Breaking News

ကျော်ကျော် မြရည်စမ်း - လင့်စောင့်ခြင်း

လင့်စောင့်ခြင်း
ကျော်ကျော် မြရည်စမ်း
(မိုးမခ)ဇွန် ၁၈၊ ၂၀၂၁


"ဆေးလိပ်သောက်ချင်သောက်ထား...ပေါက်ချင်လည်း အခုကတည်းက ပေါက်ထား''

ဘရန်အောင်က တူမီးထမ်းရင်း ရှေ့မှလျှောက်နေသည်။ လမ်းလျှောက်ရင်း နောက်သို့ငဲ့ကြည့်ပြီး ဆရာကြီးလေသံဖြင့် ညွှန်ကြားချက်ထုတ်သည်။ မှန်ပါသည်။သူက ယခုကိစ္စတွင် ဆရာကြီးဖြစ်သည်။ ကျွန်တော်က တပည့်။ တပည့်မှ မနူးမနပ်တပည့်။
မနက်အစောကတည်းက သူနှင့်ကျွန်တော် ဝါးခုတ်ကြသည်။ ဖန်းခါးပင်ကြီးနှင့်မလှမ်းမကမ်းအထိ ဝါးများထမ်းလာခဲ့ကြသည်။ လင့်ထိုးဖို့ အပင်ကိုလည်း သူပဲ ရွေးချယ်ခဲ့သည်။ ''တက်လို့ ဖြစ်မလား...ဒီအပင်''

လောက်သေပင်ကြီးတစ်ပင်ကို ပြရင်း မေးသည်။ အပင်ကြီး၏ လက်ခုပ်တစ်ဖောင်လောက်အထိက ပြောင်ပြောင်ချောချာ။
"ရတယ်...ရအောင်တက်မယ်''
သူနှင့်ကျွန်တော် သစ်ပင်ခွဆုံနေရာမှာ လင့်ထိုးထားခဲ့ကြသည်။
----------------------------------------------------------
တစ်နေ့ညနေက သူနှင့်ကျွန်တော် ထိုနေရာလေးက ဖြတ်လာခဲ့ကြသည်။ ကျွန်တော်က ခွေးတစ်ကောင် ထွက်ပြေးသွားသည်ဟု ထင်လိုက်သည်။ ဘရန်အောင်က ''ချေကြီး...အတော်ကြီးတယ်''ဟု ပြောသည်။ နောက်တစ်နေ့တွင့် ရအောင်ပစ်မည်ဟု သူက ပြောသည်။ ကျွန်တော်က မြင်ဖူးချင်သည်။

"လိုက်ခဲ့လေ...စကားတော့နားထောင်''
သူက သဘောတူသော်လည်း စည်းကမ်းချက်တော့ ထုတ်သည်။
---------------------------------------------------------------------------------
ည ၉ နာရီထိုးပြီးသောအခါ မည်းမည်းသဏ္ဌန်တခုသည် ဖန်းခါးပင်ကြီးအနီးသို့ ချဥ်းကပ်လာသည်။ ဘရန်အောင် ၏ သေနတ်ပြောင်းကို အသက်မရူဘဲ ကြည့်နေမိသည်။ သေနတ်ပြောင်းဝက ကျွန်တော်မြင်မိသည့် မည်းမည်းသဏ္ဌန်နှင့်လွဲချော်နေသည်။ ကျွန်တော်စကားတစ်ခွန်းမျှ မဟရဲ။ မောင်းဆွဲလိုက်သည့် ''ကလစ်''ဟူသောအသံကို ကြားပြီးနောက် ''ဖောက်''. ..''ဒိန်း''ဟူသော အသံကြီး မြည်ဟည်းသွားသည်။ သေနတ်ပြောင်းဝမှ ထွက်နေသော မီးခိုးများကိုကြည့်ရင်း ကြက်သေသေနေမိသည်။ ဘရန်အောင်က ဆေးပေါ့လိပ်ကို မီးညှိသည်။ တစ်ဖွာနှစ်ဖွာ ဖွာပြီးနောက် ကျွန်တော့်ကို ပေးသည်။

"မလိုက်ခဲ့နဲ့ဦး...ဆေးလိပ်သောက်နေ''

ကျောမှာလွယ်ထားသည့် လင်းကင်းဓားကိုထုတ်ပြီး လင့်စင်ပေါ်မှ ဆင်းသွားသည်။ ကျွန်တော်က ဆေးလိပ်ဖွာဖို့ သတိမရ။ ဆေးလိပ်ကိုင်ရင်းသာ သူ့ကို ကြည့်နေမိသည်။ ဆင်းခဲ့ရန် လက်ပြခေါ်သဖြင့် လင့်မှထွက်ပြီး ပင်စည်ကို လျောဆင်းလိုက်သည်။ သူ့ထံသွားလိုက်သည်။ သူ့ဘေးတွင် ကျားသေကြီး။ ''ဓာတ်မီးမယူလာမိဘူး...ငါလည်းပေါ့တယ်'' ဂက်စ်မီးခြစ်ကို ခြစ်လိုက်သည်။

လင်ဗန်းပေါက်စအရွယ် မျက်နှာကြီးက ထိတ်လန့်ဖွယ်...။ နှာခေါင်းနေရာတွင် အပေါက်ကြီးတစ်ပေါက်။
"တော်သေးတယ်...ကျည်မကြီးနဲ့ ထိသွားလို့''

ပြောပြောဆိုဆိုဖြင့် ကျားကြီး၏လက်ပြင်နေရာကို မီးခြစ်၍ ကြည့်နေပြန်သည်။

"သိပ်မဝေးတော့ စရိတ်တွေလည်း စုဝင်သွားတယ်...အဲတာကြောင့် အသံကို မထွက်တော့ဘူး''
သွေးအလိမ်းလိမ်းများကို မြင်ရသဖြင့် ကျောချမ်းသွားသည်။
--------------------------------------------------------------------
နှစ်ပေါင်း ၃၀ ခန့်ကြာမြင့်သောအခါ မြို့ကလေးသို့ ကျွန်တော်ပြန်ရောက်သည်။ ဘရန်အောင်လည်း တနယ်တကျေးသို့ ရောက်သွားပြီ။ သူ့ကို သတိရစိတ်ဖြင့် လင့်စင်နေရာလေးကို မှန်းဆရင်း သွားခဲ့သည်။ လူနေအိမ်တချို့၊ အသုံးပြုပုံမရသည့်ရထားသံလမ်းများ၊​​ မြေပြင်ပေါ်တွင် ထိုးထိုးထောင်ထောင်ဖြစ်နေသော တစ်ခါသုံးဆေးထိုး အပ်များကို ကျော်လွန်သောအခါ ဖန်းခါးပင်ကြီးကို ရှာတွေ့သည်။ ရေ​မြေနှင့်ရာသီဥတုက အတော်ပင် ပြောင်း လဲနေပေပြီ။ လင့်ထိုးခဲ့ရာ လောက်သေပင်က ရထားလမ်းဖောက်လုပ်ရာ ပါသွားပုံရသည်။

"ကိုဘရန်...မုဆိုးစည်းကမ်းဆိုတာ ရှိသလား''
"ဘာကို ပြောတာလဲ...''
"ကြားဖူးတာ မေးကြည့်တာပါ။ ချေပစ်ဖို့လာရင် တခြားအကောင် မပစ်ရဘူးတို့... ဘာတို့ဗျာ''
"ရှိချင်ရှိမှာ...အဲတာတော့မသိဘူး၊
အခုအကောင်ကြီးက ချေကို ချောင်းနေတာဗျ''

ထိုနေ့ညက ကျားပစ်ပြီးအပြန်လမ်းတွင် သိချင်တာကို မေးမိသေးသည်။ တကယ်တော့ ကျွန်တော်က ဘာမျှသိသည်မဟုတ်။ သူ့ထံမှလည်း ရေရာသော အဖြေမရခဲ့။

"အဲတာ ထားပါလေ...အဲ့ကောင်ကြီးကို ပစ်မသတ်ရင် မင်းနဲ့ငါ အိမ်ပြန်လို့ မရဘူးနော့''

ချေကလေးတစ်ကောင် ဟောက်ရာမှ ပြန်အန်ထွက်လာပုံရသည့် ဖန်းခါးစေ့ကလေးတစ်စေ့ကို အမှတ်တရ ကောက်ယူခဲ့ပါသည်။

ကျော်ကျော် မြရည်စမ်း
၁၆၊ ဇွန်၊၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar