Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၁၁ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၁၁ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၁၁၊ ၂၀၂၁
မီဒီယာ စာပေ အနုပညာ လွတ်လပ်ခွင့် ဆိတ်သုဥ်းသွားစေမယ့် စစ်အာဏာသိမ်းမှု


စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကန့်ကွက်မှုတွေ၊ ဆန္ဒပြမှုတွေ စီတန်းချီတက်မှုတွေ ရက်အနည်းငယ် အကြာမှာ စတင်ခဲ့ပြီးနောက် သီတင်းပတ်အကြာမှာ ပုဒ်မ ၁၄၄ ထုတ်ရာကနေ ပစ်ခတ်ဖြိုခွဲမှုတွေ ဖမ်းဆီးမှုတွေ စတင်လာခဲ့၊ အဲဒီနောက် ခုခံမှု ပိတ်ဆို့မှု၊ ပစ်ခတ်မှု တုံ့ပြန်မှုတွေနဲ့ ယခုဆို ၄ လ ကျော်လာခဲ့ပြီဖြစ်ပါတယ်။

ရုပ်ဝတ္တုပိုင်းဆိုင်ရာမှာ ပိတ်ဆို့ တားဆီး ဖမ်းဆီး နှိပ်စက်၊ ပစ်ခတ် သတ်ဖြတ်နေသလိုပဲ လူအများအကြားက ဆက်သွယ်ရေး၊ ဒီမိုကရေစီတော်လှန်ရေး ဘက်တော်သားများရဲ့ဆက်သွယ်ရေး ၊ သတင်းအချက်အလက်ပျံံ့နှံ့မှု ၊ သတင်းမီဒီယာတေွကို ပိတ်ပင်တာတွေ သတင်းသမားတွေဖမ်းဆီးတာတွေ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေ ရုပ်ရှင်သရုပ်ဆောင်တွေ၊ သတင်းသမားတွေ၊ စာရေးဆရာတွေ ၊ ကာတွန်းဆရာတွေ ကို ဖမ်းဆီးတာတွေ ဝရန်းထုတ်တာတွေ က ဒါဇင်နဲ့ချီ ရာကနေ ရာနဲ့ချီလာခဲ့ပါပြီ။

စစ်အာဏာသိမ်းတဲ့ ဆီကနေ ခုချိန်ထိ သတင်းသမား ၉၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး လက်ရှိ အကျဥ်းထောင်နဲ့ အချုပ်ထဲမှာ ၅၀ ကျော် ကျန်ရှိပြီး အမှုရင်ဆိုင်နေကြရသလို ၊ သတင်းဌာန၊ စာစောင် ဒါဇင်နဲ့ချီ ရပ်နားထားရပြီး သတင်းဌာန ၈ ခုကိုတော့ ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြီး လိုင်စင်ပယ်ဖျက်ခဲ့ပါပြီ။

လိုင်စင်ပယ်ဖျက်တာမဟုတ်ပေမယ့် သတင်းမီဒီယာတွေရဲ့ ရုံးခန်းကို စစ်တပ်နဲ့ ရဲဝင်စီးတာ ဝင်ရှာတာ သတင်းသမားတွေ တွေ့ရင် ဖမ်းဆီးသွားတာတွေကြောင့် ရပ်နားလိုက်ရတာတွေက အမိန့်စာထုတ်ပြီး ပိတ်လိုက်တဲ့ အရေအတွက်ရဲ့ ၂ ဆလောက်ရှိပါတယ်။ သတင်းတင်နေတာတွေ သတင်းလိုက်နေတာတွေ ရပ်နားသွားအောင် တဖက်လှည့်နဲ့ ဖိအားပေး ရပ်နားအောင် လုပ်လိုက်တဲ့ သဘောလည်း ြဖစ်ပါတယ်။

အထက်က နည်း ၂ နည်းနဲ့တင် မပြီးသေးပါဘူး။ သတင်းသမားတဦးချင်းကိုလည်း ဖမ်းဆီးမှုတွေနဲ့ စောင့်ကြည့်တာတွေ ရဲတွေ အက်စ်ဘီတွေကနေ တဆင့်စောင့်ကြည့်နေကြောင်း သိအောင် အသိပေးပြီး သတင်းအလုပ်မလုပ်ရဲတော့ပဲ ကိုယ်နေတဲ့ မြို့ကနေ တိမ်းရှောင် ပုန်းအောင်းနေအောင် လုပ်နေတာတွေကြောင့် သတင်းသမားတွေ သတင်းအလုပ်ကို ရပ်နားလိုက်ပြီး အဖမ်းမခံရအောင် ပုန်းအောင်းနေရတာ၊ တိမ်းရှောင်နေရတာတွေ နဲ့ သတင်းမီဒီယာလောက အမှောင်ကျအောင် ရည်ရွယ် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ယခင်စစ်အစိုးရလက်ထက်က ပြည်ပမှာ အခြေစိုက်ခဲ့ကြတဲ့ အချို့သော သတင်းမီဒီယာတွေကတော့ ပြည်ပကို ပြန်ရွေှ့သွားကြတာလည်း တွေ့ရပါတယ်။ ပြည်ပကနေ ပြည်တွင်းကို ဆက်သွယ်ပြီးတော့ အလုပ်လုပ်ကြရတော့မှာမို့ ရှုထောင့်စုံလင်အောင် သတင်း ပြည့်စုံအောင် တင်ပြဖို့ ခက်ခဲသွားမှာလည်းဖြစ်ပါတယ်။ မူလလူသိများတဲ့ မူရင်းကလောင်အမည် နာမည်ရင်းတွေ ထုတ်သုံးဖို့ ခက်ခဲလာတဲ့အချိန် ဖြစ်လာပါတယ်။ သတင်းသမားတွေအဖို့ ဆယ်စုနှစ် တခုအတွင်း အမှောင်ပြန်ကျတဲ့ခေတ် ၊ အဖမ်းအဆီးခံရသူ အများဆုံးကာလ တခုကို ဖြတ်သန်းနေရတဲ့ သဘောလည်း ဖြစ်ပါတယ်။

သတင်းဌာနတွေကိုတင် နှင်တာမဟုတ်ပဲ ပြည်ပရောက်နေတဲ့ သတင်းဌာနတွေအနက်က ရုပ်သံအစီအစဥ်တွေ ထုတ်လွှင့်တဲ့ သတင်းဌာနတွေအနေနဲ့ ဂြိုဟ်တု စနစ်နဲ့ ထုတ်လွှင့်ပြီး ပြည်တွင်းက ဖမ်းယူကြည့်ရှုလို့မရအောင် စလောင်းတပ်ဆင်တာကို တရားမဝင် ဘူးလို့ကြေညာပြီး စလောင်းတွေ ဖြုတ်သိမ်း ခိုင်း ပစ္စည်းတွေ လာအပ်ခိုင်းတာတွေ ပြီးခဲ့တဲ့ လကတည်းက နုိင်ငံအနှံ့ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ဧပြီလဆန်းမှာ ပုဂ္ဂလိက သတင်းစာ အားလုံးယာယီအားဖြင့် ရပ်နားသွားပြီး သင်္ကြန်အပြီး ပြန်ထွက်လာတဲ့အခါ မှာ သတင်းစာတွေရဲ့ ဖေါ်ပြမှုဟာ ဖမ်းဆီးခံရနိုင်ခြေ၊ ပိတ်သိမ်းခံရနိုင်ခြေ၊ တရားစွဲခံရနိုင်ခြေကို တွေးပြီး selfcensorship ကြီးကြီးမားမား ရှိလာတာတွေ့ရမှာပါ။

စစ်ကောင်စီက သတင်းလောက အမှောင်ကျအောင် ဖမ်းဆီးမှုတွေ၊ ထောင်ချမှုတွေ တရားစွဲဆိုမှုတွေ၊ ဖမ်းဝရန်းထုတ်တာတွေနဲ့ လုပ်ဆောင်နေသလို တဖက်မှာလည်း စစ်အာဏာသိမ်းပြီးနောက် စီးပွားရေး လုပ်ငန်းဆောင်တာတွေ အားလုံးရပ်ဆိုင်းနေတာကြောင့် မီဒီယာတွေ ဝင်ငွေမရှိ ရပ်တည်ရခက်ခဲနေပြီး တဖြုတ်ဖြုတ် ရပ်နားလိုက်ကြတာတွေ့နေရပါတယ်။ စစ်ဖြစ်နေတဲ့အချိန်မှာ သတင်းစာ စာအုပ်စာစောင်တွေ ဖြန့်ချိရောင်းချနေရင်တောင် စားသုံးသူတွေဘက်က အားပေးဖို့ အကန့်အသတ်တွေ ရှိလာပါတယ်။

ဒီစစ်အာဏာသိမ်းမှုဟာ သတင်းမီဒီယာနယ်ပယ် တခုထဲကိုတင် ထိခိုက်စေတာ ဆိတ်သုဥ်းစေတာမဟုတ်ပဲ ရုပ်ရှင်၊ ဂီတ၊ စာပေ သဘင် စတဲ့ နယ်ပယ် အသီးသီးရဲ့ လွတ်လပ်ခွင့်တွေကို ပိတ်ပင်တာ၊ လူတွေကို ဖမ်းဆီးမှုတွေ ကြောင့် ရုပ်ရှင်လောကလည်း ပြိုလဲလုနီးနီး ဖြစ်နေပါပြီ။ အနုပညာရှင်တွေ အများအပြား ဝရန်းထုတ်ခံထားရသလို ဖမ်းဆီးခံထားရတာလည်း ရှိပါတယ်။

တော်လှန်ရေး လှုပ်ရှားမှုတွေအကြား အသက်ပေးလိုက်ရတဲ့ ကဗျာဆရာတွေ ၃ ဦးထက်မနည်းရှိပြီး ဖမ်းဆီးခံ ထောင်ဒဏ်ချမှတ်ခံထားရတာလည်း ရှိနေတာမို့ အနုပညာရှင် စာပေပညာရှင်တွေကိုယ်၌ တိမ်းရှောင် ထွက်ပေြးနေရပြီး အနုပညာနဲ့ လူထုကို အကျိုးပြုဖို့ အခွင့်မသာဖြစ်နေတဲ့ အခြေအနေဖြစ်ပါတယ်။

သတင်းလောက မှောင်ကျသွားသလို စာပေလောကလည်း မှောင်ကျသွားပါတယ်။ ဖိနှိပ်မှု ပြင်းထန်တဲ့ ကာလမှာ သတင်းမှန်တွေ ပွင့်လင်းလွတ်လပ်တဲ့ သုံးသပ်ချက်တွေ ဆိတ်သုန်းသွားသလို အမှောင်ထဲကနေ ထုတ်ပြန်ရတဲ့ သတင်းတွေ သုံးသပ်ချက်တွေ ဖြစ်နေတာမို့ စာဖတ်ပရိသတ်တွေက ဘယ်သူက ဘယ်ရင်းမြစ်ကနေ တိုက်ရိုက်သိရှိရတယ်ဆိုတာကို ပွင့်လင်းမြင်သာစွာ မသိကြရတော့ပါဘူး။ ထို့အတူ လူတဦးချင်းစီ၏ လွတ်လပ် အကြောင့်အကျမဲ့သော တီထွင် ဖန်တီးမှု အနုပညာလက်ရာတွေလည်း ထုတ်လုပ်နိုင်စွမ်းမရှိတော့ဘဲ အကြောက်တရားအောက်ကနေ သွယ်ဝိုက်သော ထုတ်ပြန်မှု အကာအကွယ်တွေနဲ့ ဖုံးအုပ်ထားမှုတွေနဲ့ ဖန်တီးဖော်ဆောင်ရတာတွေ ဖြစ်လာပါတယ်။

စာပေနဲ့ စာနယ်ဇင်းထုတ်ဝေသူတွေကိုယ်တိုင်က စာပေဖိနှိပ်မှုတွေကို စိုးရိမ်လာကြပါတယ်။ စာပေနဲ့ စာနယ်ဇင်းအယ်ဒီတာတွေကိုယ်တိုင်ကလည်း စာပေလွတ်လပ်ခွင့်ကို စစ်ကောင်စီက မတားဆီးခင်ကတည်းက ကြိုတင်တည်းဖြတ်ဖို့ ကန့်သတ်ဖို့ကို စဉ်းစားလာကြပါတယ်။ စစ်အုပ်စု၏ ယခင်စစ်အုပ်ချုပ်ရေးကာလ စာပေစာနယ်ဇင်းဖိနှိပ်မှုများအောက် ခေါင်းလျိူရှင်သန်နေခဲ့ကြတဲ့ ဘ၀တွေကို ပြန်မြင်ယောင်လာကြပါတယ်။ လက်ရှိမှာ စာပေနဲ့ စာနယ်ဇင်းပညာရှင်အများအပြားဟာ နေအိမ်တွေကနေ ရှောင်တိမ်းနေကြတာကိုလည်း မိမိတို့စာပေအဖွဲ့အစည်းများကိုယ်တိုင်က တရားဝင်ထုတ်ဖော်ပြောဆိုဖို့ ဝန်လေးနေကြပါတယ်။ ၅၀၅ ပုဒ်မ အထုတ်မခံရဘဲ နေအိမ်ဝင် အရှာခံရ ဖမ်းဆီးဖို့ ကြိုးပမ်းလာတဲ့ လုံခြုံရေးအဖွဲ့တွေ၏ ခြိန်းခြောက်မှုတွေ အန္တာရယ်တွေကို စာပေနဲ့ စာနယ်ဇင်းသမားတွေ ခံစားနေကြရတာကို အများပြည်သူတွေက အလွယ်တကူ မသိနီုင်ကြပါ။

လက်ရှိမှာ CDM ဝန်ထမ်းတွေ သပိတ်တိုက်ပွဲဝင် ရဲဘော်တွေ၊ PDF တွေ ပြောက်ကြားရဲဘော်တွေ၊ စစ်ဘေးရှောင်တွေ အရေးကိစ္စက ရှေ့တန်းရောက်နေတာမို့ တိုက်ပွဲသတင်းတွေ ဖြတ်သန်းမှုတွေက အရေးပါနေတာမို့ ပြည်သူတွေဘက်က အမြဲရပ်တည်ပြီး စာနယ်ဇင်း၏ အလင်းရောင်နဲ့ လမ်းပြနိုင်တဲ့ စာနယ်ဇင်းသမားတွေ စာနယ်ဇင်းလုပ်ငန်းတွေအတွက် အမှောင်ကျတဲ့အချိန်၊ ပြည်သူတွေအတွက်လည်း သတင်းမှန်မှန် သုံးသပ်ချက်စစ်စစ် အနုပညာဖန်တီးမှုအလှတွေ ခံစားရရှိနိုင်ဖို့ အလင်းရောင် ကျဆင်းတဲ့ကာလကို ရောက်ရှိဖြတ်သန်းနေရပြီ ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar