Breaking News

အန်ကယ် တူမီး - ပြည်သူ့ပြောက်ကျား နဲ့ မျက်ဖြူဆိုက်တဲ့ အာဏာရှင်



အန်ကယ် တူမီး - ပြည်သူ့ပြောက်ကျား နဲ့ မျက်ဖြူဆိုက်တဲ့ အာဏာရှင်

(မိုးမခ) ဇွန် ၂၄၊ ၂၀၂၁

ပြည်သူ့ပျောက်ကျားတွေဟာ ဒီတိုက်ပွဲဟာ နောက်ဆုံးပိတ်တိုက်ပွဲ ပဲ ဆိုတဲ့ အတွေးအမြင်နဲ့ တိုက်ပွဲကို တိုက်လေ့မရှိပါဘူး။ သူတို့ဟာ ဒီတိုက်ပွဲပြီးရင် နောက်တပွဲတိုက်ဖို့ အသင့်ပြင်ထားလေ့ရှိပါတယ်။ သူတို့ဟာ အသေခံတိုက်တဲ့ နည်းဗျူဟာကို သုံးလေ့မရှိပါဘူး။ တိုက်ပြီး ရှောင် (hit and run) နည်းဗျူဟာကိုသာ အသုံးများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ရန်သူတပ်မကြီးတွေနဲ့ ယှဉ်ရင် တပ်သားဦးရေ အလွန်နည်းပါတယ်။ သူတို့တပ်ဖွဲ့တွေဟာ တပ်သား အယောက် ၂၀ လောက်နဲ့သာ ဖွဲ့စည်းထားလေ့ရှိပါတယ်။ ဒါမှ တိုက်ပွဲပြီးတာနဲ့ ရန်သူတပ်ကူတွေ မလာခင် အလျှင်အမြန်ရှောင်နိုင်မှာဖြစ်လို့ပါ။ နောက်တချက်က ရန်သူတပ်မကြီးတွေမှာ တပ်သားတစ်ယောက်ကျသွားရင် နောက်တစ်ယောက်အလွယ်တကူ အစားထိုးနိုင်ပါတယ်။ ပြည်သူ့ပြောက်ကျားတွေကတော့ သေးငယ်တဲ့ နယ်မြေကိုသာခြေကုတ်ယူထားရတာကြောင့် ပြောက်ကျားတပ်သားသစ်တယောက် ထပ် အစားထိုးဖို့အလွယ်ပါဘူး။ ဒါကြောင့် ပြည်သူ့ပြောက်ကျားတွေဟာ သူသေ ကိုယ်ရှင် နည်းဗျူဟာကိုသာ သုံးလေ့ရှိပါတယ်။

ပြည်သူ့ပြောက်ကျားတွေဟာ အမြဲလိုလို တိုက်ပွဲ ပုံစံအသစ်ကို ဖေါ်ထုတ်ပြီး တိုက်လေ့ရှိပါတယ်။ နည်းဗျူဟာ တွေကိုလည်း အမြဲပြောင်းလဲလေ့ရှိပါတယ်။ ဒါမှသာ ရန်သူကို မမျှော်လင့်တဲ့နေရာက မမျှော်လင့်တဲ့ အချိန်မှာ မမျှော်လင့်ပဲ တိုက်နိုင်မှာဖြစ်ပါတယ်။ ပြည်သူ့ပြောက်ကျားတွေဟာ တိုက်ပွဲပုံစံတမျိုးထဲနဲ့ တိုက်ပွဲ နှစ်ပွဲတိုက်လေ့မရှိပါဘူး။ ငါတို့ အခုတိုက်မယ့်တိုက်ပွဲဟာ ပြီးခဲ့တဲ့ တိုက်ပွဲနဲ့ မတူတဲ့တိုက်ပွဲဖြစ်တယ်လို့ ပြောက်ကျားခေါင်းဆောင်တွေက တိုက်ပွဲဝင်မိန့်ခွန်း ချွေလေ့ရှိပါတယ်။ ဒါမှသာ သူတို့ပြောက်ကျားတပ်တွေဟာ တိုက်တိုင်းအောင်တဲ့ ပြည်သူ့ပြောက်ကျားတွေဖြစ်လာမှာပါ။ ပြည်သူ့ပြောက်ကျားတွေက တိုက်တိုင်းအောင်တပ်တွေအဖြစ် ရပ်တည်လာပြီဆိုရင် တော့ အာဏာရှင်စစ်တပ်မှာ အကြောက်လွန်ရောဂါ ရလာပါတယ်။ နောက်ဆက်တွဲ အနေနဲ့ အကြောက်လွန်ရောဂါရထားတဲ့ ရန်သူ့တပ်ဟာ အလွယ်တကူတပ်ပျက်ပြီး အညံ့ခံတာ ဒါမှမဟုတ်ရင် တပ်ပြေးတွေများလာလေ့ရှိပါတယ်။ ရန်သူတပ်မှူးတွေ အနေနဲ့လည်း တပ်ပျက်ဗိုလ်တွေဖြစ်လာပြီး စိတ်ကျရောဂါတွေရလာတတ်ပါတယ်။ ကယောင်ကတမ်းတွေဖြစ်လာပြီး မှားယွင်းတဲ့ အမိန့်တွေကို ထုတ်ပြန်လာတတ်ပါတယ်။ ရေမလိုချင်ဘူး ရေဗူးပေါက်တာပဲ လိုချင်တယ် ဆိုတဲ့ အမိန့်မျိုးတွေပေါ့။ အဲဒီနောက် ရန်သူ့တပ်အတွင်းမှာလည်း အကွဲအပြဲတွေ ဖြစ်လာလေ့ရှိပါတယ်။ ဒါတွေဟာ ပြည်သူ့ပြောက်ကျားတွေအတွက် အခွင့်ကောင်းတွေပါ။

အာဏာရှင်တွေ မျက်ဖြူဆိုက်လေ ပြည်သူ့ပြောက်ကျားတွေ အကြိုက်တွေ့လေဖြစ်ပါတယ်။

အန်ကယ် တူမီး

၂၁/၆/၂၀၂၁
(Art - Than Htay Maung)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar