ်ကို ပြန်သွားမှာလဲ။ ခေတ်အိုခေတ်ပျက်ကြီးထဲကိုလား။ ပြောင်းဆန်လေးစားရဖို့အသနားခံပြီးမှရတဲ့ အတိတ်ညစ်ထေးထေးတွေဆီကိုလား။ ရထားလမ်းဖောက်ဖို့ဆိုပြီး တစ်အိမ်တစ်ယောက်လာခေါ်သွားမယ့် အကြင်နာတရားခေါင်းပါး ရက်စက်မှုတွေဆီလား။ ညကြီးမင်းကြီး မေအေ နှမအရွယ်မချန် ခြင်ထောင်လှန်ပြီး ဧည့်စာရင်းလာစစ်မယ့်ရိုင်းပြမှုဆီလား။ ပြောပါ့ဦး ကြက်ဆူပင်တွေကို နောက်တစ်ကြိမ် စိုက်ပျိုးမလို့လား။
အထက်ဖားအောက်ဖိ ငွေကြေးနဲ့ကျွန်ဝယ်တဲ့ခေတ်ကိုပြန်ရောက်ချင်လို့လား။
လား ...လား...လား ...။ အဲ့ဒီလိုပျက်ဟောင်းဆွေးရိနေတဲ့ လားပေါင်းများစွာ မေးခွန်းအစုတ်ပလုတ်တွေဆီကိုလား။
ငါ့နားထဲမှာတော့ ပျံဝဲဆူညံနေတဲ့ အပုပ်ကြိုက်ယင်ကောင်တွေနဲ့ ပေါရိသာရလိုလူသားတွေဟာ ကျွန်အဖြစ်ကိုမက်မောနေကြတာ ငါကြားမြင်နေရတယ်။
ငါ့နိုင်ငံမှာ
သူတို့ ဘယ်ကိုသွားကြမှာလဲ။
(၃)
ဧရာဝတီမြစ်ထဲ ဆန်တက်နေတဲ့စစ်သင်္ဘောကြီးတွေကိုမြင်တော့ ငါ့အဖေနှုတ်ဖျားကလန့်ထွက်လာတဲ့အသံဟာ "ဟ...ဘယ်သွားမှာတုန်း" တဲ့။
ဒီစစ်သင်္ဘောကြီးတွေဟာ ငါတို့နိုင်ငံရဲ့ငွေတွေနဲ့ဝယ်ထားပဲ။ ငါတို့ပြည်သူတွေကိုကာကွယ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကြီးကြီးနဲ့ဝယ်ထားတာပဲ။
ကိုယ့်ပြည်သူ့အတွက် အသက်ပေးမယ်ဆိုတဲ့ စစ်သင်္ဘောကြီးတွေပဲ။ ငါငေးကြည့်ရင်း တွေဝေနေမိတယ်။ စစ်သင်္ဘောကြီးတွေဟာ နိုင်ငံ့ကျွန်ဖြစ်ရမယ့်အစား အာဏာရူးကျွန်ကြီးတွေဖြစ်လို့နေရော့တယ်။
(၄)
"ထွီ...မုန်းလိုက်တာကွာ ကမ္ဘာမကြေဘူးဟေ့"
ငါ့သူငယ်ချင်းဆီကထွက်လာတဲ့အသံဟာ နာကျင်မှုကို မီးညှိယူထားရတာပဲ။ ခွေးကောင်တွေက ဒုက္ခထပ်ပေးပြန်ပြီဆိုတဲ့အန်တီကြီးဆီက ပူဝေနေတဲ့ အသံဟာ နိုင်ငံတစ်ခုရဲ့နာမကျန်းမှုပဲ။
၂၀၂၁ မှာ ငါတို့ဟာ ကိုယ့်တွေ့ပဲ။ ငါ့ဘေးနားကချီတက်လိုက်ပါလာသူ ကလေးငယ်ကိုကြည့်ပြီး ငါ့ရင်ထဲမှာ နာကျင်ကိုက်ခဲလာတယ်။ "ကလေးငယ်ဟာ ငယ်ရွယ်လွန်းသော ကြယ်ကလေးငယ်သာဖြစ်ရဲ့ "ငါ့ရင်ထဲမှာတောက်ခေါက်သံတွေ ပေါက်ကွဲလွင့်စဥ်နေပါတယ် ကြယ်ကလေးငယ်ရယ်။
ခပ်ညံ့ညံ့လူယုတ်တွေရဲ့ပြောင်းဝဟာ နိုင်ငံ့ဦးခေါင်းကိုချိန်ရွယ်ထားတယ်။ ပညာတတ်တွေကို သံတိုင်တွေရဲ့နောက်ကွယ်မှာ အမှောင်ချထားရဲ့။ ဘီလူးစိတ်ဝင်နေတဲ့ဗိုလ်စုတ်ဟာ ဗိုလ်လုပ်ချင်နေတဲ့ နေ့အပျက်တွေထဲမှာ ဘယ်ပန်းဟာ ရနံ့သင်းဖြာ လန်းနိုင်ပါ့မလဲ။ မေးခွန်းတွေဟာ ငါ့ဦးခေါင်းထဲမှာ အိမ်ခြေယာမဲ့လို့။
(၅)
အမေဟာ ညစဉ်ညတိုင်း ဘုရားစင်ရှေ့မှာ မေတ္တာပို့ ဆုတွေတောင်းတယ်။ ခုနှစ်ရက်သားသမီးတွေ ဘေးမသီ ရန်မခဖို့ ဘုရားဆီကတောင်းဆိုနေတော့တယ်။
မြို့ရဲ့လမ်းတွေပေါ် အမှောင်ထဲ ဖယောင်းတိုင်ငယ်လေးတွေထွန်းကြလို့။ လက်ဖက်ရည်ဆိုင်နဲ့ အရက်ကြမ်းဆိုင်လေးတွေမှာ အခြေခံလူတန်းစားတွေဟာ သောကတွေကိုမှုတ်ထုတ်လို့နေရော့တယ်။ (ပါးစပ်ကလည်း ခွေးကောင်ကွာ၊ ခွေးကောင်ကွာလို့ တဗျစ်တောက်တောက် ရေရွတ်လို့နေရော့တယ်)
စာသင်ခန်းထဲက ဆရာ ဆရာမနဲ့ကျောင်းသူကျောင်းသားတွေဟာ ကျောင်းခန်းထဲက ထွက်လာကြတယ်။
တချိူ့ကဗျာဆရာတွေဟာ သဲမြေလွှာကို အိပ်ရာခင်းလို့အိပ်ကြရင်း ကောင်းကင်ကြယ်တွေငေးမောမှင်သက် အလွမ်းသီချင်းကိုဆိုကြလို့။
ငါ့မှာသာ ငါတစ်ယောက်တည်း သွေးကြောင်နေတဲ့ ငါ့နှုတ်ခမ်းသားကိုကိုက်ခဲထားရင်းက။
ငါဟာ ခပ်ညံ့ညံ့အတွေးသမားပဲ။ တောင်လေ မြောက်လေ လေနေတဲ့လှဲမှိုပွင့်လေးဟာငါပဲ။ နိုင်ငံတစ်ခုရဲ့ ရေပေါ်ဆီအမှိုက်ကလေးဟာ ငါပဲလားလို့ သေချာစဉ်းစားကြည့်နေမိတယ်။ တကယ်ပါ။ ငါ့လက်ထဲမှာ အမှန်တရားအတွက် ခုထိဓားကိုမကိုင်ရဲသေး•••။
နိုင်မင်းညို မြစ်ခြေ
30•5•20201တနင်္ဂနွေ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar