စိမ်းစို - နွေဦးက ခြွေသွားတဲ့ ကြယ်တွေ (၁)၊ ကဗျာဆရာမကြည်လင်အေး (ခ) ဒေါ်မြင့်မြင့်ဇင်
နွေဦးက ခြွေသွားတဲ့ ကြယ်တွေ (၁)
ကဗျာဆရာမကြည်လင်အေး (ခ) ဒေါ်မြင့်မြင့်ဇင်
စိမ်းစို
(မိုးမခ) ဇွန် ၃၀၊ ၂၀၂၁
သေသေချာချာမှတ်မိနေတာကအဲဒီနေ့ တွေတုန်းကမနက်လင်းပြီဆိုတာနဲ့ ဒီနေ့တော့ မြန်မာပြည ရဲ့ ဘယ်မြို့ ဘယ်နေရာတွေမှာလူတွေအသတ်ခံရဦးမလဲဆိုတာဘယ်သူမှ မတွေးဘဲမနေနိုင်လောက်အောင်ကိုဖြစ်နေတယ်။
နွေဦးတော်လှန်ရေး က တစ်ပြည်လုံးမှာအရှိန်ကောင်းကောင်းနဲ့ အားကောင်းကောင်းကိုတောက်လောင်နေတယ်။
ပြီးခဲ့တဲ့ လေးငါးရက် ကတင် နောက်ဆုံးအသေအပျောက် မရှိသေးဘဲကျန်နေသေးတဲ့ ရန်ကုန် တောင် ကျဆုံးစာရင်းဝင်သွားရပြီမို့ ဆန္ဒထွက်ပြလိုက်တာနဲ့ အပစ်ခံရပြီးသေကောင်းသေသွားနိုင်တယ် ဆိုတာလူတိုင်းသိနေခဲ့ရပြီလို့ ပြောရမယ်။
အခုပြန်စဉ်းစားကြည့်တော့ ထပ်ပြီးမှတ်မိတာကအဲဒီနေ့ က နေ က ဆိုးဆိုးရွားရွားကြဲကြဲတောက်တောက် ကြီးကိုရန်ကုန်မြို့ မှာပူနေတယ်။
နွေခေါင်ခေါင်ကြီးရောက်ခဲ့ပြီလို့ကိုပြောရပါမယ်။
မြန်မာပြည် တနံတလျားလုံးမှာတော့ နွေဦးတော်လှန်ရေးကြီး က တဝုန်းဝုန်းနဲ့ကိုတောက်လောင်နေပါတယ်။
…………………………… …………………………. ………………………….
မှတ်ဉာဏ်တွေကို ကျွန်တော် ပြန်ခေါ်ကြည့်တော့ အဲဒီနေ့ကထုံးစံအတိုင်းလမ်းထိပ်ဘက်က သပိတ်စခန်းကိုကလေးတွေစားကြဖို့ ကျွန်တော် ထမင်းဗူးတွေသွားပို့တယ်။
ပြန်တက်လာပြီးဝိုင်ဖိုင် တပ်ထားတဲ့ အိမ်ပေါ်မှာပဲသုံးဖို့ လောလောဆယ် အခွင့်အရေးရှိနေတဲ့ အင်တာနက် ပေါ် ပြန်တက်လာတော့ အလန့်တကြားနဲ့ ဟိုမှာတော့ ပစ်နေပြီဒီမှာတော့ ကျကုန်ပြီအစရှိတဲ့ အလွန် စိတ်နှလုံးတုန်လှုပ် ခြောက်ခြားဖွယ် ကောင်းလှတဲ့ သတင်းဆိုးတွေတက်လာတယ်။
တကယ်ကမနက် စောစောကတည်းကမြန်မာပြည် မြို့ရွာအနှံ့ က ကျဆုံးစာရင်းတွေဖြိုးတိုးဖြောက်တောက် တက်လာနေပါပြီ …. နာရီကိုကြည့်လိုက်တော့ မွန်းတောင်တည့်တော့မယ်။
ဖြစ်ရပုံများအဲဒီနေ့တွေမှာနေမြင့်လေကျဆုံးစာရင်းတွေတက်လာလေနဲ့ လူ က ရူးမတတ်တောင် ထင်ရတယ်….
အဲဒီမှာပဲမပန် (ကဗျာဆရာမပန်ဒိုရာ) ဆီကပို့စ်တစ်ခုဗြုန်းဆိုတက်လာတယ်….
‘ကဗျာဆရာတွေကျကုန်ပြီ’တဲ့ ….
မြင်လိုက်ရတဲ့ စာလုံးတွေကဝါးနေတယ်…. အဲဒီမှာပဲဟိုကဒီကပို့စ် တွေအစီအရီတက်လာတယ်…. ကဗျာဆရာကေဇဝင်းနဲ့ ကဗျာဆရာမကြည်လင်အေးတော့ မုံရွာမှာကျသွားပြီတဲ့ …. အဲဒီမှာပဲနောက် နာရီပိုင်းအတွင်းလက်ပံတောင်းတောင် ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော် အနည်းအကျဉ်းသိနေတဲ့ ကေဇဝင်းရဲ့ အကြောင်းတွေတက်လာတယ်….ကြိုကြားကြိုကြားတော့လည်း ကျွန်တော် လုံးလုံးမသိတဲ့ ကဗျာဆရာမကြည်လင်အေး (ခေါ်) ဒေါ်မြင့်မြင့်ဇင် ရဲ့ အကြောင်းတွေတက်လာတယ်။
ကြည်လင်အေး က ဆရာမတဲ့ ….
အသက်က ၃၆ နှစ် တဲ့ ….
ကြည့်ရတာတော့ အိမ်ထောင် ရှိဟန် မတူ၊ ကြည့်နေရင်းနဲ့ မုံရွာမြို့ ရဲ့ လမ်းဘေးတစ်နေရာအုတ်တံတိုင်းတစ်ခုရဲ့ ဘေးမှာသေနတ်ဒဏ်ရာနဲ့ လဲနေတဲ့ ကြည်လင်အေးနဲ့ ဒဏ်ရာအပေါ်အဝတ် နဲ့ အုပ်ဖိပေးထားတဲ့ ကောင်မလေးနှစ်ယောက် ရဲ့ ဓာတ်ပုံတက်လာတယ်။
ကြည့်ရတာတော့ ကြည်လင်အေး က အသက် ရှိဟန် မတူတော့ ။
ကဗျာဆရာတွေကျကုန်ပါပြီ ….
မပန် ပြောသလိုကဗျာဆရာတွေကျကုန်ပါပြီ။
ပူပြင်းတောက်ပလှတဲ့ မတ်လ ၃ ရက်နေ့ ရဲ့ မွန်းတည့်ချိန် မှာကဗျာဆရာတွေကျကုန်ပါပြီ။
…………………………………. ……………………….. ……………………………..
နောက်ဆက်တွဲသတင်းတွေအရတော့ ကေဇဝင်းကိုမီးသဂြိုဟ် ဖြစ်ပြီးအရိုးပြာကိုဂူသွင်းတယ် ထင်တယ်။
ကြည်လင်အေးကတော့ ဂူပဲသွင်းတယ် ကြားတယ်။
နောက် နှစ်လလောက် ကြာတော့ ရွှေဘို က ကဗျာဆရာခက်သီမုံရွာဘက်မှာပဲထပ်ကျပြန်တယ်။
ကေဇဝင်းအကြောင်း ကျွန်တော် ကဗျာရေးဖြစ်တယ်၊ ခက်သီအကြောင်းလည်းရေးဖြစ်တယ်…. တစ်နေ့ကတော့ ကြည်လင်အေးအမှတ်တရ ကျွန်တော် ကဗျာလေးတစ်စခြစ် ဖြစ်တယ်။
တိုက်တိုက်ဆိုင်ဆိုင် ပြောရပါမယ်…. မနေ့ကပဲ ကျွန်တော့် သူငယ်ချင်းတစ်ယောက် ရဲ့ ရုံး က ကျွန်တော် ပြန်မယ် အလုပ်မှာသူငယ်ချင်း က အတော်ပဲဆိုပြီးရုံးအောက်ထပ် မှာရောက်နှင့်နေတဲ့ လူငယ် တစ်ယောက် နဲ့ ကျွန်တော့်ကိုမိတ်ဆက်ပေးတယ်။
အသားညိုညိုအရပ် မြင့်မြင့် အသက် သုံးဆယ်လောက်ပဲရှိသေးပုံရတဲ့ အဲဒီလူငယ် က ကြည်လင်အေးရဲ့ မောင် ပါတဲ့ …..
အလုပ်က ကျွန်တော့် အခြားသူငယ်ချင်းတစ်ယောက် ရဲ့ ရုံးမှာအင်ဂျင်နီယာလုပ်နေတာပါတဲ့ …..
အဲဒီတော့မှ ကျွန်တော်လည်းအဲဒီနေ့ကမှတ်မှတ်ရရမပန် ဆီက စ သိတာလို့ ပြောပြီးကြည်လင်အေးအတွက် ဝမ်းနည်းမိတဲ့ အကြောင်း ကျွန်တော်တို့ ကဗျာအသိုင်းအဝန်းကိုယ်စားပြောရတယ်။
အဲဒီမှာပဲသိရတာကကြည်လင်အေးကောကေဇဝင်း ပါ တပြိုင်တည်းကျတယ်….
နေရာကမုံရွာမြို့ ဘုရားနီမီးပွိုင့် နားမှာတဲ့ …. စုစုပေါင်းကိုးယောက် တပြိုင်တည်းကျတာပါတဲ့ …. ကြည်လင်အေးကိုထိတဲ့ ကျည် ဟာရင်ဘတ်ကိုဖောက်ပြီးနံရိုးတွေပါ ကျိုးပြီးဖောက်ထွက်သွားတာပါတဲ့ …. ကျည်ဆံပြန်မရပါတဲ့ …. ကျည်ဆံလာတဲ့ လမ်းကြောင်းကိုကြည့်ရတာအမြင့် တစ်နေရာ က လာတဲ့ ပုံပါတဲ့ …. ကြည်လင်အေးဆေးရုံကိုအသက် ပါမလာပါတဲ့ …. ကေဇဝင်းကတော့ ကျဆုံးအပြီးအလောင်းကိုတရွတ်ဆွဲယူသွားခံရပါသတဲ့ …. ကြည်လင်အေးကတော့ လူနာတင်ကားတစ်စင်းနဲ့ တစ်စင်းအပြောင်းအလဲလုပ်ပြီးမူလစီစဉ်ထားရာဆေးရုံမဟုတ်ဘဲနောက်တစ်ရုံကိုသွားခဲ့လို့ အလောင်းချက်ချင်းပြန်ရခဲ့တာပါတဲ့ …. ကေဇဝင်းကတော့ နောက်တစ်နေ့ မှ အလောင်းသွားထုတ်ရတာတဲ့။
အစုလိုက် အပြုံလိုက် ကြည်လင်အေးရဲ့ နောက်ဆုံးကိုယ်ရေးအချက်အလက် တွေဟာ ကျွန်တော့် ဆီရောက်လာတယ်။
ကဗျာဆရာမစာရေးဆရာမကြည်လင်အေး …. အမေမွေးတဲ့အမည်ကဒေါ်မြင့်မြင့်ဇင် …. အသက်က ၃၆…. အလုပ်အကိုင်က ပြင်ပဆရာမ…. တစ်ဆက်တည်းဒီလိုပုံကြီးနဲ့ အသက်ရှင်နေလို့လည်းဘာထူးမှာလဲအမေရဲ့ ဆိုပြီးအမေကိုပြောပြီးတားနေတဲ့ ကြားကဆန္ဒပြဖို့ တပ်ဦးနဲ့အတူထွက်သွားတဲ့ အကြောင်းကြည်လင်အေးအမေရဲ့ ဝမ်းနည်းပက်လက် ပြောနေတဲ့ ရုပ်ပုံလွှာ…. ကျွန်တော့် ရှေ့မှာကြည်လင်အေးကျည်ထိကျဆုံးနေချိန်မှာရန်ကုန်မြို့ရဲ့လမ်းတွေမှာအပစ်ခံရပြီးထွက်ပြေးခဲ့ရတဲ့ ကြည်လင်းအေးရဲ့မောင်လေးရပ်နေတယ်….အဲဒီမှာပဲ ကျွန်တော် အမှတ်တရအနေနဲ့ အခုလိုပြောမိတယ်။
တကယ်ကကတ္တရာလမ်းမပေါ်မှာတပ်ဦး က ဆန္ဒပြရင်း ကျွန်တော်တို့ ကဗျာဆရာတွေကျဆုံးတာမှတ်သားမိရသလောက် တော့ ကြည်လင်အေးနဲ့ ကေဇဝင်း က ပထမဆုံးလို့ ပြောလို့ရပါတယ်။
ထောင်ထဲမှာ ကျွန်တော်တို့ ကဗျာဆရာတွေကျခဲ့ဖူးပါတယ်၊ ကိုကိုးကျွန်းလိုနေရာမျိုးမှာပါ တိုက်ပွဲဝင်ရင်းကျခဲ့ဖူးပါတယ်၊ လက်နက်ကိုင် တော်လှန်ရေးထဲပါဝင်ဆောင်ရွက် နေရင်းနဲ့လည်းကျခဲ့ဖူးပါတယ်၊ အခုလိုမျိုးဆန္ဒပြရင်းလမ်းပေါ်မှာကျဆုံးတာတော့ ဒါ ပထမဆုံးပဲလို့ ကျွန်တော် ပြောမိတယ်….
ကျွန်တော့်ထက် ဆယ်စုနှစ်တစ်ခုမျိုးဆက်တစ်ဆက် ငယ်သူကြည်လင်အေး က ဘဝကိုတွယ်ငြိကောင်းတုန်းအရွယ် ၃၆ တဲ့ … ကေဇဝင်းခမျာလည်းလေးဆယ် မှ ပြည့်မသွား၊ ၃၉ ထင်တယ်…. ကျွန်တော် နဲ့ ရွယ်တူလေသူခက်သီကတော့ ၄၅ ဖြစ်မယ်….
လက်ရှိမှာကိုပဲအဖမ်းခံနေရတာဆယ်ယောက်လောက် ရှိမလားပဲ ….
ရေးနေရင်းနဲ့ ဟိုးပစိဖိတ် သမုဒ္ဒရာထဲက ကျွန်းကလေးပေါ်က လေပြည်လေညင်းတွေကြားမှ မတ်တပ်ရပ် နေတဲ့ ကဗျာဆရာခင်လွန်းကိုသတိရလာတယ်….
‘ကျွန်တော်တို့ ကဗျာတွေတာဝန်ကျေပါတယ်နော် ဆရာ’ ။ ။
စိမ်းစို
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar