မိုးသစ်ဝေ - မင်းဘဝကို မင်းချည်းပဲမပိုင်ဘူး
မင်းဘဝကို မင်းချည်းပဲမပိုင်ဘူး
မိုးသစ်ဝေ ပြန်ဆိုသည်။
(မိုးမခ) ဇွန် ၂၇၊ ၂၀၂၁
နှစ်စဉ်နှစ်တိုင်း အောက့်မေ့ဖွယ်ရာနေ့နား နီးလာပြီဆို ကျွန်တော်ကြားခဲ့ဖူးတဲ့ ဇာတ်လမ်းတပုဒ်ကို သတိရမိပါတယ်။ ဘယ်လောက်တိကျသလဲ ကျွန်တော်အတည်မပြုနိုင်ပေမယ့်၊ အချက်အလက်ကတော့ လုံးဝခိုင်မာတယ်၊ သူ့ပေးတဲ့မက်ဆေ့ချ်ကလည်း ပြန်ပြောပြရလောက်အောင် သေချာပေါက် ကောင်းတယ်လို့ ကျွန်တော် အာမခံပါတယ်။
ဒီဇာတ်လမ်းက အင်ဒရူးဆိုတဲ့ သူ့ဘဝတလျှောက်လုံး ကိုယ်ကျိုးမဖက် စွန့်လွှတ်ခြင်းတွေ၊ ကောင်းတဲ့အလုပ်တွေပဲလုပ်ခဲ့တဲ့ လူတယောက်အကြောင်း ဖြစ်ပါတယ်။ သူဟာ အမြဲတမ်း အကာအကွယ်မဲ့သူတွေအတွက် အကာအကွယ်အဖြစ် ရပ်တည်ခဲ့တယ်၊ မမောမပန်း ရုန်းကန်လှုပ်ရှားတယ်၊ အဖိနှိပ်ခံတွေ လူ့အခွင့်အရေးချို့တဲ့သူတွေအတွက် မားမားရပ်တယ်။ သူအသက်ကြီးလာတဲ့အခါ လူတွေက သူ့ဘဝတလျှောက်လုပ်ခဲ့တဲ့ ကောင်းမှုတွေအတွက် ဂုဏ်ပြုဖို့လုပ်ကြတယ်။ သူကတော့ ပတ်ဝန်းကျင်က သူ့အပေါ်ပေးအပ်မယ့် အာရုံစိုက်မှုတွေ ချီးမွမ်းမှုတွေကို လက်ခံရမှာ တွန့်ဆုတ်နေခဲ့တယ်။ အဲဒီအချိန်မှာပဲသူက သူ့နှလုံးသားမှာ နက်နက်နဲနဲ စွဲလောင်နေတဲ့ ပြန်ပြောရခက်တဲ့ ဇာတ်လမ်းတပုဒ်ကို ပထမဆုံးအကြိမ်အဖြစ် ပြောပြခဲ့ပါတယ်။
သူနေတဲ့ သြစထြီးယားကို ဂျာမန်တွေကျူးကျော်ခဲ့တုန်းက အင်ဒရူးဟာ ဆယ့်သုံးနှစ် သား လူငယ်လေးပဲရှိသေးတယ်။ သတ္တိနဲ့ မာနရှိတဲ့ သြစထြီးယန်းတွေဟာ ပြန်တိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အင်ဒရူးနေထိုင်တဲ့မြို့မှာ လူကြီးလူငယ်တွေ ပေါင်းစုခဲ့ကြပြီး၊ ဂျာမန်တွေ စစ်ရေးအတွက် ရှေ့ဆက်အားထားရမယ့် ဓာတ်အားပေးစက်ရုံကို ဖျက်ဆီးခဲ့တယ်။ အဲဒီ လူကြီးလူငယ်အားလုံးက ဒီကိစ္စဟာ သူတို့အားလုံးအတွက်လည်း အခက်အခဲ ကြီးကြီးမားမား ဖြစ်စေမှာကိုတော့သိပါတယ်။ သူတို့လည်း အဲဒီစက်ရုံကို မှီခိုနေရတာကိုး။ ဒါပေမယ့် သူတို့ ထည့်မတွက်မိတဲ့ကိစ္စက နာဇီတွေဆီကပြန်လာမယ့် အမြန်အဆန် အပြင်းအထန် တုံ့ပြန်မှုကိုပဲ။
နောက်တနေ့မနက် နေတောင်မထွက်သေးခင် ထရပ်ကားတွေ မြို့ထဲကို ဝင်လာတယ်။ မကြာခင် လမ်းတွေပေါ်မှာ စစ်သားတွေ ချီတက်လာသံကို ကြားရတယ်။ အသက် ဆယ့်နှစ်နှစ်နဲ့အထက် ယောကျာ်း လူကြီးလူငယ်အားလုံးကို မြို့တော်ရင်ပြင်ဆီကို ဆင့်ခေါ်ခဲ့တယ်။ အင်ဒရူးလည်း အိပ်ချင်နေသေးတဲ့ သူ့မျက်လုံးတွေကို လက်နဲ့သုတ်နေရင်း တခြား လူကြီးလူငယ်တွေကြားမှာ ရပ်နေခဲ့ရတယ်။
တပ်မှူးက သူတို့ကိုဆဲဆိုပြီး၊ ဂျာမန်စစ်တပ်ရဲ့အင်အားကို ဆန့်ကျင်နိုင်မယ်လို့ ထင်နေတာဟာ မိုက်မဲတာပဲလို့ပြောတယ်။ သူတို့ဟာ ဘာမှအဖြစ်မရှိဘူး၊ သူတို့ရဲ့ သေးသေး မွှားမွှားလုပ်ဆောင်ချက်လေးဟာ ဂျာမန်တွေရဲ့စစ်ရေးကို နှေးကွေးသွားအောင် မလုပ်နိုင်ဘူး၊ သူတို့ကိုပဲ ထိခိုက်လိမ့်မယ်၊ ဘာလို့လဲဆိုတော့ သူပုန်ထတဲ့အတွက် တန်ဖိုးတခု ပြန်ပေးဆပ် ရမှာမို့လို့ပဲဆိုပြီး သူတို့ကိုပြောတယ်။ တန်းစီနေတဲ့လူတွေထဲက အယောက်နှစ်ဆယ်မြောက် လူတိုင်းကို ပစ်သတ်မယ်လို့ သူကထပ်ပြောတယ်။
နှစ်ဆယ်ယောက်မြောက်လူတိုင်းကိုဆွဲထုတ်ပြီး အဝေးကိုခေါ်သွားနေချိန်မှာ အင်ဒရူးဟာ လူတန်းကိုကြည့်ရင်း စပြီးရေလိုက်တယ်။ နှစ်ဆယ်ယောက်မြောက်နေရာမှာ သူရပ်နေတာ သိလိုက်ရလို့ တုန်လှုပ်သွားတယ်။ စစ်သားတွေလာနေတာ သူနဲ့နီးလာလေ ကြောက်ပြီး ကတုန်ကယင် ဖြစ်လာလေဖြစ်နေတယ်။ ကံမကောင်းတဲ့လူတွေကို ခေါ်သွားတဲ့ မြို့စွန်ဆီက သေနတ်သံတွေ စပြီးကြားရတယ်။
ဂျာမန်တွေ လူတန်းတလျှောက် ဆက်လာနေတုန်း၊ တခြားသူတွေကလည်း လူရေနေကြပြီး သူ့တို့မျက်လုံးတွေက သနားတဲ့အကြည့် စိတ်ပူတဲ့အကြည့်တွေနဲ့ သူ့ကိုလှည့်ကြည့်နေကြတာ အင်ဒရူးမြင်ရတယ်။ သူ ထွက်လည်းပြေးချင်တယ်။ လှုပ်ရှားရမှာလည်း အရမ်းကြောက်တယ်။ သူ ပြေးဖို့ကြိုးစားရုံနဲ့တင်၊ ထရပ်ကားပေါ်ကနေ စက်သေနတ်နဲ့ချိန်ထားတဲ့ စစ်သားတွေက သူဆယ်ကိုက်လောက်မရောက်ခင်ပဲ သူ့ကိုပစ်ချလိုက်ကြမှာ။
ဒီအချိန်မှာပဲ အင်ဒရူးဆီမရောက်ခင် နောက်ဆုံးလူကို ဆွဲထုတ်နေတဲ့အခိုက်၊ ဂျာမန်တွေ တခြားဘက်လှည့်ကြည့်နေတုန်း၊ သူ့ပခုံးပေါ်ကို လက်တဖက် လာတင်တာ အင်ဒရူး သိလိုက်တယ်။ အဲဒီလက်က သူ့ကို အမြန်ဆုပ်ကိုင်လိုက်ပြီး၊ သူဘာဖြစ်မှန်း မသိလိုက်ခင်မှာပဲ သူ့ကို တနေရာစာ တွန်းဖယ်လိုက်တာခံလိုက်ရတယ်။ သူ့နောက်မှာ ရပ်နေတဲ့အဖိုးအိုက သူ့နေရာကို အမြန်လဲယူလိုက်တယ်။
အင်ဒရူးက အဲဒီ ရွှေရောင်ဆံပင်နဲ့လူကြီးကို ကြည့်လိုက်တော့ သူက ပြုံးပြတယ်။ သူ့ကိုလူတန်းထဲကခေါ်သွားလို့ အဝေးမရောက်ခင်မှာ အဲဒီအဖိုးအိုက အင်ဒရုးကို တိုးတိုး ပြောသွားခဲ့တယ်။ “မင်းဘဝက မင်းပိုင်တာချည်းပဲ မဟုတ်တော့ဘူးနော်၊ ဒို့နှစ်ယောက် စလုံးအတွက် သူ့ကို ရှင်သန်ပါစေ” တဲ့။
ရွာအစွန်ဆီသွားရင်း အဖိုးအို မြင်ကွင်းကပျောက်ကွယ်သွားတာကို အင်ဒရူးတယောက် တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့တယ်။ သူ့အတွက်ဖြစ်ရမယ့် သေနတ်သံတွေကိုကြားတော့ သူ့နှလုံးက ထခုန်တယ်။ အဲဒီအခိုက်မှာပဲ သူ့မျက်နှာပေါ် မျက်ရည်တွေစီးကျလို့၊ သူ့ဘဝဟာ သူတို့နှစ်ယောက်စလုဲးအတွက် တကယ်ဖြစ်စေရမယ်လို့ သူ ဆုံးဖြတ်ချက် ချလိုက်တယ်။ အဲဒီနေ့ကစပြီး သူမသိတဲ့အဖိုးအိုအနေနဲ့ သူစတေးခဲ့တာအတွက် ကောင်းကောင်းပြန်ရတယ်လို့ ခံစားရအောင် သူကြိုးစားနေထိုင်လာခဲ့တယ်။
သင်္ချိုင်းကုန်းမှာ အုတ်ဂူတွေနံဘေး လွင့်နေတဲ့အလံတွေကို စဉ်းစားမိတိုင်း၊ အင်ဒရူးရဲ့ ဇာတ်လမ်းကို ပြန်တွေးမိရင်း ဘယ်သူ့ဘဝကမှ သူတို့အတွက်ပဲဆိုင်တာ မဟုတ်ဘူးလို့ ကျွန်တော် သဘောပေါက်ခဲ့တယ်။ ကျွန်တော်တို့အကျိုးခံစားရဖို့ သူတို့ရဲ့ အခက်အခဲတွေ၊ အားထုတ်မှုတွေအပြင် သူတို့ရဲ့အသက်ကိုပါ တန်ဖိုးကြီးကြီးပေးဆပ်ခဲ့ကြတဲ့ လူအများအတွက် ပြန်ဆပ်ဖို့အကြွေးတွေ ကျွန်တော်တို့ကိုယ်စီမှာ ရှိပါတယ်။
လေပြည်ထဲမှာ အလံတွေကို ညင်သာစွာရိုက်ခတ်နေတဲ့ လေနဲ့အတူ၊ ကျွန်တော်လည်း ကျွန်တော့်ဘဝကို ဘယ်လိုရှင်သန်သွားရမလဲဆိုတာ သန္နိဌာန်အသစ် ချမှတ်လိုက်မိပါတယ်။
Your Life Is Not Your Own by Daris Howard , http://www.darishoward.com
မိုးသစ်ဝေ ပြန်ဆိုသည်။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar