မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၂၆ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၂၆ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဇွန် ၂၆၊ ၂၀၂၁တဖက်နဲ့တဖက် အားစမ်းတဲ့ကာလလား
မြန်မာပြည်အနှံ့မှာ ကိုဗစ်တတိယလှိုင်း ရိုက်ခတ်နေပြီ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကိုဗစ်ပိုးတွေ့လူနာတွေတိုးလာတဲ့အပြင် သေဆုံးသူတွေလည်း နေ့စဉ်များပြားလာတယ်လို့ ဆိုပါတယ်။ ကလေးမြို့တွင် ယနေ့ ကိုဗစ်-19ဖြင့် positive လူနာ ၃ ဦး သံသယ ၁၉ဦး စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့ပြီ လို့ Chin World သတင်းက ဆိုပါတယ်။ ကလေးမြို့မှာတင် ခုချိန်ထိ သေဆုံးသူ ၁၀၀ ကျော်ပြီ ဆိုပါတယ်။
မြန်မာပြည်အနှံ့က သပိတ်လှုပ်ရှားမှုတွေအထဲမှာ အထူးအစီအစဉ်အဖြစ် လွန်ခဲ့တဲ့ ၄၅ နှစ်က (၁၉၇၆) ကျဆုံးခဲ့သည့် ချင်းတိုင်းရင်းသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး အမှတ်ရခြင်း အထိမ်းအမှတ်ကိုလည်း ဆင်နွှဲခဲ့ကြပါတယ်။ ထိုအချိန်က စစ်အစိုးရက ၎င်းကိုဆန့်ကျင်သည့် ကျောင်းသားတဥိးကို ကြိုးပေးသတ်ဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုကဲ့သို့ ကြိုးပေးသတ်ဖြတ်ခြင်း မခံရသော်လည်း စစ်အစိုးရအဆက်ဆက်မှာ ကျောင်းသားလူငယ်ပေါင်းများစွာ နှိပ်စက်သတ်ဖြတ်ခြင်း ခံနေရတာကို မီးမောင်းထိုးပြတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။
ဇွန် ၂၂ စစ်ကောင်စီက မန္တလေးက နေအိမ်အချို့ကို အကြမ်းဖက်စီးနင်းပြီး လူငယ် ၈ ဦးကို သတ်ဖြတ်ပြီးတဲ့နောက် ရန်ကုန် မန္တလေးမြို့များနဲ့ အခြားနယ်မြို့များမှာ စစ်ကောင်စီလုံခြုံရေးတပ်များက လူငယ်များ ကျောင်သားများကို သူတို့နေအိမ်တွေကနေ အကြောင်းမဲ့ လိုက်လံ ဖမ်းဆီးမှုတွေ တိုးမြှင့်လုပ်လာပါတယ်။ ထိုင်းနယ်စပ် မြ၀တီမြို့မှာလည်း ABSDF ကျောင်းသားတပ်မတော်ခေါင်းဆောင်ဟောင်း ဗိုလ်ခင်ကျော်နဲ့ မိတ်ဆွေအချိ့ကို စစ်ကောင်စီလုံခြုံရေးတပ်များက ဖမ်းဆီးထားကြောင်း သတင်းများ ထွက်လာပါတယ်။ ကျောင်းသားလူငယ်တွေကို စစ်ပညာသင်ပေးထားကြောင်း၊ အဆိုပါကျောင်းသားလူငယ်တွေကို ကိုခင်ကျော်လက်ကိုင်ဖုန်းကနေ စစ်တပ်လုံခြုံရေးအဖွဲ့က ကိုခင်ကျော်အဖြစ် အသွင်ယူပြီး ဆက်သွယ်ခေါ်ယူနေတယ်လို့ ဆိုရှယ်မီဒိယာသတင်းများမှာ ပြောဆိုသတင်းပို့နေကြပါတယ်။
လက်ရှိမှာ မြို့ရွာ ကျေးလက်များမှာ ရောက်ရှိနေကြတဲ့ ပြောက်ကျားတော်လှန်ရေးအဖွဲ့အသီးသီးဟာ စစ်ကောင်စီလုံခြုံရေးတပ်များ စီးနင်းရှာဖွေ ဖမ်းဆီးမှုတွေ တိုးမြှင့်လာတာကြောင့် မူလခိုအောင်းနေရာများကနေ ရှောင်တိမ်းနေကြတယ်လို့ ဆိုပါတယ်။ အချို့အဖွဲ့တွေက အချင်းချင်း ချိတ်ဆက်မှုတွေ ရှိကြပြီး အချို့ကတော့ ချိတ်ဆက်မှုတွေ မရှိဘူးလို့ သိရပါတယ်။ ကချင်ပြည်နယ်ကနေ ပြောက်ကျားအဖွဲ့အချို့အတွက် သယ်ဆောင်လာတဲ့ စစ်လက်နက်တွေ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး နောက်ဆက်တွဲအဖြစ် စစ်ကောင်စီ၏ စီးနင်းမှုတွေ တိုးလာပါတယ်။ စီးနင်းမှုတွေကြောင့် ရဲဘော်တွေ ကျဆုံးမှုတွေ ရှိပြိး စစ်ကြောရေးမှာ ပြင်းထန်ရက်စက်သော နှိပ်စက်မှုများကြောင့် လူငယ်တွေ သေဆုံးရတယ်လို့ လည်း သိရပါတယ်။ သက်ဆိုင်ရာ မိတ်ဆွေများ မိဘများကတော့ အခုချိန်မှာ ထုတ်ဖော်ပြောဆိုခြင်း မပြုသေးဘဲ အခြားကျောင်းသားများ လူငယ်များ အသက်အန္တာရယ် လုံခြုံရေးအတွက် အပြောအဆိုတွေ ထိန်းထားကြရတယ်လို့ ဆိုပါတယ်။
နယ်စပ်ဒေသတွေမှာ စခန်းချနေထိုင်နေတဲ့ ကျောင်းသားလူငယ်အချို့ရဲ့ စစ်စခန်းတွေ စစ်သည်အဖွဲ့တွေဟာလည်း လုံခြုံရေးအရ နေ့စဉ် ရွေ့ပြောင်းစခန်းချတာ အတည်တကျ မနေထိုင်ဘဲ ရွေ့လျားနေကြတယ်လို့ သိရပါတယ်။ သူတို့တွေက NUG အစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ ချိတ်ဆက်ပြီး တိုင်ပင် ဆောင်ရွက်ရန် လမ်းညွှန်မှုခံယူရန်ကိုလည်း ကြိုးစားလုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။ သူတို့လိုအဖွဲ့တွေနဲ့ နီးစပ်တဲ့ ပြည်တွင်း ပြည်ပက ပြည်သူတွေကလည်း မိမိတို့အစီအစဉ်နဲ့ ကူညီထောက်ပံ့မှုတွေ အကြံပေးအားပေးကူညီမှုတွေ တယောက်တလက် ဝိုင်းလုပ်နေကြတယ်လို့ သိရပါတယ်။ သူတို့လို မြို့ပြနဲ့ နယ်စပ်ဒေသက အဖွဲ့အစည်းများကို NUG က ချိတ်ဆက်ပြီး စနစ်တကျ ချိန်ကိုက်ဆောင်ရွက်စေလိုတယ်လို့ ထောက်ပံ့ကူညီနေသူကွန်ယက်တခုက မှတ်ချက်ပေးပါတယ်။
ဒီနေ့အထိ စစ်ကောင်စီ၏ လုပ်ကြံသတင်း သတင်းမှား သတင်းတု ကန်ပိန်းများနဲ့ တော်လှန်သော အင်အာများ ပြည်သူများကို စိတ်ဓာတ်စစ်ဆင်ရေးအလုပ်တွေ အတော်တိုးလုပ်လာတာ တွေ့ရပါတယ်။ ဇွန် ၂၆ မန္တလေးမြို့က လဘက်ရည်ဆိုင်တခုကို စစ်ကောင်စီအထူးစစ်ဆင်ရေးတပ်များ ဝင်ရောက်စီးနင်းတယ်ဆိုတဲ့ ဓာတ်ပုံတွေ ရုပ်သံတွေ အတော်ခေတ်စားသွားပါတယ်။ ဘယ်သူကမှ အတည်ပြုတယ် သို့မဟုတ် ငြင်းတယ်ဆိုတဲ့ တုန့်ပြန်မှုတွေ မကြားရသော်လည်း ကိုယ့်ဖက်သူ့ဖက် အငြင်းပွားစရာတွေ အတော်ဂယက်ထသွားပါတယ်။ သိသာတာကတော့ စစ်ကောင်စီ၏ စစ်ရေးပြင်ဆင်မှု အားစမ်းမှုတွေ တိုးလာတာကတော့ အမှန်ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုများ၏ လမ်းပေါ်သပိတ်တွေ စစ်တပ်အလိုတော်ရိတွေကို တိုက်ခိုက်တာတွေကလည်း ဆက်ပြီး ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar