Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၁၀ ရက် မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၁၀ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၁၀၊ ၂၀၂၁

မြန်မာနိုင်ငံရဲ့ ဒီနေ့ သတင်းကိုလွှမ်းမိုးသွားတာကတော့ ပြင်ဦးလွင် အနီးစခန်း လေယာဥ်ကွင်းမှာ စစ်တပ်ပိုင် လေယာဥ် အဆင်းမှာ ပျက်ကျတဲ့ သတင်းပဲဖြစ်ပါတယ်။ စစ်တပ်လေယာဥ် ပျက်ကျတယ်ဆိုတဲ့ သတင်းကြောင့် စစ်တပ်ကို မုန်းတီးနေကြတဲ့ လူပရိသတ်အများက ကြားကြားချင်းဝမ်းသာ ကြတာတွေ့ရပါတယ်။ နောက် သတင်းအချက်အလက်တွေ ဆက်ထွက်ပေါ်လာတဲ့အခါမှာတော့ ပျဥ်းမနားမြို့ မဟာဝိသုတာရာမ စျေးကုန်းကျောင်းဆရာတော် နဲ့ အခြားဆရာတော်တပါး အပါအဝင် ကုမ္ပဏီပိုင်ရှင်မိသားစု အခါတော်ပေး သူတဦးတို့ နဲ့ စစ်လေယာဥ်အမှုထမ်းတွေလို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။

ပြင်ဦးလွင်မြို့နယ်ထဲမှာ မဟာဝိသုတာရာမ ကျောင်း တိုက်ခွဲ ပန္နက်ချပွဲကို အသွားမှာ အခုလို လေယာဥ်အဆင်း ပျက်ကျတာလို့ ဆိုပါတယ်။ လေယာဥ် ပျက်တဲ့သတင်းနဲ့ပတ်သက်လို့ ဆိုရှယ်မီဒီယာမှာရေးသားကြတာတွေ ကို လေ့လာကြည့်ရင် မြန်မာ့လူမှု အသိုက်အဝိုင်း အနေနဲ့ စစ်တပ်ကို ဘယ်လောက်မုန်းတီးနေသလဲ ဆိုတာကို အကဲခတ်နိုင်ပါတယ်။

အစိုးရအဆက်ဆက်နဲ့ စစ်တပ်ခေါင်းဆောင်တွေလည်း ကိုးကွယ်တဲ့ ဆရာတော်ကြီး တပါး လေယာဥ်ပျက်ကျမှုကြောင့် ပျံတော်မူရတဲ့ အဖြစ်အပျက်အတွက် ဝမ်းနည်း သံဝေဂ ယူကြတာမျိုးထက် စစ်လေယာဥ်ပေါ်ပါသွားတဲ့ လေတပ်က စစ်အရာရှိနဲ့ အကြပ်တပ်သားတွေ သေဆုံးလို့ ဝမ်းသာကြတယ်ဆိုတဲ့ မှတ်ချက်တွေ ရေးသားချက်တွေ ပလူပျံနေတာတွေ့ရမှာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ နိုင်ငံရေးမှာပါဝင်နေမှုဟာ တလျှောက်လုံး ကြုံတွေ့လာတဲ့ နိုင်ငံရေးအရ အနိုင်ကျင့် ထားတာဖြစ်ပြီး မကြာသေးခင်က စစ်အာဏာသိမ်းမှု ဖြိုခွဲမှု သတ်ဖြတ်နှိမ်နှင်းမှု လုယက်မှုတွေက က လူမှုအသိုက်အဝိုင်းရဲ့ စိတ်ပိုင်းဆိုင်ရာကို ကြီးမားတဲ့ ဒဏ်ရာ ရစေခဲ့တဲ့ သဘောအကဲခတ်မိပါတယ်။

ဒီနေ့ညနေပိုင်း အခြားသော သတင်းတပုဒ်ကတော့ ကြံ့ခိုင်ရေးပါတီရဲ့ အမတ်ဟောင်း ဖြစ်သူ ဦးနေမျိုးအောင် ဗိုလ်တထောင် ဘုရားအနီးက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေစဥ် သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတဲ့ သတင်းပဲ ဖြစ်ပါတယ်။ မကြာသေးမီကပဲ ဘီးလင်းမြို့မှာ မြို့နယ် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တဦးကို ခြံအသွား လမ်းမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရ သေဆုံးပြီး ဇနီးဖြစ်သူပါ သေနတ်ဒဏ်ရာနဲ့ ဆေးရုံတင်ခဲ့တဲ့ သတင်းတွေ ဖေါ်ပြခဲ့ကြပါတယ်။ ကြံ့ခိုင်ရေးပါတီဝင်တွေ တာဝန်ရှိသူတွေ ကိုယ်စားလှယ်ဟောင်းတွေ ပစ်မှတ်အဖြစ် ဖြစ်လာနေပြီး စစ်အာဏာသိမ်းပြီးနောက် လုပ်ကြံမှုကေြာင့် သေဆုံးသူ ၇၀ ကျော်ပြီလို့လည်း ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တယောက်က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်ဝန်းကျင်ကပဲ ကျောက်မြောင်းရပ်ကွက်မှာ အမျိုးသမီးအုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ခဲ့သလို မွန်ပြည်နယ် ဘုရားသုံးဆူမြို့မှာလည်း မွန်ညီညွတ်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း (ဟောင်း) ကိုလည်း ညနေဘက် အိမ်အပြန်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

အထက်ကအဖြစ်အပျက်တွေ အတွက် လက်သည်တရားခံ ဖေါ်ထုတ်နိုင်ခြင်း မရှိသေးသလို ဘယ်အဖွဲ့အစည်းကမှ ၄င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြောတာမျိုးလည်း မရှိပါဘူး။ လက်နက်နဲ့ မြို့ပေါ်မှာ ပစ်ခတ်မှုတွေ၊ ဗုံးနဲ့ ဖေါက်ခွဲလုပ်ကြံမှုတွေ အားလုံးနီးပါး ယခုအချိန်ထိ ဘယ်သူဘယ်ဝါ လုပ်တယ်ဆိုတာ ထုတ်ဖေါ်ပြောဆိုကြတာမတွေ့ရပါဘူး။ မကြာခင်ကာလတွေမှာ လုပ်ကြံမှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်သလို လက်စားချေမှုတွေ ၊ ရမ်းသမ်းဖမ်းဆီးမှု၊ ကြမ်းတမ်းစွာ လက်တုံ့ပြန်မှုတွေ ဖြစ်လာနိုင်ခြေတွေလည်း ရှိနေပါတယ်။

မြို့ကြီးမြို့ငယ်မရွေး မြို့နဲ့ ကျေးလက်မရွေးပဲ အကြမ်းဖက်မှုတွေ လက်စားချေမှုတွေ လက်တုံ့ပြန်မှုတွေ ဆက်တိုက် ဖြစ်ပေါ်လာနိုင်ခြေရှိနေပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ သပိတ်ဆန္ဒပြမှု စီတန်းလှည့်လည်မှု ခုခံမှုတွေကို ကြမ်းတမ်းရက်စက်စွာ ဖြိုခွဲမှု နှိပ်ကွပ်မှုတွေက အခုလို လုပ်ကြံမှုတွေ လက်တုံ့ပြန်မှုတွေကို စေ့ဆော် မွေးထုတ်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။

ရှေ့လာမယ့် ကာလတွေမှာ မြို့တွေမှာရော ကျေးရွာတွေမှာပါ လက်နက်နဲ့ လုပ်ကြံမှုတွေ လက်စားချေမှုတွေ တိုးပွားလာနိုင်သလို ဒေသအလိုက်ဖွဲ့စည်းထားကြတဲ့ လက်နက်ကိုင် တပ်ဖွဲ့အလိုက် စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေကို ပျောက်ကြားသော်လည်းကောင်း တနေရာရာမှာ အခြေချပြီးသော်လည်းကောင်း တိုက်ခိုက်ကြတာတွေ ဖြစ်လာနုိင်ချေ ရှိနေတာလည်း ဖြစ်ပါတယ်။

ဒီနေ့ အခြားသော သတင်းတွေကတော့ လွိုင်ကော်၊ ဒီးမော့ဆို အပါအဝင်ကယားပြည်နယ်ကို စစ်ကောင်စီတပ်တွေက ရိက္ခာလောင်စာ ဆီတွေ ဖြတ်တောက်ထားဆဲ နဲ့ တိုက်ပွဲတွေ ကြိုကြားကြိုကား ဖြစ်နေတဲ့ သတင်းတွေ၊ မင်းတပ်မှာ စစ်ဘေးရှောင်စခန်းတွေကိုလည်း စစ်ကောင်စီတပ်တွေက အလွတ်မပေးပဲ တိုက်ခိုက်နေတာမို့ မုတ်သုန်မိုးရာသီ ကြားထဲ ထပ်ပြီးတိမ်းရှောင်နေကြရတယ်ဆိုတဲ့ သတင်းတွေက လည်း စိတ်မကောင်းဖွယ်ရာ ဖတ်ရှုကြားသိနေရပါတယ်။

ချင်းပြည်နယ်ရဲ့ ဒေသအချို့မှာတော့ ကိုဗစ်ကူးစက်ရောဂါရဲ့ တကျော့ပြန် ကူးစက်ပျံ့နှံ့လာမှုကြောင့် မကြာခင် ရက်ပိုင်းက ဖွင့်ခဲ့တဲ့ စာသင်ကျောင်းတွေ မနေ့ကစလို့ ပြန်ပိတ်ဖို့ အမိန့်ထုတ်လိုက်တဲ့အကြောင်း ကိုဗစ် ကူးစက်မှုတွေနဲ့လည်း အသေအပျောက်တွေ ရှိနေတဲ့ သတင်းတွေ ဖတ်ရှုနေရပါတယ်။

အခြားသတင်းတပုဒ်ကတော့ အန်အယ်လ်ဒီခေါင်းဆောင် ၊ စစ်တပ်ကအာဏာသိမ်းပြီး ထိန်းသိမ်းတရားစွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု တမှု ထပ်တိုးပြီး စွဲဆိုလိုက်တဲ့ သတင်းဖြစ်ပါတယ်။ စစ်ကောင်စီက သတင်းထုတ်ပြန်ကြေညာချက်အရ သိရတာဖြစ်ပြီး ဘယ်အချက်အလက်ကို မူတည်ပြီးစွဲဆုိသလဲဆိုတာေတာ့ မသိရှိရသေးပါဘူး။

မြန်မာနိုင်ငံရဲ့ တနေ့တာသတင်းတွေကို အုပ်စုခွဲကြည့်မယ်ဆိုရင် ဆန္ဒပြမှု၊ ဖမ်းဆီးခံရမှု၊ ဖမ်းဆီးစဥ်၊ ဆန္ဒပြသူတွေကို စစ်ဆေးညှင်းဆဲစဥ် အသက်ဆုံးရှုံးတဲ့သတင်း၊ လက်နက်ငယ် လက်နက်ကြီးနဲ့ ဒေသအလိုက် ခုခံတိုက်ခိုက်နေတဲ့ ကာကွယ်ရေး အဖွဲ့တွေကို တိုက်ခိုက်ထိုးစစ်ဆင်တဲ့သတင်း စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတဲ့ သတင်း၊ စီဒီအမ် လုပ်တဲ့ ဝန်ထမ်းတွေကို တာဝန်မှရပ်နားတဲ့ သတင်း၊ စာသင်ကျောင်း၊ စျေးတွေ မီးလောင်တဲ့ သတင်း၊ အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်း စာသင်ကျောင်းအနီးတဝိုက် ပေါက်ကွဲမှု ဖြစ်တဲ့ သတင်းတွေက နေ့စဥ် ဖြစ်ပွားနေတဲ့ သတင်းတွေဖြစ်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။

အဲသည်သတင်းတွေထဲမှာ ပြည်သူလူထုကြားထဲမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေထဲကအချို့ကတော့ စစ်အာဏာသိမ်းပြီး လေးလကျော်အကြာမှာ ဆက်ပြီး CDM လုပ်နေဆဲပဲလား၊ သပိတ်မှောက်အလုပ်တွေ ဆက်လုပ်နေရတုန်းလား။ စားဝတ်နေရေး အသက်အိုးအိမ် လုံခြုံရေးအတွက် ပြင်ဆင်မှုတွေ လုပ်ကြရတော့မှာလား ဆိုတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ အချို့ကတော့ သည်နွေဦးအရေးတော်ပုံကို ဥပက္ခာပြုပြီး တကိုယ်ရေလွတ်မြောက်ရေးကို ဦးလှည့်ကြတော့ဖို့ကိုလည်း တွေးတော တိုင်ပင်လာကြပါတယ်။ စစ်အုပ်စုအောက်မှာ အရင်တုန်းကလို ခေါင်းလျိုပြီး ပြန်နေထိုင်ကြဖို့ တွေးတောလာကြပါတယ်။ CDM တွေ သပိတ်ရဲဘော်တွေကို ဖမ်းဆီးထားတာကနေ ရုံးထုတ် တရားစီရင်တာတွေ တိုးပြီး လုပ်လာပါပြီ။ စာပေလောကသားတွေ သပိတ်မှောက်ရဲဘော်တွေ စာနယ်ဇင်းသတင်းသမားတွေကို ထောင်ဒဏ်ချတာတွေ တွေ့နေရပါပြီ။ ရှောင်တိန်းနေထိုင်သူတွေထဲက အချို့ကလည်း အိမ်ပြန်ရမလား၊ အိမ်ကိုမေ့လိုက်ရတော့မလား ဆိုတဲ့ လမ်းဆုံလမ်းခွ ရောက်နေကြတယ် ဆိုကြပါတယ်။

ဒီအချိန်မှာ ပျောက်ကြားရဲဘော်တွေ၊ NUG၏ PDF တွေ ကာကွယ်ရေးအဖွဲ့ လုံခြုံရေးအဖွဲ့တွေ၏ စစ်ပြင်မှု စုဖွဲ့ချိတ်ဆက်မှု တိုက်ခိုက်မှုတွေ တိုးလာပြီ၊ တာစူလာပြီလို့ ဆိုကြပါတယ်။ စစ်ကောင်စီဘက်ကလည်း ထိုးစစ်တွေ နှိမ်စစ်တွေ ဖြတ်တောက်စစ်တွေ မြှင့်လာပါတယ်။ အခုဖြစ်စဉ်တွေအတိုင်းသွားရင် စစ်ရှိန်နဲ့ အကြပ်အတည်းမျိုးစုံက လျော့ကျသွားမယ်ပုံ မရှိပါဘူး။ စစ်မီးနဲ့ အထွေထွေ ချွတ်ခြုံကျမှုတွေ မြင့်တက်လာရင် ခုချိန်မှာ လက်လျော့ဖို့ စိတ်လျော့လိုက်ဖို့ တွေးနေ လုပ်နေသူတွေ နောက်ဆုတ် အညံ့ခံဖို့ စဉ်းစားနေသူတွေအတွက်ကတော့ အရှုံးပေါ် အရှုံးဆင့်မယ်လို့ သတိပေးချင်ပါတယ်။

သည်အချိန်က လက်ရှိရောက်နေတဲ့ အခြေအနေ အနေအထားကို ဆက်လက်တောင့်ခံ အားတင်းထားရမယ့်အချိန်အဖြစ် နှစ်ဘက်စလုံးက ခေါင်းဆောင်တွေ နိုင်ငံရေး စစ်ရေးသမားတွေက သုံးသပ်ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အနည်းဆုံး ၁ လ ကနေ ၃ လအထိ နောက်ဆုတ်ပေးဖို့ အညံ့ခံလက်လျော့ပေးဖို့ မဖြစ်တဲ့ အနေအထားဖြစ်ပါတယ်။ လေးလကျော် အရေးတော်ပုံ တော်လှန်ရေးကို ဖြတ်သန်းခဲ့ပြီ ဖြစ်လို့ သည်ကနေရှေ့ဆက်ပြီး တောင့်ခံနိုင်သူ အားတင်းနိုင်သူ စိတ်ဓာတ်ခိုင်မာသူတွေအတွက် ချိန်ခွာညှာ အလေးသာဖို့ပဲ ရှိပါတယ်။ သင်ခန်းစာ အဆင့်ဆင့်ကို သင်ယူပြီး ရှေ့ခြေလှမ်းတွေအတွက် ပြင်ဆင်မှုတွေ အင်အားစုဆောင်းတာတွေ ပြုလုပ်နေကြတဲ့အချိန်ကာလဖြစ်နေတာမို့ သာမန်ပြည်သူလူထုတွေအတွက်က လက်ရှိခြေကုပ်ယူထားတာတွေ မပျက်ယွင်းအောင် တောင့်ထားကြဖို့ပဲ လိုတယ်လို့ ထင်မြင်မိပါကြောင်း။

(Photo - ပြင်ဦးလွန်၊ ဇွန် ၁၀၊ အကြမ်းဖက်စစ်တပ်မှ အရာရှိတချို့၊ စျေးကုန်းဆရာတော် ဒေါက်တာဘဒ္ဒန္တကဝိသာရ အပါအဝင် အရပ်သားများ လိုက်ပါသော လေယာဉ် ပျက်ကျမှု မြင်ကွင်း)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar