Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၂၇ ရက် မြောက်နေ့ မြင်ကွင်း

Photo - Zelan (facebook) 


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၂၇ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၂၇၊ ၂၀၂၁

တော်လှန်ရေးက ရေတိုနဲ့ အောင်ပွဲရမလား သို့မဟုတ် ရေရှည်မှာလား၊ ဆေးမြီးတိုတော်လှန်ရေးလား

နွေဦးတော်လှန်ရေး လို့ပြောရင် စစ်အာဏာရှင်စနစ် အမြစ်တွယ်နေတဲ့ မြန်မာ့နိုင်ငံရေးစနစ်ကို စစ်တပ်က အာဏာနိုင်ငံရေးက နေ အပြီးအတိုင် ဆုတ်ပေးဖို့ ၊ စစ်တပ်က ပြည်ထောင်စုမပြိုကွဲရေးလို့ ဆင်ခြေပေးပြီး မြန်မာ့နိုင်ငံရေး အာဏာစားပွဲဝိုင်းမှာ ဆယ်စုနှစ်များစွာ ဝင်ရောက်ချယ်လှယ်နေခဲ့တာကို အဆုံးသတ်ဖို့ … လို့ ဆိုရမှာ ဖြစ်ပါတယ်။

သည်နေရာမှာ တိုင်းရင်းသား အဖွဲ့အစည်းတွေ ဖြစ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရော လက်နက်ကိုင်မဟုတ်တဲ့နိုင်ငံရေးပါတီတွေရဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို လိုလားချက် ကိုလည်း ဒီတော်လှန်ရေးမှာ ဦးဆောင်ကြတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ သဘောရိုးနဲ့ လက်ခံကြပြီး ပူးပေါင်းဆောင်ရွက်ဖို့ စည်းရုံးကြဖို့ အရေးကြီးပါတယ်။

အိုင်တီခေတ် ဆက်သွယ်ရေးတွေ အလွန်ကောင်းတဲ့ခေတ်မှာ အစုအဖွဲ့ဖွဲ့စည်းတာ ဆွေးနွေးတိုင်ပင်တာ ဆက်သွယ်ပူးပေါင်းဆောင်ရွက်တာအတွက် အလွန်အားသာတဲ့အချက် ဖြစ်ပါတယ်။ အရင့်အရင်ခေတ်က လက်နက်ကိုင် တော်လှန်ရေး လမ်းကိုရွေးချယ်ပြီး တောခိုတယ်ဆိုရင် မိသားစုနဲ့ အသိုင်းအဝိုင်းနဲ့ အားလုံးအဆက်အသွယ်ဖြတ်တောက်ထားခဲ့ရပြီး မိမိပါဝင်ဆောင်ရွက်တဲ့ အဖွဲ့အစည်းထဲမှာပဲ ဆက်သွယ်နိုင်တဲ့ ခေတ်မျိုးဖြစ်ပါတယ်။

၈၈ အရေးတော်ပုံပြီးနောက် တောခိုသွားကြတဲ့သူတွေအဖို့ အချို့ဆို အနှစ် ၂၀ ၊ ၃၀ နီးပါးကြာမှ မိသားစု အသိုက်အဝိုင်းနဲ့ ပြန်လည် ဆုံတွေ့ကြရတာမျိုးပါ။ ခုခေတ်ကတော့ တောခိုသွားတဲ့သူတွေ အနေနဲ့ မိသားစုနဲ့ ရောသူငယ်ချင်း အသိုက်အဝိုင်းနဲ့ပါ လုံခြုံစိတ်ချရတဲ့ ဆက်သွယ်ရေး နည်းလမ်းတွေကို သုံးပြီးဆက်သွယ် နိုင်သလို မိမိအဖွဲ့အစည်း မိမိရဲဘော်တွေလုပ်ဖေါ်ကိုင်ဖက်တွေ နဲ့လည်း တနေ့ မပြတ်ဆက်သွယ်နိုင်တာ ဖြစ်ပါတယ်။

ဒီနေရာမှာ မိသားစုနဲ့ ဆက်သွယ်တာကို အဓိက ပြောလိုရင်းမဟုတ်ပါဘူး။ နမူနာ အဖြစ်တင်စားပြောဆိုတာ ဖြစ်ပါတယ်။ နိုင်ငံရေး ရည်မှန်းချက် အောင်မြင်ဖို့ အဖွဲ့အစည်းတွေ အကြား ဦးဆောင်ပါဝင်နေသူတွေအကြား ဒီအားသာချက်တွေကို သုံးပြီး ညှိနှိုင်းကြဖို့ အစုအဖွဲ့ကို ခိုင်မာအောင် တည်ဆောက်ကြဖို့ တခြားသော ဦးတည်ချက်တူတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး ညှိနှိုင်းကြဖို့ကို ဆိုလိုရင်း ဖြစ်ပါတယ်။

NUG အစိုးရကို အွန်လိုင်း အစိုးရလို့ စစ်ကောင်စီက သရော်တဲ့အသုံးအနှုန်းနဲ့ သုံးပေမယ့် ဒီလိုအွန်လိုင်း အစိုးရက တော်လှန်ရေးတရပ်ကို လှုံ့ဆော် ပြီး အောင်မြင်အောင် ကြိုးစားမယ်ဆိုရင် ကြိုးစားဖို့ အခွင့်အရေးရှိနေတာလည်း ဖြစ်ပါတယ်။

အွန်လိုင်းက စုစည်းမှု ဆွေးနွေးမှု မူဝါဒ ချမှတ်မှုတွေ ညှိနှိုင်းမှုတွေကို မြေပြင်မှာ အကောင်အထည်ပေါ် ဖို့လည်း အရေးကြီးပါတယ်။ လက်တွေ့ဘဝမှာ ရုပ်ဝတ္တုတွေ ဖြစ်လာအောင် အွန်လိုင်းကနေ ညှိနှိုင်းတာ ဆွေးနွေးတာတွေ လုပ်ကြရတဲ့ သဘောလည်း ဖြစ်ပါတယ်။

လတ်တလော တွေ့မြင်နေရတဲ့ အနေအထားမှာ မြန်မာပြည် အရပ်ရပ်မှာ ဖြစ်ပျက်နေတဲ့ ခုခံမှု ၊ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှုတွေ ၊ ဆန္ဒပြမှုတွေ နဲ့ နယ်စပ် ဒေသတွေမှာအခြေစိုက်တဲ့ တော်လှန်ရေး အင်အားစုတွေ အကြား ချိတ်ဆက်မှုတွေ ရှိတန်သလောက် ရှိနေတာလည်း တွေ့ရ သိရပါတယ်။ သို့သော်လည်း တချို့သော ဖြစ်စဥ်တွေ ဖြစ်ရပ်တွေက သီးခြားစီ ခုခံ တိုက်ခိုက်နေရတဲ့ သဘောမျိုး တွေ့မြင်နေရတာလည်း ဖြစ်ပါတယ်။

ဒီလိုဖြစ်စဥ်တွေအကြား ပူးပေါင်းညှိနှိုင်းမှု လုပ်နိုင်မယ်ဆိုရင် ၊ ဖြစ်စဥ်တွေမှာ ပါဝင်လှုပ်ရှားနေကြတဲ့ သူတွေကိုလည်း NUG အနေနဲ့ နိုင်ငံရေး အရ ဦးဆောင်နိုင်ဖို့ ဦးဆောင်မှု ပေးနိုင်ဖို့ ရုပ်ဝတ္တုအရ ကူညီနိုင်ဖို့ ၊ နိုင်ငံရေး ရပ်တည်ချက် စံနှုန်းတွေ လုပ်နည်းလုပ်ဟန်တွေ ချမှတ်ပြီး အားလုံး တပြေးညီ စံနှုန်းတွေနဲ့ ကျင့်ကြံ လုပ်ကိုင်ကြဖို့ကို မျှော်လင့်မိပါတယ်။

ဒီနေရာမှာ တော်လှန်ရေးကိုလည်း ရေတို လအနည်းငယ် နှစ်ပေါက်ရုံ ပေါက်မယ့် တော်လှန်ရေး ဖြစ်မှာလား သည့်ထက် ကြာရှည်ကောင်း ကြာရှည်နိုင်သလားဆိုတာကိုလည်း NUG အစိုးရ အနေနဲ့ မှန်းဆ တွက်ချက်ထားဖို့လိုအပ်ပါတယ်။ တော်လှန်ရေးက ရေရှည်နိုင်တဲ့ အလားအလာမျိုး ရှိခဲ့ရင် ထောက်ခံသူ လူထု အဖို့ ရေရှည် တောင့်ခံရမယ့် အစီအစဥ်မျိုးတွေ စီစဥ်ထားတာမျိုး အသိပေးထားတာမျိုး လိုအပ်ပါတယ်။

နွေဦးတော်လှန်ရေးရဲ့ အဓိက အားကောင်းတဲ့ ဒေါက်တိုင်တခုဖြစ်တဲ့ CDM က ရေရှည်တော်လှန်ရေး ဖြစ်မယ်ဆို ဘယ်လို သဘောထားမလဲ ၊ ဆက်လက်ကိုင်စွဲမလား ၊ အသွင် ပြောင်းမလား စသဖြင့် NUG အနေနဲ့ ဦးဆောင်မှု ပေးဖို့ လိုအပ်မယ်လို့ ထင်မြင်ပါတယ်။ ဒါက နွေဦးတော်လှန်ရေးရဲ့ အဓိကမောင်းနှင်အားအဖြစ် စတင်တဲ့ လှိုင်း - CDM တိုက်ပွဲထောက်တိုင်ကို ပြန်ပြောင်းပြီး ကြည့်တာ ဖြစ်ပါတယ်။ လမ်းပေါ်သပိတ်တိုက်ပွဲတွေ၊ ရုံးမတက်နဲ့ ရုန်းထွက်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြီးတော့ ဘဏ်စနစ်များကို အကြပ်အတည်းဆိုက်စေခြင်းစတဲ့ ပထမ ၂ လပိုင်း တိုက်ပွဲတွေထဲမှာ CDM အကြောင်းကို ခေါင်းဆောင်တွေ၊ ထောက်ပံ့နေသူတွေ၊ CDM တိုက်ပွဲဝင်နေသူတွေ ၃ ပွင့်ဆိုင် ဆွေးနွေးဖလှယ် သုံးသပ်ပြီး ထုတ်ပြန်သင့် ထုတ်ပြန်ထိုက်တာ အသိပေးသင့်တာတွေ လုပ်ဖို့ သင့်တော်နေပြီလို့ ပြောချင်ပါတယ်။

အဲသည်ကြားကာလ လမ်းပေါ်သပိတ်တိုက်ပွဲတွေကနေ ခုခံစစ်အဖြစ် အသွင်ပြောင်းချိန် (မတ် ၂၇နောက်ပိုင်းကို ကြည့်) မှာ စစ်အုပ်စုစီးပွားရေးသပိတ်မှောက်ရေး၊ ဘဏ်စနစ်အကြပ်အတည်းဆိုက်စေရေး၊ မီတာနဲ့ အခွန်အခများမပေးဘဲ ကြံ့ကြံ့ခံရေး စတဲ့ ကြားတိုက်ပွဲတွေလည်း ဖြတ်သန်းခဲ့ကြပြီး ဖြစ်ပါတယ်။ အခုချိန်မှာ စီးပွားရေးသပိတ် ဘာလဲ ဘယ်လဲ။ ဘဏ်အကြပ်အတည်း ဘယ်ရောက်နေလဲ။ အခွန်အခ မီတာဆောင်နေသူတွေ အခြေအနေ ဘယ်လိုရှိသလဲဆိုတာကိုလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ မေးခွန်းထုတ်ကြည့်ရမှာ ဖြစ်ပါတယ်။

ဧပြီလနှောင်းပိုင်းကစလို့ PDF အသံတွေ ကျယ်လောင်လာပြီး မြို့ပေါ်နဲ့ ကျေးလက်တွေမှာ ပြောက်ကျားစစ်တွေ ဖော်လာတာ၊ ဒလန်တွေဆိုပြီး လုပ်ကြံသတ်ဖြတ်တာ၊ အပြန်အလှန် ဗုံးခွဲကြတာတွေ စတင်ပြီးနောက် ပြည်တွင်းစစ်အနိဌာရုံဟာ မိသားစုတိုင်းရဲ့ တခါး၀ကို ခေါက်လာပါတယ်။ မျက်စိရှေ့မှာ ပြည်တွင်းစစ်အကြို သွေးထွက်သံယိုမှုတွေ အကြမ်းဖက်မှုတွေ ဥပဒေမဲ့ကျုးလွန်မှုတွေကို ကြုံနေကြရပါတယ်။ ပြည်သူတွေက လက်သံပြောင်တဲ့ PDF တွေ ၊ အလှူထွက်ခံအားကောင်းတဲ့ အဖွဲ့တွေ၊ ဆိုရှယ်မီဒီယာကနေ စည်းရုံးလှုံဆော်အားကောင်းတဲ့ ကင်ပိန်းတွေနောက် တကောက်ကောက်လိုက်ပြီး လှူကြတန်းကြ လက်သီးလက်မောင်းတွေ တန်းကြသလို ၊ NUG CRPH ဦးဆောင်တဲ့ PDF တွေ ဘာလုပ်နေလဲ ဘာအဆက်အသွယ်မှ မရဘူး၊ လက်နက်အထောက်အပံ့တွေလည်း မရဘူးဆိုတဲ့ ဝေဖန်သံတွေက ကျယ်လောင်လာတာကို တွေ့ရပါတယ်။

သည်လိုဆိုရင် ပြည်သူတွေက ကိုယ့်အားကိုယ့်ကိုး ကိုယ့်လက်ရုံးတပ်တွေ ကိုယ့်ပြည်သူ့စစ်တွေ ထူထောင်ပြီး စစ်တပ်ကို ကိုယ့်ဖာသာကိုယ်ပဲ ထ တိုက်နေကြတာလားဆိုတဲ့ မေးခွန်း ဖြစ်လာပြီးတော့ အဲသည်လို ကိုယ်ထူကိုယ်ထ လက်နက်ကိုင်တပ်တွေရဲ့ နိုင်ငံရေးဦးဆောင်မှုကျတော့ ဘယ်သူက တာဝန်ယူမလဲ တာဝန်ခံမလဲဆိုတာက ပိုအရေးကြီးတဲ့ မေးခွန်းဖြစ်လာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အဲသည်သမိုင်းဖြတ်သန်းမှုတွေကြောင့် သူတို့နယ်မြေတွေထဲမှာ နိုင်ငံရေးခေါင်းဆောင်မှု တာဝန်ယူမှုမရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေဆိုရင် လက်မခံနိုင်ဘူးလို့ တိုးတိုးတဖုံ ကျယ်ကျယ်တဖွယ် ပြောလာနေကြတာကို သဘောပေါက်သင့်ပါတယ်။

ဆောင်းပါးက တော်လှန်ရေးက ရေတိုမှာလား ရေရှည်မှာလား ဖြစ်တယ်။ တော်လှန်ရေးမှာ အင်နဲ့ အားနဲ့ စည်းစည်းလုံးလုံးနဲ့ ခေါင်းဆောင်မှု ပြတ်ပြတ်သားသားနဲ့ဆိုရင် ရေတိုအတွင်း အသာစီးရနိုင်ပါတယ်။ ဒါကို အောင်ပွဲလို့ မခေါ်နိုင်ပါ။ ပြည်ထောင်စုကြီးတခုလုံး ဖယ်ဒရယ်ဒီမိုကရေစီစနစ် အာမခံနိုင်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းစွာ အသက်မွေးမြူရှင်သန်နိုင်ရေးတို့ကို ဖော်ဆောင်နိုင်အောင် ဆက်ချီတက်ကြဖို့ကတော့ ရေရှည်တိုက်ပွဲဖြစ်ပါတယ်။ ကိုလိုနစ်ခေတ်ကနေ မြန်မာပြည်လွတ်လပ်ရေးရအောင် လုပ်နိုင်တဲ့အရွေ့က ရေတိုအောင်ပွဲဖြစ်ခဲ့ပါတယ်။ လွတ်လပ်တရားမျှတညီညွတ်ငြိမ်းချမ်းသော မြန်မာပြည်ထောင်စုကြီး ဖော်ဆောင်ရေးအတွက် တော်လှန်ရေးဟာ ရေရှည်ဖြစ်တယ်။ ခုထိလည်း သည်လမ်းက မဆုံးသေးပါဘူး။ မြန်မာတွေက ဆေးမြီးတိုတွေပဲ ကြိုက်နေတုန်းလား။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar