ဦးနွေ - လမ်းထိပ်ကိုမရောက်ဖြစ်တော့ဘူး
လမ်းထိပ်ကိုမရောက်ဖြစ်တော့ဘူး
ဦးနွေ
(မိုးမခ)ဇွန် ၁၈၊ ၂၀၂၁
လမ်းထိပ်မရောက်တာ ကြာပြီပဲ ဖြစ်တယ်။ လမ်းထိပ်မှာဘာတွေရှိလဲ ကျွန်တော် ပြောပြမယ်။ လမ်းထိပ်မှာဝယ်နေကျ ကွမ်းယာဆိုင်လေး ရှိတယ်။ ဝယ်နေကျ စာအုပ်ဆိုင်ကလေး ရှိတယ်။ ဝယ်နေကျ Liquor Store လည်း ရှိတယ်။ ထိုင်နေကျကဖေးဆိုင်လည်း ရှိတယ်။ နောက်ပြီး ဘော်ဒါတွေနဲ့သောက်နေကျ ဆိုင်ကလေးလည်း ရှိပါတယ်။
လမ်းထိပ်မရောက်တာ ကြာပြီပဲ ဖြစ်တယ်။ ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်း ဒုတိယလှိုင်း လှိုင်းနှစ်လှိုင်းလုံး လမ်းထိပ်ကို ရောက်တယ်။ လူတယောက်ဟာ အိမ်ထဲမှာကြာကြာဘယ်နေနိုင်မလဲ။ ငြီးငွေ့တာပေါ့။ လူတယောက်ဟာ လှောင်အိမ်ထဲက ငှက်တကောင်မှမဟုတ်တာ။ လွတ်လွတ်လပ်လပ် သွားချင်တာပေါ့။ ပြင်ပက လေတွေကို ရှူရှိုက်ချင်တာပေါ့။
လမ်းထိပ်မရောက်တာကြာပြီပဲ ဖြစ်တယ်။ အရင်တုန်းက လမ်းထိပ်မှာ သူငယ်ချင်းတွေနဲ့ဆုံနေကျ။ ဆုံတာနဲ့ အချင်းချင်းညှိနှိုင်းပြီး ဟိုရွေ့ဒီရွေ့ ရွေ့ကြတာပေါ့။ မြို့အပြင်ဘက်က ရွာတွေမှာရှိတဲ့ ထန်းတောထဲသွားချင်သွားမယ်။ ဒါမှမဟုတ်ရင်လည်း ဘော်ဒါတယောက်ရဲ့ အိမ်တအိမ်မှာစုပြီး ဟိုအကြောင်းဒီအကြောင်းတွေ ပြောကြတယ်။ ရယ်မောစရာတွေလည်း ဖြစ်ချင်ဖြစ်မှာပေါ့။
လမ်းထိပ်မရောက်တာ ကြာပြီပဲ ဖြစ်တယ်။ လမ်းထိပ်ဟာ မြို့ထဲကိုသွားဖို့အတွက် အဓိက ဖြတ်ကျော်ရမယ့် နေရာတစ်ခုလည်း ဖြစ်တယ်။ လမ်းထိပ်မှာ မီးပွိုင့်ရှိတယ်။ လမ်းထိပ်မှာ ပဲခူးမြို့ကနေ မြို့တော်ကြီးကိုပြေးဆွဲနေတဲ့လိုင်းကားတွေရှိတယ်။ ပဲခူးမြို့အတွင်းနဲ့အနီးနားကရွာတွေကိုပြေးဆွဲနေတဲ့ ဆိုင်ကယ်ကယ်ရီသမားတွေ ရှိတယ်။ ဟိုနား ဒီနား ခရီးတိုလေးတွေ ပြေး ဆွဲနေတဲ့ ဆိုက်ကားသမားတွေ ရှိတယ်။
လမ်းထိပ်မရောက်တာ ကြာပြီပဲ ဖြစ်တယ်။ မင်းအောင်လှိုင်စစ်တပ်က အာဏာစသိမ်းတော့ ဆန္ဒထုတ်ဖော်ပွဲတွေ ပဲခူးမြို့အနှံ့ ပြုလုပ်ကြတယ်။ အဲ့ဒီအချိန်တုန်းက လမ်းထိပ်ကို ရောက်ဖြစ်သေးတယ်။ ဓာတ်ပုံရိုက်လိုက် ဗွီဒီယိုရိုက်လိုက်ဆန္ဒထုတ်ဖော်သူတွေနဲ့အတူလိုက်ပါပြီး ဟစ်ကြွေးလိုက်နဲ့။ နေ့တိုင်းဆိုသလိုပါပဲ။ တစ်ခါတစ်လေကျရင် ပညါရေးသပိတ်စစ်ကြောင်းက သူငယ်ချင်း ကျောင်းဆရာတစ်ယောက်ကို လမ်းထိပ်မှာ သွားကြိုရသေးတယ်။
လမ်းထိပ်မရောက်ဖြစ်တာ ကြာပြီပဲ ဖြစ်တယ်။ မင်းအောင်လှိုင်စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူတွေနဲ့ ဆန္ဒထုတ်ဖော်သူတွေကို လိုက်ပစ်တဲ့ အချိန်ကစပြီး လမ်းထိပ်ကိုမရောက်ဖြစ်တော့ဘူး။ တရက်ကဆို လမ်းထိပ်ကနေ မင်းအောင်လှိုင်စစ်တပ်ဝင်လာပြီးပစ်တာခတ်တာတွေလုပ်တယ်။ အဲ့ဒီအခါရှိတဲ့လက်နက်တွေနဲ့ လမ်းထဲက လမ်းသူလမ်းသားတွေခုခံကြတာပေါ့။ အဲ့ဒီနေ့က လမ်းသားတယောက် ကျည်ဆံထိမှန်ပြီး ကျဆုံးသွားတယ်။ အဲ့ဒီနေ့ကစပြီး လမ်းသွယ်လေး တွေကနေ လမ်းထိပ်ထိ ခံတပ်တွေလုပ်ပစ်လိုက်ကြတယ်။ အဲ့ဒါကြောင့် ကားတွေသွားလို့မရတော့ဘူး။ ဆိုင်ကယ်တွေကတော့ ဟိုကွေ့ဒီကွေ့နဲ့ သွားလို့ရတယ်။
လမ်းထိပ်မရောက်တာကြာပြီပဲ ဖြစ်တယ်။ လမ်းထိပ်မှာစစ်တပ်နဲ့ Defence Team တို့မျက်နှာချင်းဆိုင်အနေ အထားနဲ့ရင်ဆိုင်ထားတယ်။ ဆန္ဒထုတ်ဖော်ပွဲတွေလည်း လမ်းမတွေထိမလုပ်ကြတော့ဘဲ အကာအကွယ်ရှိတဲ့ လမ်းထိပ်ကခံတပ်နားထိပဲ ပြုလုပ်ကြတယ်။ နေ့ရောညရောဆိုပါတော့။ လမ်းထိပ်မှာ မင်းအောင်လှိုင်စစ်တပ်ဟာ နေ့တိုင်းချောင်းမြောင်းပြီး အခြေအနေကြည့်နေတယ်လို့ ကြားတယ်။ လမ်းထိပ်မှာရှိတဲ့ Defent Team ကလည်း သတိဝရိယနဲ့ နေနေရတာပေါ့။
လမ်းထိပ်မရောက်ဖြစ်တာ ကြာပြီပဲ ဖြစ်တယ်။ လမ်းထိပ်မှာ မင်းအောင်လှိုင်ရဲ့စစ်တပ်က လမ်းထဲက အကာ အရံတွေကို ဖယ်ရှားပေးရမယ်။ မဖယ်ရှားပေးရင် သေသည်အထိ ပစ်သတ်မယ်လို့ လော်နဲ့အော်ပြောနေတယ်လို့ လမ်းထိပ်က လူတွေ လမ်းထဲဝင်လာရင်း ပြောပြတယ်။ ရံဖန်ရံခါညတွေဆို လမ်းထိပ်မှာ သေ နတ်သံတွေ ကြားရတယ်။ ဆယ်ချက်လောက် ဆက်တိုက်ပစ်ဖောက်တဲ့ညတွေလည်း ရှိတယ်။ ပြီးတော့ လမ်းထိပ်မှာ ညဘက်ရောက်တိုင်း ကြွေးကြော်သံတွေနဲ့ဆန္ဒထုတ်ဖော်နေကြတာကို ကြားရပါတယ်။ "ဖိရင် ကြွမယ်။ ထိရင်ချမယ်" တဲ့။
လမ်းထိပ်မရောက်ဖြစ်တာ ကြာပြီပဲ ဖြစ်တယ်။ လမ်းထိပ်မှာ တာယာတွေကို မီးရှို့ထားကြလို့ မီးခိုးတွေအလုံးလိုက် ကောင်းကင်ပေါ်တက်နေတာကို လမ်းထဲကနေ တွေ့လိုက်ရတယ်။ လမ်းထိပ်အခြေအနေကောင်းရဲ့လား။ စိုးရိမ်စိတ်တွေနဲ့ သောကမျက်ဝန်းတွေနဲ့ လမ်းသားတွေ တယောက်တပေါက်ပြောကာ ကြည့်နေကြတဲ့အခါလည်း ရှိတယ်။ လမ်းထိပ်အခြေအနေမကောင်းရင် လမ်းသွယ်လေးတွေလည်း အခြေအနေမဟန်တော့ဘူးလေ။
လမ်းထိပ်မရောက်တာ ကြာပြီပဲဖြစ်တယ်။ လမ်းထိပ်ကလူတွေ လမ်းထဲဝင်လာတိုင်း လမ်းထိပ်အခြေအနေကောင်းရဲ့လားလို့ လမ်းထဲကလူတွေမေးရတာ အခါ ခါပဲ။ လမ်းထိပ်ကို မင်းအောင်လှိုင်စစ်တပ်လာသေးလား။ လမ်းထိပ်မှာ ဒီနေ့ဘာတွေဖြစ်သွားသေးလဲ ...စသဖြင့် မေးခွန်းပေါင်းမြောက်မြားစွာမေးကြတာပေါ့။ လမ်းထိပ်မှာ ဖုန်းတွေစစ်တယ်။ ခန္ဓာကိုယ်ပေါ်က တက်တူးတွေစစ်တယ်။ ပိုက်ဆံအိတ်တွေ စစ်တယ်။ ယာဥ်လိုင်စင် လူလိုင်စင်တွေ စစ်တယ်။ သုံးယောက် ဖမ်းသွားတယ်တို့။ လေးယောက်ဖမ်းသွားတယ်တို့။ လမ်းထိပ်ဟာ ရင်တထိတ်ထိတ်ပဲ။ အဲ့ဒါတွေ စစ်ပြီးရင် လမ်းထိပ်ကနေ မင်းအောင်လှိုင် စစ် တပ် လမ်းထဲဝင်လာမှာလား။
လမ်းထိပ်မရောက်တာ ကြာပြီပဲဖြစ်တယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြည်သူတွေလုပ်ထားတဲ့ လမ်းထဲကခံတပ်တွေနဲ့ လမ်းထိပ်က ခံ တပ်တွေကို မနက် ၄ နာရီကျော်လောက်ပစ်ခတ်ပြီး ဖြိုလိုက်တယ်။ ပဲခူးသားတွေ တစ်ရာအထက်ကျဆုံးသွားတယ်။ အဲ့ဒီနေ့ဟာ ပဲခူးသားတွေရဲ့ ရင်ထဲမှာ ဝမ်းနည်းကြေကွဲမှုတွေနဲ့ ပြည့်လျှံနေတဲ့ နေ့တစ်နေ့ပေါ့။ နောက်ပြီး လမ်းထိပ်ကို သွားချင်စိတ် လုံးဝကိုမရှိတော့ဘူး။
လမ်းထိပ်မရောက်ဖြစ်တာ ကြာပြီပဲဖြစ်တယ်။ လမ်းထိပ်မှာ အခုဆို စစ်ဆေးရေး ဂိတ်နှစ်ဂိတ်နဲ့။ သွားရ လာရတာ အာရုံနှောက်တယ်။ လမ်းထိပ်ကို ဘယ် တော့များမှ အန္တရာယ်ကင်းကင်းနဲ့ စိတ်ချလက်ချ သွားလို့ ရပါ့မလဲ။ ကိုယ့်လမ်းထိပ် ကိုယ်သွားတာတောင် လွတ် လွတ်လပ်လပ်မသွားရတဲ့ဘဝ။ လမ်းထိပ်ဟာ အာ ဏာသိမ်း အစိုးရရဲ့အောက်မှာ စစ်ဆေးရေးဂိတ်တွေနဲ့စစ်မြေပြင်အလား ထင်မှတ်မှားရပါတယ်။ အဲ့ဒါကြောင့် လမ်းထိပ်လေးတွေ လမ်းထိပ်ပီပီသသ ပြန်ဖြစ်ရဖို့ ပြည်သူအားလုံး ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်ကို တော်လှန်ကြစို့။ အရေးတော်ပုံ အောင်ရမည်။
ဦးနွေ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar