Breaking News

မျိူးသန့်ထွန်း(စစ်ကိုင်း) - “ဆရာကြီးမောင်စွမ်းရည် သို့မဟုတ် ပညာဒါနကုသိုလ်ရှင်”


မျိူးသန့်ထွန်း(စစ်ကိုင်း) -  “ဆရာကြီးမောင်စွမ်းရည် သို့မဟုတ် ပညာဒါနကုသိုလ်ရှင်”

(မိုးမခ) ဇွန် ၁၁၊ ၂၀၂၁

ဒီရာမဝတ္ထုက အင်းစိန်ဘုန်းကြီးကျောင်းမှ ပေမူတစုံအဖြစ် ရခဲ့တဲ့ခေတ်က ညောင်ရမ်းခေတ်လို့ ခန့်မှန်းရပေမဲ့ ဒီထက်စောနိုင်ပါတယ်။ ပေကူးနှစ်က ၁၂၃၃ ခုနှစ်လို့ ပါရှိတယ်။ ဒီပေမူကို ဆရာဇော်ဂျီ၊ ဦးသော်ကောင်း တို့က ဖွဲ့ကာ ပေမူမှ စာအုပ် (Print) လုပ်ဖြစ်ခဲ့ကြတယ်။

ပေပုံစံစာအုပ်လေးအဖြစ် ၁၉၇၄ ခုနှစ်က တက္ကသိုလ်များ စာအုပ်ထုတ်ဝေရေး ပေပုရပိုက်စာစဉ်အဖွဲ့က ပြုစုထုတ်ဝေခဲ့ပါတယ်။ မူရင်းပေကိုတော့ ဆရာမောင်စွမ်းရည်က ယူလာပြီး UCL ကို ပေးသွားတာလို့ သိရတယ်။ ဆရာစွမ်းရဲ့ကျေးဇူးပေါ့ဗျာ။

ပေမူမှ ပုံနှိပ်မူအဖြစ် ကြိုးပမ်းကြသူတွေကို အထူးကျေးဇူးတင်ရပါတယ်။ နောင်မှာ UCL မှ ရာဇဝင်ပေမူတွေကို ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ပုံနှိပ်မူတွေ ဆက်ထွက်စေချင်ပါတယ်။ အခုအခါ ပညာရှင်တွေ အားနည်းသွားတဲ့အခါ သုတေသနအတွက် စိုးရိမ်တကြီး ဖြစ်မိပါတယ်။ တချိန်က ဒေါက်တာသန်းထွန်း၊ ဒေါက်တာတိုးလှ၊ ဆရာကြီးဦးညွန့်မောင်(UCL)၊ ဆရာမောင်စွမ်းရည် စတဲ့ပညာရှင်တွေက နယ်လှည့် ရှာဖွေတွေ့ရှိတဲ့ ပေ၊ ပုရပိုက်တွေကို ဗဟိုစာကြည့်တိုက်ကို ‌ပေးလှူလေ့ရှိပါတယ်။ အခုနေများမှာ ပိုက်ဆံရရှိရေးအတွက် စာကြည့်တိုက်တွေဆီကို မရောက်ဘဲ အပြင်ထုတ်ရောင်းနေတာ သိရတဲ့အတွက် ဝမ်းနည်းမိပါတယ်။

နောက်လူငယ်တွေအနေနဲ့ ပေ၊ ပုရပိုက် ဆိုတာ ဘာလဲ… လွယ်လွယ်ကူကူ မမြင်၊ မတွေ့ရတဲ့အခါ စိတ်ဝင်စားမှုလည်း မရှိနိုင်တော့ပါ။ အင်မတန်ဝမ်းနည်းရပါတယ်။

ဒီပေမူကို စာပေဒါန ကုသိုလ်ရှင် ဆရာကြီးမောင်စွမ်းရည်ကို နတ်၊ လူ သာဓုခေါ်စေသော်။

ဆရာကြီးမောင်စွမ်းရည်ဟာ ပညာဒါန ပါရမီရှိသူလည်း ဖြစ်ပါတယ်။ စာကြည့်တိုက်ပညာလည်း တတ်မြောက်ထားသူပီပီ သုတေသနထုံပါပြီး ရှေးဟောင်းပေစာ၊ ပုရပိုက်တွေကို စုဆောင်းပြီး သူ့ကိုယ်အကျိုးမကြည့်၊ အများအကျိုးငှာ (သုတေသီများ၊ ကျောင်းသားကျောင်းသူများ) အတွက် တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှူး ဆရာကြီးဦးသော်ကောင်းဆီကို အလှူဒါနပြုပုံကို နှောင်းလူတွေ သိစေဖို့ ရေးသားလိုက်ရပါတယ်။





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar