Breaking News

မြန်မာနွေဦးတော်လှန်ရေးကဗျာများ - ကြည်နိုင်၊ ဝင်းဌေးဦး၊ သင်းရည်လွင်

Image - Credit

မြန်မာနွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဇွန် ၁၂၊ ၂၀၂၁

-
ပွဲခင်းဆီက ဗေထီသံ 

အစွယ် ဝရဇိန် 
ငါ၏လက်ရုံး၊ ဖန်မနုံး
စက်ဘုန်းရှိန်ကြောင့် 
 ဂီရိန်ပတ်ရံ၊ သတ္တဘန်နှင့်
အသကဏ် ထိုထို 
စာမဖွဲ့လောက်၊ ငါဟဲ့လို့ ငေါက်က 
တောင်မြောက်ပြိုသို့ လွင့်ရမည်။ *
( ဘီလူးကြိမ်း )

( ၁ )

လုပ်ချင်တာက မင်းသား 
စဉ်းစားရင်း ရုတ်တရက်ထွက်ရတော့ 
အတွင်းသားသရုပ် မဖုံးနိုင်၊
ယိမ်းယိုင်ယိုင် ကတိမ်းကမူးနဲ့ 
ဘီလူးကြိမ်း ကြိမ်းမိပါလေရော။ 

အထာမကျသမို့ 
ဇာတ်ဆရာက ငေါက်ပြန်တော့ 
မခံချင် ဒေါထပြီး 
မင်းသားကြီး မလုပ်ရ 
ပတ်မကြီး ထိုးဖေါက်မတဲ့။ 

 ( ၂ )

ထီ ဗေ ထီ 
ဟီလိုက်တဲ့ အသံ 
ကြားရပြန် မရိုးမရွ 
ပွဲခင်းဆီ အရောက်ပြေးကြရ၊
ဗုံဝကြီးရဲ့ တန်ဘိုးအရှိ ၊သူမသိရှာ။ 

ပတ်ဝိုင်းက ဗတို့
ပတ်မက ဗေထိ၊
ကွက်တိ အချက်ကျ 
နားခွက်က မီးတောက်ရ၊
သုခုမ အနုပညာ 
ပြောင်မြောက်တဲ့ ဗျူဟာ ၊ သူမသိရှာ။ 

( ၃ )

*တသောင်းတိုက် ဗွေစခန်းတွင်လ 
ခါးတောင်းကျိုက်ကာ၊တ ဖေဖမ်းရော့၊
ဓာတ်သိသူ ဒြဗ်ရှိမနွမ်းရအောင် 
( ကိုင်းရွာစား ) သတ္တိစွမ်း ပြတော်မူစမ်း *
( လေးခင်း ဆိုင်းဆင့် )

ဗေပေါင် ထီပေါင် ထီ 
ပတ်မဟီကာ ဆိုင်းအချက်ပေးရင်း 
လေးကင်းသံ လက်စွမ်း 
 အံ့မခန်းပညာ၊ သူ မသိရှာ။ 

စင်ပေါ်က ဘီလူး 
အစွယ်က ပြူးသနဲ့ ၊
ကမူးရှူးထိုး၊ ဒေါသခိုးဝေလျက် 
ဟန်မပျက် ဆက်ကနေရဲ့၊
ဆိုင်းချက်နဲ့ မကိုက် 
မောတဟိုက်ဟိုက် ပါလား။ 

ဝိုင်းဆရာ ရွာစားက 
ကြိမ်းဝါးသလို ကြည့်တော့ 
သူ မသိသလို ဟန်ထုတ် 
ဘီလူးရုပ် ခေါင်းဆောင်းထဲ 
ချွေးပြန်လို့ ရွှဲနေပေါ့။ 

( ၄ )

လုပ်ချင်တာသာသိ 
ဇာတ်ပညာက မရှိ၊
ဇာတိရုပ် မဖျောက်သမျှ 
ဒီဇာတ် ဆက်မကလေနဲ့၊
ပရိသတ်က ငြင်း နေပြီ ၊
မိုးမလင်းမီ လေပြေချပေရော့။ 
သန်းခေါင်ယံ၊ တောင်ယံထက်ဆီက 
ဗလောင်ဆန် တောင်ပံနှက်လေတော့ 
ညောင်ကန်ကြက် တွန်သံ 
နာခံရင်း ဆိုင်းမယ်။  ။

ကြည်နိုင်
(၁၁၊ ၆၊ ၂၀၂၁)

-

ဖုန်ခိုး တွေနဲ့ နွေဦးမျက်တောင်ဖျား

စိုက်လိုက်မတ်တတ်တွေ
ရှည်လျားနေတဲ့ဖုန်ခိုးတွေ မွှန်နေလေရဲ့ ။

ဖုန်ခိုးတွေဆိုတာ သိလား
ငါတို့မျက်တောင်တွေနဲ့တူတဲ့လူထုမြို့ပြတွေပေါ့ ။

တသက်လုံးဖုန်ခိုးတွေချည်းပဲ
အသက်ရှူမဝတဲ့ရောဂါများ ကျွမ်းခဲ့ပြီ ။

မိုးကိုမမှု
နှင်းထုကို ထွင်းဖောက်
ငါတို့အသက် ဖက်ရွက်ခြောက်တွေလို
လေတိုက်တိုင်း ရွေ့လျား
အချိန်တွေကိုစားသောက်ရင်းပေါ့ ။

ယုံကြည်ချက်နဲ့ထွားကြိုင်းလာပုံက
အရှင်မွေးလို့နေ့ချင်းကြီးလာတာ မဟုတ်ဘူး ။

စုတ်ပြတ်နေတဲ့
နာရီအကျိုးအပဲ့တွေကို
စိတ်လိုလက်ရ ချေမွရင်း
ကမ်းတက်လာတဲ့အသက်တွေရှည်လျားစေခဲ့ ။

အသက်ဓာတ်ဟာ
ဆုံမှတ်တခုရဲ့
ဖုန်ခိုးတွေ……
အညိုးအတေးတွေ
အမျှမ‌‌‌ေဝရသေးတဲ့
ကြေးစည်သံတွေဖြစ်နေရဲ့ ။

ဂျန်ဇီရေ……
နွေဦးကို ပဲ့ကိုင်လှော်ခတ်နေသူကွဲ့
ပဲ့ကိုင်လှော်ခတ်နေသူကွဲ့။

တစ်နေ့တော့ရဲ့ရလာဒ်
မြတ်သော မုဒ်ဦးအဝင်ဝဟာ
သပြေပန်းနံ့သင်းသင်းနဲ့
သန့်ရှင်းတဲ့မြို့ပြတံခါးများ ဖြစ်ကိုဖြစ်ရမယ်
ယုံကြည်တယ် ။    ။

ဝင်းဌေးဦး
၁     ၂   ၆   ၂      ၁

-

မိုး.... မိုးမရွာနဲ့အုံး


ဒီနေ့ဟာ စနေနေ့ဖြစ်ပြီး
နောက်ခံတီးလုံးက ဝသာန်ခါမီ
မိုးသားတွေ ဘဝတွေဆီ  
ရွာဟန်ပြင်တော့
ကျွန်တော်တို့တဲအိမ်လေး ကို ပစ်ချခဲ့ရ

မိသားစု ရှုခင်းက 
ခင်ဗျားလက်ထဲ ကြေမွသွားတဲ့ ပန်းချီကား
ဆေးသားပြယ်ခဲ့ပြီ

ချည်နှောင်ရင်း ပြုတ်ထွက်သွား 
စွန်ကလေး လို
ဘယ်တော့ ပြန်ခဲ့မလဲ 
သစ်ရွက်တွေ ကြွေသွားတာမျိုး
ငါ ဆက်ဆက် ပြန်မရောက်နိုင် ခဲ့

ကံကြမ္မာ တစ်ပတ် ပြည့်တဲ့အခါ
သူစိမ်းဆန်နေတော့မယ်
ပရမ်းပတာ ခုတ်ထစ်လိုက်တဲ့ အသားစ
ကြွေဖို့ ရှင်သန်ခဲ့ရတာ နှမျော မဆုံး

ခြွေသူအတွက် ပျော်ခဲ့ရဲ့လား
ပိုးချည် မျှင် အသွယ်မပြတ်တဲ့ နာကျင်မှုတွေ ပဲ
အကြိမ်ကြိမ် နစ်သွားခဲ့ပြီ

နေ့ရက်တွေ ငါ ပြန်မရချင်
ငါ ပြန်ချင်တဲ့ မြောက် အရပ်မှာ
မုန်တိုင်းထန်နေတုန်း မဟုတ်လား

မျှော်လင့်ခြင်းကို အခါခါ သွေးရင်း
ဒုက္ခလှလှ ငါ ရွေးချယ်မိလျက်သား
အမေ အသည်းကွဲနေမှာ သိတယ်
ကျွန်တော်တို့
လူ အဖြစ်ရခဲ့ခြင်းမှာ 
အရှုံးသက်သက် ဖြစ်ရတယ်လို့

ဒီတစ်ခါ နောက်ဆုံး ဓားချက်ပါ
မမှန်တရားကို ခုတ်ပိုင်း လိုက်ဖို့....။

သင်းရည်လွင်
ဇွန်၊ ၁ ရက်၊ ၂၀၂၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar