Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေ ၃၁၊ ၂၀၂၁

စစ်ကောင်စီအာဏာသိမ်းတာ ၄လ မြောက်တဲ့နေ့ ဖြစ်ပါတယ်။ ခုချိန်ထိ စစ်အာဏာသိမ်းအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုခြင်း မခံရပါ။ ပြည်တွင်းက ပြည်သူတွေတရပ်လုံးကလည်း စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်မပြုပါ။ ခုချိန်ထိ သပိတ်လက်နက်၊ ရရာလက်နက်၊ တူမီး လက်လုပ်ဗုံး၊ ဒါး လှံ လေး မြားအပါအဝင် တော်လှန်နေကြတာ ခုချိန်ထိ စစ်ကောင်စီသည် တိုင်းပြည်ကို အုပ်ချုပ်စီမံခွင့် လုံး၀မရှိသေးပါ။ CDM သပိတ်တိုက်ပွဲနဲ့ ဝန်ထမ်းတွေက စစ်ကောင်စီကို ပထမအချီမှာ အလဲထိုးတယ်။ စစ်ကောင်စီက ဒုတိယအချီမှာ ပြန်တိုက်စစ်ဆင်တယ်။ လမ်းပေါ်သပိတ်တိုက်ပွဲတွေ ခုခံမှုတွေက ဒုတိယအချီမှာ စစ်ကောင်စီကို အလဲထိုးပြန်တာပဲ။ စစ်ကောင်စီက မလျော့ဘဲ တတိယအချီ ဆက်ထိုးတယ်။ မြို့ပြနဲ့ ကျေးလက်အထိ ရရာလက်နက်စွဲကိုင်တွန်းလှန်စစ်တွေ ဖြစ်လာတယ်။ စစ်ကောင်စီပဲ အထိနာပါတယ်။ အခု စစ်ကောင်စီက ကျောင်းတွေ ဖွင့်ပြီး မိဘတွေ ကျောင်းသားလူငယ်တွေကို သွေးခွဲ ဖြိုခွင်းဖို့ ကြိုးပမ်းပြန်ပါတယ်။ မိဘတွေ ကျောင်းသားတွေကလည်း CDM ပဲ။ စာသင်ကျောင်းတွေ စည်စည်ကားကားပြန်မဖွင့်နိုင်တဲ့အတွက် စစ်ကောင်စီလည်း စတုတ္ထအချီမှာလည်း အထိနာသွားပြန်ပါတယ်။

ဒီကြားထဲ ကြားပွဲထိုးနေတာက CDM ဘဏ်တွေ အကြပ်အတည်း ဖြစ်ပါတယ်။ ငွေကြေးစီးဆင်းမှုဟာ စစ်ကောင်စီကော ပြည်သူတွေအတွက်မှာပါ အထိနာပါတယ်။ ဒေါ်လာနဲ့ ယှဉ်ရင် ငွေစျေးက ကျနေတဲ့အပြင် ငွေလွှဲခ အညွန့်ခူးစားနေတာကြောင့် ငွေလည်ပတ်မှုဟာ မသွက်လက်တော့ပါ။ CDM ဝန်ထမ်းတွေကို ပြည်သူတွေ၏ထောက်ပံ့ကူညီမှုတွေဟာ ဘဏ်စနစ် ကျရှုံးနေမှုကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြည်သူတွေထက် အထိနာတာက စစ်ကောင်စီနဲ့ စစ်အုပ်ချုပ်ရေးစနစ် ဖြစ်ပါတယ်။ သူတို့၏ လစာပေးချေမှု အခွန်ကောက်ခံမှု ယန္တယားလည်ပတ်မှုတွေအားလုံးဟာ CDM ဘဏ်စနစ်ကြောင့် အသက်ဆက်ရုံ လည်နေရပါတယ်။ နောက်ထပ် တချီထပ်ထိုးနိုင်တာက ေတာ့ စီးပွားရေး ကုန်သွယ်ရေး ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို စစ်ကောင်စီက တိုက်ရိုက် ငွေညှစ်တာ၊ အနိုင်ကျင့်တာ၊ သွေးခွဲစည်းရုံးပြီး စစ်ကောင်စီလည်ပတ်မှုကို ဖိအားပေးတောင်းဆိုတာ ဖြစ်နိုင်ပါတယ်။ အဲသည်တချီထိုးကြရင် စီးပွားရေး CDM မှတ်ကျောက်တင် မတင်ကို စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

နောက်တချီတမောင်း ထိုးကြရမယ့် ပွဲတပွဲကတော့ ကိုဗစ်နဲ့ ပြိုလဲလုလု ကျန်းမာရေး စနစ် ဖြစ်ပါတယ်။ တတိယကိုဗစ်လှိုင်းမှာ အာရှက အိန္ဒိယအထိနာပါတယ်။ အိန္ဒိယနယ်စပ်က ဝင်လာလို့ ကူးစက်လူနာ ၃၀၊ ၄၀ လောက် ရှိတယ်လို့ ကျီခါးက ဆေးရုံသတင်းက ဆိုတယ်။ ကျန်းမာရေးဝန်ထမ်းအခက်အခဲရှိနေတယ်။ စစ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းက မြို့ကြီးတွေဖြစ်တဲ့ မုံရွာ၊ မန္တလေးကို ကူးစက်လာနိုင်သလို၊ တနင်္လာရီတိုင်းဘက် ထိုင်းနယ်စပ်ဖြတ်ကျော် ကူးစက်မှုတွေလည်း ပြန့်လာနိုင်သလားလို့ မေးခွန်းတွေ ရှိပါတယ်။ စစ်ကောင်စီမှာ အဘက်ဘက်က ယန္တယားများ ကျရှုံးနေတာမို့ ကျန်းမာရေးပြိုလဲတာကို သူထောင်မတ်နိုင်မှာမဟုတ်တဲ့အပြင် ပြည်သူတွေကိုယ်တိုင်ကလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာအကူအညီ တောင်းခံ ရယူနိုင်ဖို့ ပြင်ဆင်ထားကြရမယ် ထင်ပါတယ်။

စစ်အာဏာသိမ်းပြီး လေးလမြောက်လည်း ဖြစ်တယ်။ နွေဦးတော်လှန်ရေးကာလ ၄ လ မြောက်လို့လည်း ထပ်တူ ပြုနိုင်ပါတယ်။ ပြည်သူတွေကတော့ နယ်မြေခံ မြို့နယ်ကျေးရွာ အခြေပြု PDF အဖွဲ့တွေ၏ တွန်းလှန်တိုက်ခိုက်မှုတွေကို နားစွင့် ဂုဏ်ယူကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက စစ်ကောင်စီကို တိုက်ရိုက်ထိပ်တိုက်တွေ့ တိုက်ခိုက် နှိမ်နင်းတာကို အားပေးထောက်ခံကြပါတယ်။ ဖေ့စ်ဘွတ်မှာ ပြည်သူတွေ အားပေးကြမ်းတာကတော့ ဒေါက်တာဆာဆာနဲ့ ဒေါက်တာဇော်ဝေစိုးတို့၏ ပို့စ်တွေ ဖြစ်ပါတယ်။ ဒေါက်တာ ၂ ဦး၏ ပြည်သူတို့ထံ ပေးစာတွေ ဖတ်ပြီး လူတွေက အားတက်ကြတယ် ဆိုပါတယ်။ ကိုယ့်အနီးဝန်းကျင်က သပိတ်တိုက်ပွဲဝင် ရဲဘော်တွေ စစ်ဘေးရှောင်တွေ CDM မိသားစုတွေကို တယောက်တလက် ဆက်လက် ကူညီ အားပေးနေကြပါတယ်။ လူထုက ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေးဌာနက ဝန်ကြီးတွေက ပြည်သူတွေကို တိုက်ရိုက် စကားပြောဆို လမ်းညွန်မှုတွေ အားပေးစကားတွေကို မျော်လင့်ကြတယ်လို့ ဆိုပါတယ်။ ဒုတိယသမတနဲ့ ဝန်ကြီးချုပ်တို့က လူထုကို တိုက်ရိုက်စကားပြောဆိုတာကို နားထောင်ချင်ကြပါတယ်။ ယခုတော်လှန်ရေးမှာ ပြည်သူတွေက အငတ်ငတ် အပြတ်ပြတ်နဲ့ သွားလဲ ဒီစိတ် စားလဲ ဒီစိတ်နဲ့ တော်လှန်ရေးကို အထိရောက်ဆုံး အဆုံးထိဆင်နွှဲကြဖို့ အားမာန်တွေ တင်းထားကြပြီးသား ဖြစ်ပါတယ်။ လူထုက တော်လှန်ရေးလှိုင်းကို အမြင့်မားဆုံး လွှင့်ထူဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ အဲသည်အတွက် ဘာမဆို စွန့်လွှတ် ပေးဆပ်နေကြတာကို သည်လေးလမြောက်မြင်ကွင်းမှာ ထင်ထင်ရှားရှားကြီးကို မြင်တွေ့နေရပါကြောင်း တင်ပြလိုက်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar