မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - အောင်ဝေး
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဇွန် ၁၈၊ ၂၀၂၁
-
အောင်ဆန်းသမီးကျောက်စာ
ညက အိပ်မက်
မနက်ရောက်တော့
တိမ်ပေါ်ခုန်တက် လိုက်သွားတယ်။
စိန်ခေါ်ရင်
တိမ်ပေါ်အထိလိုက်မယ်။
ငါက
အောင်ဆန်းသမီးကျောက်စာ ရေးဖို့
သိင်္ဃသူ့သမီးကျောက်စာ
ပြန်ဖတ်ချင်တယ်။
ငါက
မစ်ရှီဂန်မဲဇာမှာ
သိဃင်္သူ့သမီးက
ငါ ့အနားမရွိ။
ငါက
၂၁-ရာစုမွာ
၁၁-ရာစုကို
ငါလွမ်းသွား
သိင်္ဃသူ့သမီးကို ငါလွမ်းသွား။
မိုင်-၉၀၀၀ က
ငါ့သူငယ်ချင်းမောင်သာချို
ငါလှမ်းမှာ။
ငါ့သူငယ်ချင်းမောင်သာချို
သိဃင်္သူ့သမီး
ငါ့ဆီလှမ်းပို့ရှာ။
နေပြည်တော်မှာ
ဝံပုလွေတွေ အူတဲ့ကာလ
ရွေးကောက်ပွဲက
တောင်ပြိုကမ်းပြို နိုင်ပြီးစ
စစ်ခွေးတွေ ထဟောင်တယ်။
ဖေဖော်ဝါရီ(၁)
ရန်ကုန်မှာ လင်းအားကြီး
(မစ်ရှီဂန်မှာ
ဇန်နဝါရီ-၃၁၊ ညအားသည်း)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းသွားပြီ
သမ္မတကြီးဦးဝင်းမြင့်ကို ဖမ်းသွားပြီ။
သတင်းတွေ
ငါ့ဆီရောက်လာ
လိုင်းပေါ်မှာ
သတင်းတွေပျံ့နှံ့လာ။
ငါ မယုံဘူး
ခင်ဆွေရီလည်း မယုံဘူး။
လိုင်းပေါ်မှာ၊ လိုင်းပေါ်မှာ
ဘယ်သူရှိမလဲ
ငါကြည့်လိုက်တော့
မောင်သာချို စိမ်းနေတယ်။
ခေါ်လိုက်တယ်
မိုင်-၉၀၀၀ ကို
အောင်ဝေး ခေါ်လိုက်တယ်။
အောင်ဝေး။ ။ မြန်မာပြည်မှာ ဘာတွေဖြစ်နေသလဲ။
မောင်သာချို။ ။ ဒီကောင်တွေ ဘာတွေလုပ်ဦးမလဲ မသိပါဘူးဗျာ။
ဒီအချိန်
သူ့အိမ်ရှေ့မှာ
သူ့ကိုဖမ်းဖို့လာတဲ့
စစ်သားနဲ့ရဲတွေရောက်နေတာ
ငါ မသိခဲ့ဘူး။
ဒီအချိန်မှာ
ငါ့သူငယ်ချင်းမောင်သာချို
အန္တရာယ်ကို
ဘယ်လိုရင်ဆိုင်နေရသလဲ
ငါ မသိခဲ့ဘူး။
ညက အိပ်မက်
မနက်ရောက်တော့
တိမ်ပေါ်ခုန်တက် လိုက်သွားတယ်။
စိန်ခေါ်ရင်
တိမ်ပေါ်အထိ လိုက်ရမယ် မဟုတ်လား။
စစ်တပ်ဟာ
တက္ကသိုလ်က ပါမောက္ခတစ်ယောက်ကို
ထောင်ထဲထည့်လိုက်တယ်။
ငါ့သူငယ်ချင်းမောင်သာချို
မြန်မာစာပါမောက္ခမောင်သာချို။
သူက
သူ အဖမ်းမခံရခင်
ငါ့ဆီ သိင်္ဃသူ့သမီးကျောက်စာ
ပို့ပေးခဲ့။
စစ်တပ်က အာဏာသိမ်းပြီးတဲ့
ရက်ပေါင်း(၁၀၀)ကျော်။
စစ်ခွေးတွေကို
ငါ ပြန်ပစ်တဲ့ ကျည်ဆန်တွေ
ကဗျာ အပုဒ်(၁၀၀)ကျော်။
အာဏာသိမ်းစစ်အုပ်စုကို
ငါ ခုခံခဲ့တဲ့
တိုက်ပွဲ(၁၀၀)ကျော်။
ကျနော်လုပ်နိုင်ခဲ့တာ
ဒါပဲရှိတယ် ကိုသာချို။
က်ည္ကြယ္မ်က္ကြယ္မွာ
ကျနော်ရေးခဲ့တာ
ကျည်ဆန်(၁၀၀)ကျော်ပဲရှိပါရဲ့။
ခင်ဗျားကို ကျနော်အားနာတယ်
ကျည်လွတ်ရာမှာ
ကျနော် လိပ်ပြာမလုံဘူး ကိုသာချို။
အောင်ဆန်းသမီးကျောက်စာ
ကျနော် မရေးထိုးနိုင်ခဲ့ဘူး။
မုန်တိုင်းထဲမှာတော့
အလံဟာ မလဲပါဘူး။
အမှောင်ထဲမှာလည်း
အသံဟာ မစဲပါဘူး။
အလံ မလိပ်
အသံ မတိတ်တဲ့
သပိတ်တွေ၊ သပိတ်တွေ။
သပိတ်စုံ သူပုန်ထမတဲ့
တောင်တန်းပြည်မ ညီညွတ်ကြသတဲ့။
တော်လှန်စစ်ပွဲ တို့ဆင်နွှဲ တဲ့။
စစ်ပွဲဟာ
လမ်းပေါ်မှာ ဖြစ်သွားတယ်။
ထဘီဟာ
အလံ ဖြစ်သွားတယ်။
အေဖော်ခိုင့်သားလေး
တောင်ဥက္ကလာမှာ
ကျသွားတယ် ကိုသာချို။
ဟိုတယ်အင်းစိန်
နေဝင်ချိန်တွေမှာ
ခင်ဗျား ဘာကိုတွေးနေမလဲ။
ခင်ဗျားက
အနုပညာသူပုန်စိတ်ရှိသူ
ခင်ဗျားက
ရောမန်တစ်ဖြစ်သူ။
ခင်ဗျား ဘာတွေးနေမလဲ
ကျနော်သိတာပေါ့။
ရန်ကုန်ထောင်ကြီးမှာ
ကိုကြီးနုရယ်
ကိုဗဟိန်းရယ်
ပြီးတော့ စိုးနဲ့သန်းရယ်
အမျိုးသားလွတ်မြောက်ရေး
နယ်ချဲ့ဆန့်ကျင်ရေးဆွေးနွေးနေပုံ။
ယူနီယံအဆောက်အအုံမှာ
ရဲဘော်သုံးကျိပ် သန္ဒေတည်ခဲ့ပုံ။
ကိုအောင်ဆန်းက ဗိုလ်တေဇဖြစ်
ကိုလှမောင်က ဗိုလ်ဇေယျဖြစ်
ကိုလှဖေက ဗိုလ်လကျ်ာဖြစ်။
ရဲဘော်သုံးကျိပ်
ဂ်ပန္မွာ စစ္ပညာသင္ပုံ။
ဘီအိုင်အေသွေးသောက်ပုံ
အင်္ဂလိပ်နယ်ချဲ့ကိုမောင်းထုတ်ပုံ
ဂျပန်ကို ပြန်တော်လှန်ပုံ
၁၉၄၅ မတ်လ(၂၇)ရက်။
၁၉၄၅ ဇွန်လ(၁၉)ရက်
ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်
တတိယရင်သွေး သမီးကလေးမွေးဖွားပုံ။
အင်းစိန်ဆိုးငရဲမှာ
လူတွေကိုပဲ ချုပ်နှောင်ထားလို့ရမယ်
စိတ်ကိုတော့
တုပ်လှောင်ထားလို့ မရပါဘူး။
ခင်ဗျားစိတ်ထဲမှာ
ဗိုလ်ချုပ်သမီးကလေး
၂-နှစ်အရွယ်မှာ ဖတစ်ဆိုးဖြစ်ရပုံ။
အဲဒီ အဖမဲ့သမီးဟာ
၁၉၈၈-၂၀၁၀
စစ်အာဏာရှင်ခေတ်ကြီးတစ်ခုလုံး
နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ်ကျခဲ့ပုံ။
သေနတ်ကိုင်ထားတဲ့
စစ်ဗိုလ်ချုပ်ကြီးတွေက
စန္ဒယားတီးနေတဲ့
ပန်းပန်ထားတဲ့
အမျိုးကောင်းသမီးတစ်ယောက်ကို
ကြောက်လန့်နေကြပုံ
ရဲရဲ ရင်မဆိုင်ရဲကြပုံ။
ဒါတွေကို
ခင်ဗျားစိတ်က တွေးနေမှာပဲ
ကျနော်သိတယ် ကိုသာချို။
အောင်ဆန်းသမီးက
အောင်ဆန်းလိုပဲ
ကြီးမြတ်တယ် ကိုသာချို။
ပြည်သူချစ်လျှင်၊ ကမ္ပည်းတင်မည် တဲ့
၈၈-တုန်းက
အစ်ကိုကြီးမောင်စိမ်းနီရေးတဲ့
ကြွေးကြော်သံ။
ဂျပန်က မိမိလေးတို့ရဲ့
ဒေါက်ဖိနပ်လျှောက်သံ။
စစ်တပ်ကြီးတစ်ခုလုံးက
ဖိန့်ဖိန့်တုန်အောင် ခန့်ညားရ
ဘဝမှာ
(ပြည်သူတွေအတွက်)
သူ့လောက်စွန့်လွှတ်အနစ်နာခံနိုင်သူမရှိ။
အောင်ဆန်းသမီးကျောက်စာမှာ
ဒါကို ထည့်ရေးထိုးရမယ် ကိုသာချို။
သေနာပတိနဲ့
သေနာပတိပျက်လူတန်းစားတွေကတော့
သူတို့လမ်းအမှား
သူတို့ယန္တရား
လက်တွန်းလှည်းကလေးတွန်းပြီး
ငရဲပြည်သွားနေကြပေါ့။
စစ်တပ်က အာဏာသိမ်းတဲ့
ရက်ပေါင်း(၁၀၀)ကျော်မှာ
ကျနော်တို့ဘက်က
အပြစ်မဲ့(လက်နက်မဲ့)ပြည်သူတွေ
အသက်ပေါင်း(၈၀၀)ကျော်
ပေးဆပ္ခဲ့ရပြီ။
ကဗျာဆရာတွေထဲကဆိုရင်
ကေဇဝင်း
ကြည်လင်အေး
ခက်သီ
အာဇာနည်သုံးယောက် ကျဆုံးခဲ့ရပြီ။
ကမ္ဘာမကြေဘူး ကိုသာချို
ကမ္ဘာမေကြဘူး။
နွေဦးအရေးတော်ပုံဟာ
အကြမ်းမဖက်လှုပ်ရှားမှုကနေ
လက်နက်ကိုင်တော်လှန်ရေးဆီ
ကူးပြောင်းသွားပြီ။
တိုက်ပွဲပုံသဏ္ဍာန်ဆိုတာ
ရန်သူက ပြဋ္ဌာန်းတာပဲ မဟုတ်လား ကိုသာချို။
ဒါတွေကို
အင်းစိန်အကျဉ်းထောင်ထဲကနေ
ခင်ဗျားဘယ်သိနိုင်မလဲနော်။
ခင်ဗျား မသိနိုင်သလို
နေပြည်တော် ဘယ်နေရာမှာ
ချုပ်နှောင်ထားမှန်း မသိရတဲ့
ဒေါ်အောင်ဆန်းစုကြည်လည်း
ဘယ်သိနိုင်မှာလဲနော်။
ဒါပေမဲ့ ကိုသာချို
အောင်ဆန်းသမီးဟာ
(ဆရာမြသန်းတင့်ပြောသလို)
အောင်ဆန်းထက် တစ်လကြီးတယ် ကိုသာချို။
သမ္မတရူး
အာဏာရူးတစ်ယောက်ရဲ့ရှေ့မှောက်မှာ
စစ်တပ်ကြီးတစ်ခုလုံး
ပြားပြားမှောက် ဒူးထောက်နေတဲ့အချိန်။
ဓမ္မနဲ့ အဓမ္မကြား
ဘုန်းကြီးပွဲစားတွေကလည်း
သွေးစွန်းတဲ့လက်ကို
ပြေးပြေးလျက်နေတဲ့အချိန်။
ညက အိပ်မက်
မနက်ရောက်တော့
တိမ်ပေါ်ခုန်တက် လိုက်သွားတယ်။
စိန်ခေါ်ရင်
တိမ်ပေါ်အထိ လိုက်စတမ်း။
စစ်တပ်က အာဏာသိမ်းတယ်
စစ်တပ်က အစိုးရခေါင်းဆောင်တွေကိုဖမ်းတယ်
စစ်တပ်က ဆန္ဒပြပြည်သူတွေကိုသတ်တယ်
စစ်တပ်က သူတို့သေတွင်း
သူတို့တူးနေတာ မသိဘူး။
ဒါပေမဲ့
ဒေါ်အောင်ဆန်းစုကြည်က သိတယ်။
အာဏာသိမ်းစစ်အုပ်စုက
အာဇာနည်ကျောက်တိုင်တွေကိုဖြိုတယ်။
အာဏာသိမ်းစစ်အုပ်စုက
ရှစ်လေးလုံးအထိမ်းအမှတ်ဗိမာန်တွေကိုဖြိုတယ်။
အာဇာနည်ကျောက်တိုင်ကိုဖြိုလို့ရတယ်
အာဇာနည်စိတ်ထားကို ဖြိုလို့မရ။
ရှစ်လေးလုံးအထိမ်းအမှတ်ဗိမာန်ကိုဖြိုလို့ရတယ်
ရှစ်လေးလုံးစိတ်ဓာတ်ကို ဖြိုလို့မရ။
ဒါတွေကိုလည်း
စစ်တပ်က မသိဘူး။
ဒါပေမဲ့
ဒေါ်အောင်ဆန်းစုကြည်က သိတယ်။
စစ်ခွေးရွေးကော်က
NLD ပါတီကို ဖျက်မယ်ပြောတယ်။
ပါတီကိုဖျက်လို့ရတယ်
ပြည်သူရဲ့ထောက်ခံမှုကိုတော့
ဖျက်လို့မရဘူး။
ဒါကိုလည်း
အာဏာသိမ်းသမ္မတရူးက မသိဘူး။
ဒါပေမဲ့
ဒေါ်အောင်ဆန်းစုကြည်ကသိတယ်။
"ပြည်သူရှိနေသမျှ
ပါတီရှိနေမယ်" တဲ့
ပထမဆုံးအကြိမ် လူကိုယ်တိုင်ရုံးအထုတ်
ကိုယ်စိတ်နှလုံးသုံးပါးနဲ့
နှုတ်ဖျားက မိန့်တယ်။
အောင်ဆန်းသမီးက
(ဆရာမြသန်းတင့်ပြောတဲ့အတိုင်း)
အောင်ဆန်းထက် တစ်လကြီးတယ် ကိုသာချို။
အောင်ဆန်းသမီးကျောက်စာ
ရေးထိုးတဲ့အခါ
ဒါကို လှလှပပထည့်ရမယ်။
အမေရိကန်ကဗျာဆရာမကြီး
မာယာအိန္ဂ်ယ္လိုက
လှောင်ချိုင့်စံငှက်
ဘာကြောင့်တေးသီသလဲဆိုတာ
သူသိသတဲ့။
အောင်ဆန်းသမီးဟာ
ခရီးကိုလည်းသိတယ်
ပန်းတိုင်ကိုလည်းသိတယ်
လမ်းရဲ့မှော်ဆန်မှုကိုလည်း သိသူပေါ့။
ပြင်သစ်သမိုင်းမှာ
နာဇီလက်အောက်မှာလောက်
သူတို့လူမျိုးတွေ လွတ်လပ်တာမရှိဘူး တဲ့။
မကြောက်ရင်
လြတ္လပ္တာပဲ တဲ့။
ပြင်သစ်မျိုးချစ်တွေ
ဟစ္တလာကို မေကြာက္လို့
နာဇီလက်အောက်က
လွတ်မြောက်ခဲ့တာပဲ တဲ့။
မကြောက်တတ်ရင်
စိတ်ဟာ လွတ်လပ်နေတယ်။
လွတ်လပ်တဲ့စိတ်ဟာ
လွတ်မြောက်ရေး
ရောင်နီကိုမြင်တယ်။
လွတ်မြောက်ရေး
တေးသံကိုကြားတယ်။
စိတ်ဟာ လွတ်လပ်နေရင်
လွတ်မြောက်ရေး
အရေးတော်ပုံကိုလည်း ဆင်နွှဲတယ်လေ။
မေကြာက္တတ်သူ
လွတ်မြောက်ရစမြဲ။
စစ်တပ်ဟာ
သေနတ်ကြီးကိုင်ပြီး
ပြည်သူက အမေလို့ခေါ်တဲ့
အမျိုးကောင်းသမီးတစ်ယောက်ကို
ကြောက်နေရဲ့။
စစ်တပ်ဟာ
သေနတ်နဲ့အကြောက်တရားကလွဲ
ဘာမှမရှိတဲ့
Institution အတုကြီးပဲ။
စစ်တပ်ဟာ
စစ်တပ်အကြောင်းကို
ကောင်းကောင်း မသိဘူး။
ဒါပေမဲ့
အောင်ဆန်းသမီးက သိတယ်။
သိလို့လည်း
ကျမဖေဖေ ထူထောင်ခဲ့တဲ့တပ်မတော် လို့
ပြေါတာပဲ။
ကျော်ငြိမ်းတပ်မတော် မဟုတ်ဘူး
နေဝင်းတပ်မတော် မဟုတ်ဘူး
သန်းရွှေတပ်မတော် မဟုတ်ဘူး
မအလတပ်မတော် မဟုတ်ဘူး။
ကျမဖေဖေ ထူထောင်ခဲ့တဲ့တပ်မတော်
ပြည်သူ့တပ်မတော်။
အစိမ်းရောင်မိစ္ဆာ
အာဏာသိမ်းစစ်သားဟာ
မယားစကားနဲ့
အမိန့်ဓားသွားကိုပဲ သိတယ်။
သမိုင်းရဲ့ တံတွေးခွက်ထဲ
မှောက်လျက်မျောမှာကို မသိ။
စစ်တပ်ဟာ
ပြည်သူက မဖြိုခင်
သူတို့ပြိုနေတာကို မသိ။
ရဲဘော် သေမှ ငရဲလားတာ မဟုတ်
မသေခင်
ငရဲသွားနေတာကို မသိ။
မသေမရှင်
(လူထုရဲ့အမုန်းမီးလျှံဝမှာ)
ပျောက်သွားမှာကို မသိ။
ဒါပေမဲ့
အောင်ဆန်းထက် တစ်လကြီးတဲ့
အောင်ဆန်းသမီးက သိတယ်။
အမှောင်ထဲမှာ
အာဏာသိမ်းစစ်အုပ်စုရဲ့
အတ္တအမှောင်ထဲမှာ။
အာဏာရူးနဲ့ ပါတီရူး
လောဘအမှောင်ထဲမှာ။
သမ္မတရူးနဲ့ ဘုန်းကြီးရူး
မောဟအမှောင်ထဲမှာ။
ဟော ...
"ပြည်သူရှိနေသမျှ
ပါတီရှိနေမယ်"
ခဏလေးမြင်ရတယ်
တစ်ခွန်းပဲပြောတယ်
တစ်လောကလုံးလင်းလက်သွားတယ် တဲ့။
အမှောင်ထဲမှာ
ကြယ်တွေက တောက်ပနေတာပါပဲ။
ကြယ်ကြွေရင်
ပန်းပွင့်ဖြစ်တယ်။
နွေဦးမှာ
နီနီရဲရဲ ပန်းတွေပွင့်တယ်။
ကိုသာချို
GZ လှုပ်ရှားမှု ခင်ဗျားသိလား
ဘီလုံးငှက်တော်လှန်ရေး ခင်ဗျားသိလား
CDM ခင်ဗျားသိလား
CRPH ခင်ဗျားသိလား
PDF ခင်ဗျားသိလား။
အင်းစိန်တောရ
နရသိန်လောကမှာ
ခင်ဗျား ဒါတွေ ဘယ်သိနိုင်ပါ့မလဲ။
ဒါပေမဲ့
ဒေါ်အောင်ဆန်းစုကြည်က သိရဲ့။
ရိက္ခာအတွက်
လိပ်ပြာနဲ့ မလဲဘူး။
စစ်ခွေးတွေပေးတာ
မယူဘူး။
လိုအပ်တာ
ရှေ့နေတွေကို အကူအညီတောင်းတယ်။
ရှေ့နေတွေဟာ
ပြည်သူတွေပဲ။
ပြည်သူတွေဟာ
ဒေါ်အောင်ဆန်းစုကြည် ဘာကိုဆိုလိုသလဲ
သဘောပေါက်တယ်။
ဒေါ်အောင်ဆန်းစုကြည်
CDM ကို သိပါ့မလား
ဒါပေမဲ့
သူလည်း CDM ပဲ။
CDM ရယ်
PDF ရယ်
ဖက်ဒရယ်ဒီမိုကရေစီစိတ်သတ္တိရယ်
ဒီသုံးခု နိုးထရှင်သန်လာပေါ့
အာဏာသိမ်းစစ်အုပ်စု နေဝင်ချိန်ရောက်ပြီ။
အဆုံးသတ်တိုက်ပွဲ
အကျဉ်းထောင်ထဲမှာလည်း
အလင်းရောင်ကိုရှာပါ ကိုသာချို။
အမှောင်ထဲမှာလည်း
သူရဲကောင်းစိတ်ဓာတ်နဲ့
လွတ်လပ်တဲ့ကြယ်တွေ
တောက်ပနေကြဆဲပါ။
အရုဏ်တက်ခါနီးအချိန်ဟာ
အမှောင်ဆုံးအချိန်လို့ဆိုတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ
အဲဒီအမှောင်ဆုံးခေတ်ကြီးမှာ
အလွတ်လပ်ဆုံး
အရဲရင့်ဆုံးနဲ့
အတောက်ပဆုံးကြယ်ပေါ့။
ညက အိပ်မက်
မနက်ရောက်တော့
တိမ်ပေါ်ခုန်တက် လိုက်သွားတယ်။
စိန်ခေါ်ရင်
တိမ်ပေါ်အထိ လိုက်ရစမြဲ။
ငါ့သူငယ်ချင်းမောင်သာချို
သူအဖမ်းမခံရခင်
ငါ့ကို သိင်္ဃသူ့သမီးကျောက်စာ
ပို့ပေးခဲ့တယ်။
ငါ့သူငယ်ချင်းမောင်သာချို
သူပြန်လွတ်လာတဲ့အခါ
သူ့ကို ငါ
အောင်ဆန်းသမီးကျောက်စာ ပေးဖတ်ရမယ်။ ။
အောင်ဝေး
(ဇွန် ၁၅၊ ၂၀၂၁)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar