Breaking News

လင်းလက်နွေဦး - ခွေးအုပ်စုများ

ခွေးအုပ်စုများ
လင်းလက်နွေဦး
(မိုးမခ) ဇွန် ၁၀၊ ၂၀၂၁
 

ဘုန်းကြီးကျောင်းမှာပါ။ ကျုပ် ကိုးကွယ်တဲ့ ကျောင်း။ ကိုးကွယ်တယ်ဆိုတာထက် အားကိုးမှီတွယ် နေတဲ့၊ ကိုးတွယ်နေတဲ့ကျောင်းပေါ့ဗျာ။ ဒီနေရာမှာ ကျုပ်ကိုကျုပ်၊ ကျုပ် ကျုပ်နဲ့ ပြောနေလို့ နားကန့်လန့်ဖြစ်ရင် တောင်း ပန်ပါတယ်။ တခါက စာထဲဖတ်ဖူးတယ်၊ ဘာတဲ့ ...အမေရိကန်ဆိုတာ လူ့ယဉ်ကျေးမှုတွေကို အလေးထားသင် ပေးတဲ့ နိုင်ငံဆိုလားပဲ။ ဒီတော့ အမေရိကန်မရောက်ဖူးတဲ့ ကျုပ်၊ အဲလေ ဘယ်နိုင်ငံမှ ရောက်ဖူးတဲ့ ကျုပ်က ခပ်ရိုင်းရိုင်းဖြစ်နေမယ်ထင်တယ်။ နို့ပေမယ့်၊ ကိုယ့်ကိုကိုယ် အမြဲအသက်ငယ်တယ်၊ နုပျိုတယ်၊ ချောမောတယ်၊ ကြည့်ကောင်းတယ်လို့ အထင်ရှိနေလေတော့ ကျုပ်ကိုကျုပ် လူ့ယဉ်ကျေး လူ့မလိုင်လို့ အမြဲထင်နေတော့တာပဲ။ မကုန်လို့ ခွေးကျွေးတာကိုတောင် မဟာဒါနရှင်ကြီးလို့ ထင်မြင်မိ တာကိုး။

အဲ၊ ခွေးကျွေးတယ်ဆိုလို့ ကျုပ်တို့ဘုန်းကြီးကျောင်းမှာ ခွေးတွေ ရှိတယ်။ တကယ့် ခွေးစစ်ခွေးမှန် တွေပါ။ ‘နင်… နင်… လူ မဟုတ်ဘူး… ခွေး… ခွေး…’ဆိုတဲ့ ရုပ်ရှင်မင်းသမီးက လူယုတ်မာအဖြစ် သရုပ် ဆောင်ရတဲ့ လူကြမ်းကို ပြောသလို မဟုတ်ပါဘူး။ တခါတလေကျတော့ အဲလို ဂဃနဏ ရှင်းပြထားရတယ်။ ကြိုရှင်းပြထားမှ၊ ‘အော်… ခွေးဆိုတာ ခွေးပါလား’လို့ သဘောပေါက်ကြမှာ ဖြစ်ပါတယ်။ အဲ၊ အဲလိုရှင်းပြမှ ရှုပ်သွားတာမျိုး၊ ရှင်းလေ ရှုပ်လေဆိုတာလည်း ရှိသေးတယ်နော်။ တခါက တာရာမင်းဝေရဲ့ဝတ္ထုထဲမှာ ထင်ပါရဲ့၊ သူငယ်ချင်းတစ်ယောက်က သူ့အကြောင်းသူ ပြောပြနေတာကို ဇာတ်လိုက်က ‘နွားကြီး’လို့ ထပြော တယ်။ တခုပြောလိုက် ‘နွားကြီး’လို့ ပြောလိုက်ဆိုတော့ ဟိုကောင် တင်းပြီပေါ့။ ဒီတော့မှ ထပေါက်ကွဲတော့၊ ‘မင်းနောက်မှာ နွားကြီး’တဲ့။ နွားက ကြိုးလွတ်လာတယ် ထင်ပါ့။

ခွေးကို ပြောတာပါ။ (မရိုသေ့စကား) ချီးစားတဲ့ခွေးကို ပြောတာပါ။ တကယ်ပါ၊ မစင်ပုံကို ထောပတ်ပုံ အမှတ်နဲ့ ပြေးပြေးဟပ်တတ်တဲ့ခွေးကို ပြောတာပါ။ တကယ်ပါ၊ သခင်ကျွေးတဲ့ အရိုးအရင်းလေး ဝါးပြီး သခင်ကို ပါးလျက် နားလျက် လုပ်တတ်တဲ့ ခွေးကို ပြောတာပါ။ သခင်က ငေါက်လိုက်ရင် ဘယ်လောက်ကိုယ်လုံး ကိုယ်ဝါကြီးကြီး အမြီးလေး ကုတ်နေတတ်တဲ့ ခွေးကို ပြောတာပါ။ ရှူးတိုက်တိုင်း လိုက်ကိုက်တတ်တဲ့ ခွေးကို ပြောတာပါ။ တကယ်ပါ၊ လေချွန်သံပေးလိုက်ရင် အချက်ပေးလိုက်ရင် ရောက်ရာအရပ်က ပြေးလာတတ်တဲ့ ခွေးကို ပြောတာပါ။ အမျိုးအစားပေါ် မူတည်တာပေါ့၊ တချို့ခွေးတွေက ဝတ်ကောင်း စားလှတွေနဲ့၊ ဇိမ်ခံကား ပေါ်မှာ။ တချို့ခွေးတွေက ဝဲစိုဝဲခြောက်တွေနဲ့၊ ပြာပုံထဲမှာ။ တချို့ခွေးတွေမှာတော့ စွတ်ဖားလှည်းတွေ ဘာတွေတောင် ဆွဲနေရတယ်၊ အေးမှန်းမသိ ပူမှန်းမသိပေါ့လေ။ တချို့ခွေးတွေကတော့ လူမိန်းမရဲ့ အချစ်တော်တောင် ဖြစ်နေပါ့လား။ ကျားသားမိုးကြိုး။ တကယ်တော့ ခွေးပါပဲ။

ခွေးဆိုလို့ ဘုရားဟော ဇာတ်နိပါတ် ဖတ်ဖူးတယ်။ မယုံရင် ပုံပြင်မှတ်ပေါ့ (ဦးဦးဖေသန်း လေသံနဲ့)။ အခါတပါးမှာပေါ့၊ မိုးတွေလေတွေ သည်းနေတဲ့အချိန်။ မနေ့က ရန်ကုန်မိုးလိုနေမှာပေါ့။ မိုးကြိုးတွေ ပစ်၊ လျှပ်စီးတွေ လက်၊ မိုးသည်း၊ ရေလျှံပေါ့လေ။ အရင်လိုမျိုး ခေတ်ကောင်းရင်တော့ ‘ကွီးဖြိုးကြီး’ကို ထဆဲကြမှာ ပဲ။ ဘာမှမဟုတ်လဲ၊ ကိုယ့်ဘာသာ ခလုတ်တိုက်လည်း ထဆဲနေကြတာကိုး။ ခုတော့ ဘယ်ကောင့်ဆဲရမှန်း မသိပေါ့လေ။ ထားပါတော့။ မိုးထဲ မိုးမိလာတဲ့၊ ခွေးပိန်မလေးတကောင် ဘုရားလောင်းရသေ့ကြီး သီတင်းသုံး တဲ့ တောထဲ မျက်စိလည်လမ်းမှားပြီး ရောက်လာတယ်။ ရသေ့ကြီးက အမြင်မတော်တော့ ကယ်ထားလိုက်တယ်ပေါ့။

အမြင်မတော်ဖို့ဆိုတာ အခြေခံကိုယ်ကျင့်တရားလို့ ကျုပ် ထင်တယ်။ အဖေက ငယ်ကတည်းက သင်ပေးထားတယ်။ အမြင်မတော်စေနဲ့၊ ထ လုပ်။ ရေအိုးထဲ ရေနည်းနေတယ်၊ အမြင်မတော်နဲ့ ထ ဖြည့်။ အမှိုက်တွေ ရှုပ်နေတယ်၊ ထ လှည်း။ အဲသလိုပေါ့။ တချို့များ သူများဒုက္ခရောက်နေတာတောင် အမြင်တော် နေကြတယ်။ ကိုယ့်ရှေ့တင် ချော်လဲတယ်၊ ဆိုင်ကယ် အက်ဆီးဒင့် ဖြစ်တယ်၊ အနိုင်ကျင့် ခံနေရတယ်၊ မသိချင် ယောင်ဆောင်နေလိုက်တယ် ဆိုတာ အခြေခံကိုယ်ကျင့်တရား မရှိလို့ပါပဲ။ သတ္တိ မရှိလို့ပါပဲ။ လူ အဖြစ်၊ လူ့အဖြစ် ရနေပြီဆိုရင် လူပီသရမယ်ပေါ့။ ဒါကို မသိကျိုးကျွံပြုနေရင် လူမပီတဲ့သူ။ ခွေးတို့ ကျီးတို့တောင် အူပေး အာပေးသေးတာပဲ။ အဲထက် အဆင့်နိမ့်တဲ့ တိရစ္ဆာန်တွေပေါ့လေ။

အဲတော့၊ အမြင်မတော်တော့ ရသေ့ကြီးက ကယ်ထားတယ်။ ကျွေးမွေးစောင့်ရှောက်ထားတယ်။ ရသေ့ကြီးကလည်း ဘာစိတ်ကူးပေါက်လဲ မသိပါဘူး၊ တန်ခိုးဣဒ္ဓိပါတ်ကို စမ်းသပ်ချင်လို့လား မသိပါဘူး၊ ခွေးမလေးကို လူအသွင်ဖန်ဆင်းပေးလိုက်တယ်။ တန်တော့၊ ထင်းခွဲ ရေခပ် သစ်သီးရှာခိုင်းဖို့ ထင်တယ်။ တခါ၊ ကံကောင်းချင်တာလား ကံဆိုးချင်တာလား မသိပါဘူး၊ ဘုရင်ကြီးတပါး တောကစားထွက်ရင်း ရသေ့ကြီး ကျောင်း ရောက်လာတယ်။ ဘုရင်ဆိုတာမျိုးကလည်း နန်းတော်ထဲ ဇိမ်နဲ့နှပ်နေလို့ ရရဲ့သားနဲ့၊ -ီးရှည်ပြီး တောကစားထွက်ကြသေးတယ်။ မြို့ကစားရတာ ငြီးငွေ့တော်မူတယ်ထင်ပါ့။ ဒါက တော်သေး၊ ကမ္ဘာကစား ချင်တယ်ဆိုပြီး ကမ္ဘာပတ်နေရင် ပိုဆိုးမယ်။ ဒါပေမယ့် ခုတော့ ကမ္ဘာ့နိုင်ငံတွေကလည်း ဗီဇာပိတ်ထားပြီ ပြောပါတယ်။

တိုတိုပြောရရင်၊ ခွေးလူမလေးနဲ့ တွေ့၊ ရသေ့ထံ တောင်း၊ ရသေ့ကလည်း အရှုပ်သက်သာပြီဆိုပြီး ပေးလွှတ် လိုက်တယ်။ ဒါပေမယ့် ကတိတခုတော့ ဘုရင့်ထံက တောင်းထားနှင့်တယ်၊ ‘ဘာအကြောင်းနဲ့ပဲ ဖြစ်ဖြစ် ငါ့သမီးလေးကို မသတ်နဲ့၊ ငါ့ဆီ ပြန်ပို့’ဆိုတာပဲ ဖြစ်ပါတယ်။ ဘုရင်ကလည်း ကောင်းပြီကောင်းရဲ့နဲ့ ခွေးလူမလေးကို နန်းတော်ခေါ်၊ မိဖုရားအဖြစ် တော်ကောက်၊ တဆောင်တယောင်နဲ့ ထားတာပေါ့။ ခုလို မိုးတစိုစိုနဲ့ ထင်ပါရဲ့၊ သားရေဖိနပ်ဆိုတာ အနံ့ထွက်တယ်နော်။ ဖိနပ်နံ့ရရင် ဘယ်ခွေးမှ ဟန်မဆောင်နိုင်ဘူး ထင်ပါရဲ့။ စစ်ဖိနပ်နံ့ဆို ပိုဆိုးတယ်၊ ရေထဲ ဗွက်ထဲ သွားလာနေရတော့ အနံ့ပိုထွက်တယ် ထင်ပါ့။ ဒီတော့ ဟို လူယောင်ဆောင်ထားတဲ့ ခွေးမလေးက ရွှေအုပ် ငွေအုပ်နဲ့ ပွဲတော်မတည်နိုင်ဘဲ၊ ဖိနပ်ကိုက်ချင်သတဲ့။ နန်းတော်ထဲ မကြုံစဖူး၊ ဖိနပ်တွေ ညတိုင်းပျောက်နေပါတယ်။

မူးမတ်မင်းချင်းဆိုတာမျိုးကလည်း ထစ်ကနဲရှိ ဘုရင့်တိုင်ချင်ဟန် တူရဲ့၊ ဒီဖိနပ်ပျောက်အမှုကြီးကို ဘုရင့်ထံ သံတော်ဦးတင်တယ်ပေါ့။ သံတော်ဦး ဆိုကတည်းက ဟုတ်လောက်တယ်၊ အလုအယက်နဲ့ ဦးအောင် စောအောင် လျှောက်တင်ကြတာကိုး။ ‘ဦးအောင်’ဆိုတာ အောင်သမာဓိရွှေဆိုင်ပိုင်ရှင်၊ ‘စောအောင်’ဆိုတာ ဗိုလ်ချုပ်မှူးကြီး စောအောင် မဟုတ်ပါဘူး။ ‘မဟုတ်ဘူး’လို့ ကြိုပြောထားတယ်နော်။ ဒီတော့ ဘုရင်လုပ်တဲ့ သူကလည်း ခေါင်းရှုပ်မခံပါဘူး၊ ဖိနပ်ပျောက် စုံစမ်းရေးကော်မရှင်ဖွဲ့ပေးလိုက်တယ်။ အဲဒီ ဖိနပ်ပျောက် စုံစမ်းရေးကော်မရှင်၊ အာ… ခေါ်ရတာ ရှည်တယ်၊ လူ့ထုံစံအတိုင်း အတိုကောက်လေးဘာလေး ပေးလိုက်မယ်၊ ‘ဖစက’လို့။ ‘စကစ’မဟုတ်ဘူးနော်။ မဟုတ်တာကို မဟုတ်ဘူးလို့ ကြိုပြောထားတယ်နော်။ အဲဒီ ‘စကစ’ အဲလေ ‘ဖစက’က ဆပ်ကော်မတီတွေ ဖွဲ့၊ ဆပ်ကော်မတီကနေ အလုပ်မှုဆောင်တို့ ရံပုံငွေ ရှာဖွေရေးတို့ ဘာတို့ ထပ်ဖွဲ့၊ အဲလို ဖွဲ့လိုက်တာ ဘုရင်ကြီးနဲ့ ခွေးမိဖုရားကြီးပဲ ကျန်တော့တယ်လို့ ပြောတာပဲ။

သူတို့အချင်းချင်း ထောက်လှန်းရေး၊ တန်ပြန် ထောက်လှမ်းရေး၊ တန်ပြန့် တန်ပြန် ထောက်လှမ်းရေး တွေ၊ စီအိုင်ဒီတွေ၊ အင်တာပိုတွေ၊ အက်စ်ပီတွေ၊ စသုံးလုံးတွေ၊ စီအိုင်အေတွေ ဘာတွေ ညာတွေပေါ့လေ၊ အဲဒါနဲ့ ရွာလည်နေကြတာပေါ့။ ဘာအလုပ်မှလည်း ရှေ့မတိုးဘူးထင်ပါရဲ့။ တွေ့မယ့်တွေ့တော့၊ ဘုရင်ကြီးက ဆောင်တော် ကူးလာ၊ မိဖုရားကြီးကလည်း ဖိနပ်မွှေးမွှေးလေး ခိုးလာ၊ ကုတင်ခြေရင်းမှာ တမြုံ့မြုံ့ ဝါးနေတဲ့ သကာလ။ အချိန်ကောင်းအခါကောင်းပါပဲ။ ဘုရင်ကြီး ဝမ်းနည်းပက်လက် ဖြစ်သွားတယ်။ စိတ်လည်း တိုသွား တယ်။ အဲဒီ ဝမ်းနည်းစိတ်တို အမူအယာကြီးကို ရေးမပြတတ်ပါဘူး။ ဝမ်းချုပ်၊ လိပ်ခေါင်းဖြစ်၊ အိမ်သာထဲမှာ ချွေးတလုံးလုံးဖြစ်နေတာနဲ့ တူလောက်တယ်။ ကျော်လိုက်ခွလိုက်ရအောင်။ စိတ်တိုတိုနဲ့ ခါးကြားက သေနတ်၊ အဲလေ၊ အဆောင်ဓားကို ထုတ်၊ ‘လည်ပင်းပြတ်အောင် ခုတ်လိုက်မယ်ဟဲ့’လို့ ကြံရွယ်ပြီးခါမှ ရသေ့ကြီးကို ပေးထားတဲ့ကတိ သတိရသွားတယ်။ ‘မင်းမှာ ကတိ လူမှာ သစ္စာ’တဲ့၊ ‘မင်း’လုပ်ချင်သူကြီးရဲ့။

အဲတော့၊ ခွေးမိဖုရားကြီးကို ရသေ့ထံ ပြန်ပို့၊ ရသေ့ကြီးကလည်း စိတ်အပျက်ကြီးပျက်ပြီး ‘ခွေးစိတ်’ မှ မပျောက်နိုင်တာ၊ ‘ခွေးဘဝ’ပဲ ပြန်သွားတော့ဆိုပြီး ခွေးအဖြစ် ပြန်ပြောင်းပေးလိုက်တယ်။ အောင်မယ်၊ ဇာတ်သိမ်းခန်းကတော့ သနားစရာဗျ၊ ခွေးမလေးဟာ သူ့ချစ်လင် ဘုရင်ကြီးကို လွမ်းနာကျပြီး သေဆုံးသွား လေသတည်းတဲ့။ ကြုံလို့ပြောတာ စာအတော်ရှည်သွားတယ်၊ တောင်းပန်ပါတယ်။

ပြောချင်တာက ကျုပ်တို့ ဘုန်းကြီးကျောင်းက ခွေးတွေ။ ဘုန်းကြီးကျောင်းက အကျယ်ကြီး၊ ဧရိယာ စတုရန်းမိုင်ပေါင်း (၂၆၁၂၂၈)မိုင်တော့ မကျယ်ဘူးပေါ့။ ကျယ်တော့ ကျယ်တယ်။ အဲလိုကျယ်တော့ များပြား လှသောခွေးတွေဟာ ဘယ်လိုမျိုးအတွေးပေါက်လည်း မသိပါဘူး၊ ရှေ့ သိမ်ကျောင်းနားမှာ တဖွဲ့၊ အလယ် ဆွမ်းစားဆောင်နား တဖွဲ့၊ နောက်အပေါက်နားမှာ တဖွဲ့၊ သုံးဖွဲ့ရှိပါတယ်။ အဖွဲ့ဆိုတဲ့အတိုင်း သမဂ္ဂစိတ်ဓာတ် ပြင်းထန်တာတော့ မဟုတ်ပါဘူး၊ သူတို့အချင်းချင်းလည်း တစောင်စောင်နဲ့။ စားစရာလေးများ ရလာရင် လုကြ ယက်ကြ ဆွဲကြ ဖဲ့ကြ။ အဲ စားလို့ကုန်သွားပြီးဆိုရင်တော့ ဆော့လိုက် ကစားလိုက် မြူလိုက် ပြေးလိုက်။ တခြားအဖွဲ့က တကောင်တလေ နယ်ကျွံလာရင်တော့ ဝိုင်းဖဲ့ကြတာ၊ ဆွမ်းကြီးလောင်းတယ်ပေါ့။ မြေခွေးတွေ ဝံပုလွေတွေကတော့ သေး ပန်းပြီး နယ်မြေပိုင်းခြားထားတယ်တဲ့။ ဒီခွေးတွေလည်း ဒီလိုပဲ နေမှာ၊ ဟိုနား ကောက်ပန်း၊ ဒီနားကောက်ပန်း လုပ်တယ် မဟုတ်လား။ ဒီလို ပိုင်းခြားထားဟန် တူရဲ့။

အဲတော့၊ ထမင်းကျွေးတဲ့ ဦးပဇင်းတွေက ကိုယ့်အပိုင်းနဲ့ကိုယ် ကျွေးကြတာ။ သိမ်ကျောင်း နောက် ဘက်၊ ဆွမ်းစားဆောင် နောက်ဘက်၊ အနောက်ပေါက်က တံတိုင်းခြေရင်းပေါ့လေ။ ကျောက်ဖျာတွေပေါ် တင်ကျွေးကြတာ။ ရေဇလုံတွေကလည်း နှစ်ဇလုံ ချထားတယ်၊ သောက်ကြ စားကြပေါ့။ ခွေးစာကျွေးတဲ့ ဦးပဇင်းရှိတုန်းကတော့ ချစ်ချစ်ခင်ခင်၊ ခေါင်းမဖော်တမ်း စားကြလေရဲ့။ အဲ၊ ဦးဇင်းများ ပြန်သွားရင် ကိုက်ကြ လုကြတော့တာပဲ။ ဦးဇင်းခမျာ၊ ဇလုံကို လွှတ်ချ၊ ထင်းချောင်းကောက်ဆွဲပြီး ခွေးမောင်းရပြန်တယ်။ ပြန်မယ် လုပ်လိုက်၊ ကိုက်လိုက်၊ ရိုက်လိုက်ပေါ့လေ။ ဒါနဲ့ ဆရာတော်တွေလည်း ကျွေးထားတဲ့ထမင်း မကုန်မချင်း တုတ်တချောင်းနဲ့ ရပ်စောင့်နေရတော့တယ်။

တခုဗျာ၊ စောက်သည်းပေါက်ဆုံးက ဒီကောင်တွေ ‘ဂျန်’ပြောင်းလာတာပဲ။ ဟုတ်တယ်၊ ကျုပ် ငယ်ငယ်တုန်းက ဒီခွေးတွေ ဟင်းပေါင်းနဲ့ နှယ်ကျွေးတာကို အသေအုပ်တာ။ ခုတော့ ဟင်းပေါင်းနဲ့ ကျွေးရင် နှာခေါင်းတရှုံ့ရှုံ့နဲ့ တို့ကနန်း ဆိတ်ကနန်း လုပ်နေကြတာပဲ။ ဟာ၊ ဘုန်းကြီးကျောင်းက ခွေးတွေတောင် စောက်ကြီးစောက်ကျယ်ပါလားဟ။ ရှေးရိုးစွဲ၊ ဦးဇင်းကြီးကတော့ ထမင်းဇလုံကြီး တလုံးပြင်၊ ဟင်းပေါင်းတွေ ထည့်၊ နှံ့အောင်နယ်၊ ဆားပေါ့ဆားငန်တောင် မြည်းစမ်းသေးတာ၊ ဒါပေမယ့် ခွေးဆိုတာမျိုးက ခွေးပဲလေ၊ အားမနာပါဘူး။ မစားဘူး။ ကျောက်ဖျာပေါ် ထမင်းတွေ အပုံလိုက် ကျန်နေတယ်။ အဲ၊ သူတို့မစားလို့နော်၊ အပြင်ခွေးက မယောင်မလည် ဝင်စားမယ်မကြံနဲ့၊ ခြေတလှမ်း အဝင်မခံဘူး။ အပြင်ခွေး မပြောပါနဲ့၊ ကျောင်း ရှေ့ကခွေး၊ ကျောင်းနောက်က ခွေး၊ ဘယ်ခွေးဖြစ်ဖြစ် အဝင်မခံပါဘူး။ ကျောင်းခွေးမပြောပါနဲ့၊ အခန့်မသင့် ရင် သူတို့အချင်းချင်းကို ထကိုက်နေကြတာကိုး။

ညဆို၊ ကျုပ်က စီဒီအမ် မဟုတ်လား။ ကောလဟာလတွေကလည်း အောတိုက်နေတာ မဟုတ်လား။ ဟိုကောင်တွေကလည်း သတ်မယ်ဖြတ်မယ် တကဲကဲမဟုတ်လား။ မိုးနည်းဒေသမဟုတ်လား။ ပူတယ်အိုက်တယ်မဟုတ်လား။ (အောင်မယ် ကဗျာလိုလို ဘာလိုလိုဗျ)။ ည ရောက်ရင် ချွေးတလုံးလုံးနဲ့မို့ အိပ်မပျော်ပါဘူး ဆိုနေမှ၊ ဒီခွေးတွေ တဝေါဝေါ ပြေးလိုက်ကြ၊ တဝေါင်းဝေါင်း ဟောင်လိုက်ကြနဲ့၊ အိပ်လို့ကို မရတဲ့ညတွေ ရှိတယ်။ တခါတလေ သေနတ်တွေ ဗျောက်တွေကလည်း ဟိုကဖောက် ဒီကဖောက်။ ခွေးတွေကလည်း တာဝန်ကျေကြောင်း ပြချင် ချင်၊ မည်းမည်းမြင်ရာ ထိုးဟောင်တော့တာပဲ။ အဲ၊ ကံကောင်းချင်တော့ အုပ်ကြီးက ဓားထိုးခံရပါလေရော။ ရွာက ရဲတွေလည်း တုပ်တုပ်မျှ မလှုပ်။ သေနတ်တွေဘာတွေ လက်အံသေ ကုန်တယ် ထင်ပါ့။ ကျောင်းက ခွေးတွေက ငြိမ်သွားတယ်ဗျ။ ဘာသဘောလည်း မသိပါဘူး။ လောကဓာတ် ပညာဆိုတာ အင်မတန် နက်နဲတာကိုး၊ လိုက်မမီဘူး။

ဓားထိုးခံရသူက ပွဲချင်းပြီး၊ နောက်ဒလန်တယောက်က ခြောက်ချက်ချုပ်၊ နောက်လူတွေကလည်း သူတို့အလှည့်မရောက်အောင် ထွက်ပြေးတိမ်းရှောင်တာနဲ့ ကျုပ်နေတဲ့ ဘုန်းကြီးကျောင်းကခွေးတွေ ကုတ်ကုန်တာ ဘယ်လိုများ ဆက်စပ်ပါလိမ့်။ သိရင် ပြောကြအုံး၊ ဒီမှာတော့ ဂူဂယ်လ် ခေါက်နေရပြီ။

လင်းလက်နွေဦး
၈.၆.၂၀၂၁ မနက် ၉နာရီ ၄၆မိနစ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar