Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၉ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၉ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၉၊ ၂၀၂၁

မြန်မာနိုင်ငံရဲ့ အနာဂတ်


မိုးတွေရွာနေ လေတွေတိုက်နေတဲ့ ညတွေမှာ ကျနော်တို့လို တိုက်ပွဲဖြစ်မနေတဲ့ မြို့ပေါ်မှာ နေထိုင်နေသူတွေအဖို့ လေ၊ မိုးလုံလုံခြုံခြုံ လျှပ်စစ်မီးနဲ့ စောင်နဲ့ ညတညကို စိုးရိမ်ခြင်းကြီးစွာ ဖြတ်သန်းစရာမလိုပေမယ့် ခုလို အချိန်မှာ ချင်းပြည်နယ်မှာ ကယားပြည်နယ်မှာ ကရင်ပြည်နယ်မှာ ကချင်ပြည်နယ်မှာ စစ်ကိုင်းတုိင်းနဲ့ မကွေးတိုင်းရဲ့ ကျေးရွာဒေသအချို့မှာ ကိုယ့်အိမ်ကို စွန့်ခွာခဲ့ရပြီး တောထဲ တောင်ထဲ မိုးကာ တာလပတ် နဲ့ ြဖစ်သလို ရာသီဥတုဒဏ်ခံပြီး အိပ်စက်နေရတဲ့ သူတွေ၊ အသက်အရွယ်အိုမင်းသူတွေ ကလေးသူငယ်တွေ အမျိုးသမီးတွေ မသန်စွမ်းသူတွေ ကျန်းမာေရး မကောင်းသူတွေ အများအပြားရှိနေတယ်ဆိုတာကို မတွေးပဲ မနေနိုင်ပါဘူး။

စစ်အာဏာသိမ်းမှုဆိုတဲ့ အဆင်အခြင်မဲ့တဲ့ အာဏာ နဲ့ ငွေကြေး အကျိုးစီးပွားကို ဖက်တွယ် ကာကွယ်သူ တစုက ဦးဆောင်လုပ်ဆောင်လိုက်တဲ့ လုပ်ရပ်က နိုင်ငံတနိုင်ငံလုံးက ဘဝတွေကို ရုတ်ချည်း ပြောင်းလဲသွားစေခဲ့ပါတယ်။ လတ်တလော ဆိုးရွားဆုံး ဖြစ်နေတဲ့ တိုက်ပွဲဒေသတွေဖြစ်တဲ့ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့မှာ ကိုယ်တွေရဲ့ အသိမိတ်ဆွေတွေ လုပ်ဖေါ်ကိုင်ဖက်ဟောင်းတချို့ သူတို့ခံစားနေရတဲ့ အခြေအနေကို မခံစားနိုင်တော့လို့ ဆိုရှယ်မီဒီယာမှာ တကြောင်းစ နှစ်ကြောင်းစ ဖွင့်ဟ တဲ့ ပို့စ်တွေ တွေ့မိတဲ့အခါ ညကို ကောင်းကောင်းမအိပ်နိုင်တော့ပဲ ဘာကြောင့် ဒီပဋိပက္ခတွေ အဆုံးမသတ်နိုင်တာလဲ ၊ လွတ်လပ်ရေးရပြီးကတည်းက တလျောက်လုံး စစ်တပ်က နိုင်ငံရေးထဲ ဘာကြောင့် ဝင်ပါနေခဲ့တာလဲ၊အဲဒီခေတ်ကာလတွေအတွင်း မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ၄ ကြိမ်ဖြစ်ခဲ့ပြီး နောက်တကြိမ် ဖြစ်မလာအောင် ဘယ်လို ကာကွယ်ကြမလဲ စတဲ့ အတွေးတွေ မေးခွန်းတွေ ခေါင်းထဲ ပေါ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ် အရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့နိုင်ငံ လို့လည်း သတင်းတွေ အစီရင်ခံစာတွေ နုိင်ငံရေးသုံးသပ်ချက်စာတမ်းတွေမှာ နောက်ခံအခြေအနေကို ရေးသားကြလေ့ရှိပါတယ်။ ၁၉၄၈-၄၉ ခုနှစ်က စတင်လိုက်တဲ့ ပြည်တွင်းစစ် တနည်းအားဖြင့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခဟာ ဆယ်စုနှစ် ၇ ခုကျော်လာတဲ့အထိ အဆုံးမသတ်နိုင်သေးပါဘူး။ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ အပစ်ရပ် စာချုပ် အဆင့်ဆင့် နဲ့ လက်နက်ကိုင်အဖွဲ့အချို့နဲ့ အပစ်ရပ်စတင်ချုပ်ဆိုခဲ့တာ အကြိမ်ပေါင်းများစွာ လက်နက်ကိုင် တိုက်ခိုက်မှုရဲ့ အရင်းခံအကြောင်းရင်းဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးဖို့ မူဘောင် တခုလို့ဆိုရမယ့် NCA ကိုညှိနှိုင်းဆွေးနွေးပြီး ပြင်ဆင်ခဲ့ကြရာက ၂၀၁၅ ခုနှစ် မှာ ၈ ဖွဲ့နဲ့ထိုးနိုင်ခဲ့ပါတယ်။

အဲဒီကနေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ရွေးကောက်ပွဲနဲ့ အာဏာရလာပြီးနောက် ငြိမ်းချမ်းရေးကို အာရုံစိုက်ကြိုးစားခဲ့ပါတယ်။ သို့ပေမယ့်လည်း တပ်နဲ့ အစိုးရ အကြားမတူညီတဲ့ ရပ်တည်ချက် သဘောထားတွေက ငြိမ်းချမ်းရေး ကြိုးပမ်းမှုကို ခရီးမတွင်စေခဲ့ပါဘူး။ ဦးသိန်းစိန် အစိုးရလက်ထက်က အခြေအနေထက် နောက်တောင် ဆုတ်သွားသလား ရှေ့ရောက်သလားဆိုတာ ကွဲကွဲပြားပြား ပြောရခက်တဲ့ အနေအထားပါ။

၂၀၂၁ ခုနှစ် မိုက်မဲစွာ စစ်အာဏာသိမ်းမှု မဖြစ်ခဲ့ရင် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေ နှေးကွေးကောင်း နှေးကွေးပေမယ့် ဆက်လက် လုပ်ဆောင်နေလိမ့်မယ်၊ အပစ်ရပ်ထားတဲ့ ဒေသက ပြည်သူတွေ သူတို့ရဲ့ စိုက်ပျိုးရေး မွေးမြူရေးကို အေးအေးချမ်းချမ်း လုပ်နေနိုင်မယ်၊ သားသမီးတွေ ပညာသင်ဖို့ အားပေးနိုင်မယ် အခြေအနေပါ။ ဒီကာလတွေမှာအချို့သော တိုင်းရင်းသားဒေသတွေမှာေတာ့ တကျော့ပြန် တိုက်ပွဲ လက်နက်ကိုင် ပဋိပက္ခတွေလည်း ဖြစ်နေခဲ့တာ အမှန်ပါ၊ ဥပမာ ရခိုင် ပြည်နယ်လိုဒေသမျိုးတွေဖြစ်ပါတယ်။

ဆယ်စုနှစ်များစွာ စစ်မြေပြင် စစ်တလင်း ဖြစ်ခဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရ စည်းစိမ်ဥစ္စာ အချိန်မရွေးဆုံးရှုံးနိုင်သလို အသက်ပါဆုံးရှုံးနိုင်တဲ့ အခြေအနေ အောက်မှာ နေခဲ့ရတဲ့ အရပ်သားတွေ ကျေးရွာသူ ကျေးရွာသား မြို့သူမြို့သားတွေဟာ စောစောက ပြောတဲ့ ကြားကာလ window period လေးမှာ လမ်းပန်းဆက်သွယ်ရေး ပိုကောင်းလာတာ မိမိမိသားစု ရဲ့ စီးပွားရေး လူမှုရေးကို အာရုံစိုက် ကြိုးစားတည်ထောင် လာနိုင်ကြရာက စစ်အာဏာသိမ်းမှုက ရုတ်တရက်ကြီး အဲဒီအခြေအနေအားလုံးကို နင်းခြေဖျက်ဆီးလိုက်သလို ဖြစ်ခဲ့ပါတယ်။

ဆယ်စုနှစ်တခုလောက် ပြန်လည်ထူထောင်ဖို့ မျှော်လင့်ပြီး လုပ်နေတဲ့ ကယားပြည်နယ်လိုမျိုးက နေ့ချင်းညချင်း စစ်မြေပြင် ဖြစ်သွားခဲ့ရပါတယ်။ အဲလိုပဲ ဆယ်စုနှစ်များစွာ လက်နက်ကိုင်ပဋိပက္ခမဖြစ်ခဲ့တဲ့ ချင်းပြည်နယ်လိုမျိုးမှာလည်း ပထမဆုံးအကြိမ် စစ်ဘေးရှောင်စခန်း၊ ထိုးစစ် ၊ ခုခံစစ်၊ လေယာဥ် နဲ့ ပစ်ခတ်တိုက်ခိုက်တာ လက်နက်ကြီး ပစ်တာတွေ ကို တသက်မှာ တခါမှမကြုံဖူးတဲ့ လူလတ်ပိုင်း ၊ လူငယ်ပိုင်းတွေနဲ့အတူ ခုမှ လူ့လောက ထဲရောက်လာခါစ ကလေးသူငယ်တွေပါ ကြုံတွေ့နေကြရပါပြီ။

ဒီအခြေအနေတွေကနေ လွတ်မြောက်ဖုိ့အတွက် ဖေေဖါ်ဝါရီ ၁ ရက်မတုိင်ခင်က အစိုးရ တာဝန်ယူခဲ့တဲ့ NLD ပါတီက ခုတဖန် အမျိုးသားညီညွတ်ရေး အစိုးရ ဆိုတာကို တိုင်းရင်းသားလက်နက်ကိုင်နယ်မြေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အကာအကွယ်နဲ့ ဖွဲ့စည်းပြီး အာဏာသိမ်း စစ်ကောင်စီ တပ်တွေကို တိုက်ခိုက်ဖို့ လမ်းစဥ် ချမှတ်ခဲ့ပါတယ်။

နောက်အနာဂတ်မှာ ဖက်ဒရယ်တပ်မတော် တည်ထောင်မယ် ၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ အမျိုးသားညီညွတ်ရေး အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးေပါင်းဆောင်ရွက်မယ် ဆိုတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ စစ်ရေးနည်းနဲ့ တွန်းလှန်မယ့် သဘောလည်း ဖြစ်ပါတယ်။

ဒီအခြေအနေတွေက အများစုလည်း အကြမ်းဖျဥ်းသိထားပြီး နားလည်ထားပြီး ဖြစ်ပါတယ်။ ဒီနေရာမှာ တွေးမိတာ၊ အကြံပြုချင်တာက စစ်ရေးနည်းလမ်းကို သုံးပြီး တော်လှန်ရေး လုပ်ကြတဲ့အခါမှာ ခံယူထားတဲ့ ပန်းတိုင်နဲ့ လိုက်ဖက်တဲ့ စံနှုန်းတွေ ၊ တန်ဖိုးတွေကို လတ်တလော ဖြေရှင်းကြရမယ့် ပြဿနာတွေ မြန်မြန်ပြေလည်ဖို့ ပြီးပျောက်သွားဖို့ဆိုပြီး စံနှုန်းတွေ တန်ဖိုးတွေကို မလျော့ချလိုက်ကြဖို့ မစွန့်လွှတ်လိုက်ကြဖုိ့ ဖြစ်ပါတယ်။ ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းဖို့အတွက် အကြောင်းရင်းခံကို ဖြေရှင်းဖို့ အမြဲသတိပြုဖို့လည်း တိုက်တွန်းချင်ပါတယ်။

တချိန်ထဲမှာပဲ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တဲ့အခါ [လက်နက်ကိုင်ထားတဲ့သူကအမှန်တရား] ဆိုတဲ့ လက်နက်ကိုင်ထားသူရဲ့ လိုအပ်ချက်ကို အရပ်သားတွေက ဘယ်တော့မဆို ဖြည့်ဆည်းပေးဖို့ လိုတယ် ဆိုတဲ့ အဓမ္မ ခိုင်းစေမှုတွေ၊ တဖက်သတ် ပြစ်ဒဏ်စီရင်မှုတွေ မလုပ်ဆောင်ဖို့လည်း နှိုးဆော်ချင်ပါတယ်။ စစ်ဝါဒ ကို စစ်တိုက်တဲ့ နည်းလမ်းနဲ့ တိုက်ဖျက်ကြရတာကို နားလည်လက်ခံသော်လည်း စစ်ရေး အောင်ပွဲရဖို့ တန်ဖိုးတွေ စံနှုန်းတွေ အားလုံးစွန့်လွှတ်လိုက်တာမျိုး မဖြစ်စေဖို့တော့ နှိုးဆော်ချင်တာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar