Breaking News

နိုင်စွမ်း - ပစ္စုပ္ပန်ကဗျာ

s
Photo - SMMi


ပစ္စုပ္ပန်ကဗျာ                 

နိုင်စွမ်း

(မိုးမခ) ဇွန် ၁၁၊ ၂၀၂၁


ငါ.. ကောင်းကင်ကြီးကို ငေးမောမယ်

တိမ်တိုက်တွေလို ပျံသန်းမယ်

,ရောင်ခြည်အေးအေးအောက်မှာ သီချင်းဆိုမယ်

ပြီးတော့...

ကဗျာတစ်စ စိတ်မှာ ရွတ်ကြည့်မယ်

What is this life if, full of care;

We have no time to stand and stare?


ဖိတ်တစ်ဝက် စင်တစ်ဝက် ရှင်သန်နေရတဲ့ ဘဝရဲ့ နေ့ရက်တွေကို၊ အိတ်ပေါက်နဲ့ လိုက်ကောက်နေရင်း၊ မရေရာဘူး ဆိုတာ အသေအချာသိပေမယ့်၊ မရေရာတာကိုပဲ တောင့်တောင့်,တတကြီး ဖက်တွယ်မျှော်လင့်နေဆဲ။ ဒါကိုပဲ ဘဝ၊ ဘဝ တဲ့။


“ရင်အငှားနဲ့ မြားဖမ်းသူတွေရဲ့ ယတြာချေပွဲ

နေသာသလို နေနေကြတဲ့ တောအုပ်ပြိုင်းပြိုင်းထဲမှာ ရိုင်းစိုင်းနေဆဲ

မာယာမနက်ခင်းရဲ့ ချော့မြှူပုံက မိုးကြိုတေး အတု’ တွေနဲ့ ခမ်းနားဆဲ

ရေဘူးလှုပ်ပြတော့မှ ရေပိုပိုငတ်လာ

ကဗျာတစ်စ ရင်ဘတ်ထဲက ထွက်ကျလာ

For men may come and men go

But I go on forever.


သိတစ်ဝက် နိုးတစ်ဝက် ပေကျံနေတဲ့ မချိမဆန့်နေ့ရက်များ၊ ခြင်းကြားကြီးကြီး တစ်လုံးနဲ့ အိပ်မက်တွေ ယိုယိုကျနေပုံများ၊ အသေအချာရှိနေတာဟာ မသေချာတာပဲ လို့ မရေမရာ တွေးမိတတ်ပေမယ့်...၊ မနေ့ကလား?၊ ဒီနေ့လား?၊ မနက်ဖြန်လား?။ သြော် အားလုံးပါပဲလား။


“နိစ္စဓူဝတွေ ထမ်းပိုးတွန့်ကျေနေမယ်

မျက်ဝန်းအကြည့်တွေ မှားနေမယ်၊ အမြင်တွေ မှားနေမယ်

အရှိတွေ မှားနေမယ်၊ အသိတွေ မှားနေမယ်

ဘာပဲဖြစ်ဖြစ် အကြည့်လွဲလွဲတွေနဲ့ နေသားကျနေမယ်

ကဗျာ တစ်စ နှုတ်ဖျားမှာ တွဲခိုလာတယ်-


Not come as I wish, but come not as I wish;

Is it the Law of the World, or -

Universal truth or trick?


ကြောက်တစ်လှည့်၊ ရွံ့တစ်လှည့် ဖြတ်သန်းနေရတဲ့ နေ့ရက်တွေ၊ ကောင်းကင်လိုင်စင် အတွက် အိပ်မက်ခွင့်မရသေး၊ ဆင်ခြေတွေ၊ ကိုယ့်ကိုယ်ကို မမြင်သာရဲတာလား?၊ မထင်သာ ရဲတာလား?၊ လိပ်ပြာမလုံတာလား?၊ အိပ်ယာမလုံတာလား?။ တကယ်ဆို လိပ်ပြာလုံဖို့ထက် အိပ်ရာလုံဖို့က ပိုအရေးကြီးသလား?


ထင်သာမြင်သာရှိဖို့

ရင်မှာ အကြင်နာညှိဖို့..၊ ဘဝကို

သက်သေပြချက်လို?...၊ မလို...?

မာယာဆိုတာ လွှမ်းမိုးသူတွေရဲ့ အလှဆုံး အဆင်တန်ဆာပါ။

မင်းနဲ့ ငါကတော့ သဘာဝတရားကြီး အောက်မှာပါ။

ငါတို့ မသွားဘဲ ရောက်နေကြတဲ့ ခရီး

ငါတို့ မနားဘဲ သွားနေကြတဲ့ ခရီး

ငါတို့ရဲ့ အမြင့်မြတ်ဆုံး ခရီး

ငါတို့ရဲ့ အယုတ်ညံ့ဆုံး ခရီး

ငါတို့ရဲ့ အကောင်းဆုံး ခရီး၊ အဆိုးဆုံး ခရီး

နီးသလား? ဝေးသလား?။ ကြည့်လိုက်

ပစ္စုပ္ပန်ထဲမှာ

မရေရာတာတွေ ပွေ့ပိုက်မှာလား?

သေချာတာကို ပျိုးစိုက်မှာလား?

အားလုံး အားလုံး ပစ္စုပ္ပန်ထဲမှာ..။

အားလုံး အားလုံး.......။   

                 

နိုင်စွမ်း

၂၃ ဒီဇင်ဘာ ၂၀ဝ၇


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar