Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ထွန်း၀င်းငြိမ်း

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ 
(မိုးမခ) 
ဇွန် ၁၀၊ ၂၀၂၁
-
အလော့ဘွမ်နွေဦး


ကျူးကျော်စစ်ဟာ
ခုခံစစ်ကို ပေါ်ပေါက်စေခဲ့တယ်။
ဖိနှိပ်မှုက
တော်လှန်စစ်ကို မွေးဖွားခဲ့တယ်။
ဖိနှိပ်မှုတွေ
အဆုံးမသတ်သရွေ့
စစ်ဘေးဒုက္ခတွေ
အနားသတ်လို့ မရတော့ဘူး။
၂၀၁၇ တုန်းက
ငြိမ်းချမ်းရေးနှစ်ဆိုပဲ
တိုက်ပွဲက ၃၅၀ လောက်ပဲ
ဖြစ်ခဲ့တာပေါ့လေ။
စစ်ရေးဖိအားတွေနဲ့
အင်န်စီအေက
နိုင်ငံရေးအဖြေရှာခဲ့ကြပုံ။
ပြည်ထောင်စု လောကဓံက
သယံဇာတကျိန်စာထက်
ရိုက်ချက် ပြင်းပါတယ်
ငါတို့မှာသာ 
အတွင်းကြေ ကြေလို့။
ရင်ကြားစေ့ရေးဆိုတာ
နယ်ခြားစောင့်တပ် 
အသွင်ပြောင်းရေးအတွက်
ရေလာမြောင်းပေးထက် 
မပိုခဲ့ပါဘူး။
သင့်မြတ်ရေးကလည်း
ဒုက္ခသည်တွေအတွက်
အငတ်ဘေးနဲ့ ကျန်းမာရေးကို
မစောင့်ရှောက်နိုင်ခဲ့ဘူး။
ငါတို့က
ဘယ်အခါ တောင်ယာ ခုတ်ရမလဲ။
ဘယ်အချိန် စပါး စိုက်ရမလဲ။
ကောက်ရိတ်သိမ်းပွဲတော်က ဘယ်တော့လဲ။
စတာတွေဟာ
ခေတ်အဆက်ဆက်ရဲ့
မေ့လျော့ခံနေရတဲ့ မေးခွန်းတွေပေါ့။
မှောင်မိုက်နေတဲ့
တောင်ထိပ်ဟာ
ရောင်နီကို
အရင်ဆုံး မြင်ရသတဲ့။
နွေဦးမှာ
အလော့ဘွမ်တောင်ထိပ်က
နှင်းခဲတွေ အရည်ပျော်ခဲ့သလိုပ။
ဗင်ဒါတွေ ၀တ်မှုံကူးချိန်မှာ
အားလုံးပါ၀င်ရေးဆိုတဲ့
ဂျိန်းဖောမြေရဲ့ ငြိမ်းချမ်းရေးသစ္စာကို
အမှတ်ရမိတယ်။
အဲသလိုနဲ့
နွေဦးရဲ့ရသဟာ
လှပတဲ့ မနောတိုင်တွေကြားမှာ
ပိုမို ပြည့်စုံတဲ့ အနာဂတ်ကို
ဖန်တီးနိုင်ခဲ့ကြပေါ့။

ထွန်း၀င်းငြိမ်း
၅၊ ၆၊ ၂၀၂၁
(ကချင်စစ်ပွဲ ၁၀ နှစ်ပြည့် အမှတ်တရ)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar