Breaking News

မောင်မောင်စိုး - အရှေ့မြောက် CPB ပြိုကွဲမှုနှင့် ပတ်သက်သည့် သုံးသပ်ချက် - ၃



မောင်မောင်စိုး - အရှေ့မြောက် CPB ပြိုကွဲမှုနှင့် ပတ်သက်သည့် သုံးသပ်ချက် - ၃

(မိုးမခ) ဇွန် ၂၃၊ ၂၀၂၁

မိမိ၏အမြင်

CPB ပြိုကွဲခြင်းနှင့် ပတ်သက်၍ မိမိအမြင်ကတော့ အောက်ပါအတိုင်းဖြစ်သည်။

CPB ဗဟိုခေါင်းဆောင်များနှင့် မတူကွဲပြားသည်များလည်း ရှိသည်။ တူသည့်အချက်များလည်း ရှိသည်။ သို့သော် အခြေခံသုံးသပ်ချက်ကတော့ ကွဲပြားပါသည်။

တိုင်းရင်းသားလူမျိုးများပြဿနာ

မိမိ၏အမြင်မှာ ရဲဘော်ထွန်း(ဗိုလ်ကျင်မောင်)၏ အမြင်နှင့် အခြေခံအားဖြင့် ကွဲပြားပါသည်။

ရဲဘော်ထွန်းက CPB ၏ ၁၉၄၈ လက်နက်ကိုင် တော်လှန်ရေးသည် ပြည်တွင်း လူထုအုံကြွမှု အခြေခံအပေါ်က ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၁၉၆၈ နယ်စပ်တော်လှန်ရေးသည် ဒေသတွင်း လူထုပုန်ကန်မှုမရှိဘဲ တရုတ်ယဉ်ကျေးမှု တော်လှန်ရေးအရှိန်၊ တရုတ်၏ ကျောထောက်နောက်ခံ တို့ကြောင့် ပေါ်လာသည်ဟု သုံးသပ်သည်။

ရဲဘော်ထွန်း၏ အမြင်သည် မိမိအမြင်နှင့် အခြေခံအားဖြင့် ကွဲပြားခြားနားပါသည်။

မိမိအမြင်မှာ ၁၉၆၈ ခုနှစ် အရှေ့မြောက်နယ်စပ်ဒေသများ ဖြစ်ပေါ်လာခြင်းတွင် လူထုအုံကြွမှု မပါဘဲ တရုတ်၏ အကူအညီသက်သက်ဖြင့် ပေါ်ပေါက်လာသည်ဟုတော့ မယူဆပါ။ မုန်းကိုး ဒေသသို့ ဝင်ရောက်ပြီး ဒေသခံကချင်များအား စည်းရုံးရာတွင် ပါဝင်ခဲ့သော ဗိုလ်နော်ဆိုင်း တပ်များသည် လည်းကောင်း၊ ကိုးကန့်ဒေသသို့ ဝင်ရာတွင် စည်းရုံးသိမ်းသွင်းခဲ့သည့် အဓိကကျောရိုး ဖြစ်ခဲ့သော ဖုန်ကြားစင်း၊ ဖုန်ကြားဖူးတို့ ခေါင်းဆောင်သော ကိုးကန့်ကာကွယ်ရေးတပ်များသည် လည်းကောင်း၊ ဝ နယ်သို့ ဝင်ရာတွင် စည်းရုံးသိမ်းသွင်းခဲ့ပြီး အဓိကကျောရိုးဖြစ်ခဲ့သော ဝ ဒေသ ပန်ဝိုင်မှ ကျောက်ညီလိုင်အဖွဲ့၊ အိုက်ချင်းဒေသမှ အိုက်ခလုံးအဖွဲ့၊ ခွင်းမားဒေသမှ ပေါက်ယိုချမ်း အဖွဲ့ စသည့် ဝ အဖွဲ့များသည် လည်းကောင်း၊ ၈၁၅ စစ်ဒေသ ဖွဲ့စည်းရာတွင် စည်းရုံးသိမ်းသွင်း ပြီး အဓိကကျောရိုးဖြစ်သည့် လော်ရီဖြိုး ဦးစီးသည့် အာခါအဖွဲ့များသည် လည်းကောင်း၊ မိုင်းယန်း-ဆီလူး ဒေသတွင် တပ်မဟာ ၇၆၈ အဖြစ် စည်းရုံးသိမ်းသွင်းခဲ့သည့် စဝ်ခွန်မြင့် ဦးစီးသည့် ရှမ်းအမျိုးသားတပ်မတော်သည် လည်းကောင်း၊ ထိုင်းနယ်စပ်သို့ ထိုးဖောက်စည်းရုံး ရာတွင် အဓိကကျောရိုးဖြစ်သည့် အဲပီ ဦးစီးသည့် လားဟူအဖွဲ့သည် လည်းကောင်း မူလရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။ ၎င်းအဖွဲ့များသည် အားနည်းသည်၊ သို့မဟုတ် လက်နက်ပြည့်စုံခြင်းမှု မရှိဟုဆိုနိုင်သော်လည်း အမျိုးသားရေးအလံလွှင့်၍ တိုက်ခိုက်နေကြ သည့် အစုအဖွဲ့များ ဖြစ်သည်။

CPB သည် ထိုအစုအဖွဲ့များကို သိမ်းသွင်း၍ အရှေ့မြောက်နယ်စပ် အခြေခံဒေသကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ မူလအရင်းခံ အမျိုးသားရေးအလံလွှင့်၍ ရပ်တည်ပြီး ပုန်ကန် ထကြွနေသော အဖွဲ့များကို စည်းရုံးသိမ်းသွင်း တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ နယ်စပ်ဒေသ၏ ထကြွမှုသည် ပြည်တွင်းထကြွမှုနှင့် မတူသည်သာ ဖြစ်သည်။

တကယ်တမ်းအားဖြင့် နယ်စပ်ဒေသလူထုမှာလည်း ထိုအစုအဖွဲ့အသီးသီး၏ အမျိုးသားရေး အငွေ့အသက်အောက်တွင်သာ ရှိသည်။ ထိုကျောရိုးပြုထားသော အစုအဖွဲ့များအား CPB က သိမ်းသွင်းထားခြင်းသည် အတွေးအခေါ် အယူအဆပေါ်တွင် အားပြုမထားခဲ့ပါ။ တရုတ်ပါတီက ထောက်ပံ့သော လက်နက်ခဲယမ်းအပေါ်၊ ရုပ်ဝတ္ထုပစ္စည်းများအပေါ် အခြေတည်၍ သိမ်းသွင်း ထားနိုင်ခြင်း ဖြစ်သည်။ ထို့ပြင် ပါတီအဖွဲ့အစည်းဖြစ်လာချိန်တွင်လည်း အတွေးအခေါ်အရ တည်ဆောက်မှု အားနည်းသည်။ တဘက်ကလည်း တောင်တန်းဒေသရှိ တိုင်းရင်းသားလူမျိုး များသည် စာပေယဉ်ကျေးမှု နိမ့်ကျသည်။ အများစုမှာ ဗမာစာ မဆိုထားနှင့်၊ ဗမာစကားပင် မတတ်ကြပေ။ အချို့ တိုင်းရင်းသားလူမျိုးများတွင် ကိုယ်ပိုင်စာရှိသော်လည်း မဖွံ့ဖြိုးသေး။ အချို့မှာ ကိုယ်ပိုင်စာအတွက် လုံးပန်းနေဆဲကာလ ဖြစ်သည်။

ထိုသို့သော အခြေအနေအောက်တွင် ကွန်မြူနစ်ဝါဒ အတွေးအခေါ်များကို တောင်တန်းဒေသ လူထုကြား ပျံ့နှံ့စိမ့်ဝင်ရန် မလွယ်ကူပေ။ တောင်တန်းဒေသလူထု မဆိုထားနှင့်၊ CPB က သိမ်းသွင်းပြီး ကျောရိုးအဖြစ်ထားသော အစုအဖွဲ့မှ ခေါင်းဆောင်များကိုပင် သဏ္ဌာန်အရသာ ကွန်မြူနစ်ပါတီဝင်များအဖြစ် သိမ်းသွင်းပြီး ပါတီကလာပ်စည်း၊ ပါတီကော်မတီများအဖြစ် ဖွဲ့စည်းထားသော်လည်း အနှစ်သာရအားဖြင့် သိမ်းသွင်းနိုင်ခြင်း မရှိခဲ့ပေ။

သို့ဖြစ်ရာ နယ်စပ်ဒေသရှိ မိမိပါတီတွင်း၊ တပ်တွင်း အခြေခံ ဖွဲ့စည်းထားသည်မှာ တိုင်းရင်းသား လူမျိုးများ ဖြစ်သည်။ CPB အခြေခံထားသော နယ်စပ်ဒေသမှာ တိုင်းရင်းသားလူမျိုးများဒေသ ဖြစ်သည့်အပြင် တိုင်းရင်းသားလူမျိုးများထဲမှ ဒေသဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံး၊ စာပေယဉ်ကျေး မှု အနိမ့်ဆုံးဒေသများ ဖြစ်သည်။ တိုင်းရင်းသားများထဲမှ စာပေယဉ်ကျေးမှု မြင့်သောသူများ သည် မြို့ပြတွင်လည်းကောင်း၊ မြို့ပြနှင့်နီးစပ်သည့် ဒေသများတွင်လည်းကောင်း နေထိုင်ကြ သည်။

ထို့ပြင် တိုင်းရင်းသားများထဲမှ ပညာတတ်များကို သိမ်းသွင်းနိုင်ခြင်း မရှိခဲ့။

ထို့ပြင် နယ်စပ်ဒေသသို့ ဝင်ရောက်အခြေပြုရာတွင် သိမ်းသွင်းပြီး ကျောရိုးပြုခဲ့သော အစုအဖွဲ့ များသည် တိုင်းရင်းသားလူမျိုးများ ဖြစ်သည့်အပြင် အမျိုးသားရေးအလံလွှင့်ခဲ့သူများ ဖြစ်သည်။

CPB အနေနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများအား အဆိုပါ အမျိုးသားအလံလွှင့်၍ တိုက်ခိုက် ခဲ့ကြသည့် အစုအဖွဲ့များမှတဆင့် ထိုသူတို့၏သြဇာကို အသုံးပြုပြီး သိမ်းသွင်းခဲ့ခြင်း ဖြစ်သည်။

CPB အနေနှင့် အဆိုပါထူးခြားချက်ကို ဆုပ်ကိုင်၍ တိုင်းရင်းသား လူမျိုးများ အခြေအနေနှင့် ကိုက်ညီသည့် ပေါ်လစီကို ချမှတ်နိုင်ခြင်းမရှိဘဲ ပြည်မတွင် ချမှတ်သည့် ပေါ်လစီအတိုင်း ဆောင်ရွက်ခဲ့ခြင်းသည် CPB ၏ အဓိကအားနည်းချက် ဖြစ်ခဲ့သည်။ CPB ပြိုကွဲမှု၏ အဓိက အကြောင်းရင်းလည်း ဖြစ်ခဲ့သည်။

သို့ဖြစ်ရာ ကွန်မြူနစ်ဝါဒ အတွေးအခေါ်နှင့်လည်း စည်းရုံးသိမ်းသွင်း တည်ဆောက်ခြင်း မပြုနိုင်၊ တိုင်းရင်းသားလူမျိုးများ အခြေအနေနှင့် ကိုက်ညီသည့် ပေါ်လစီချမှတ် သိမ်းသွင်းခြင်း မပြုနိုင် သည့်ပြင် ၎င်းတို့အား စည်းရုံးသိမ်းသွင်းထားနိုင်သည့် ရုပ်ဝတ္ထုများလည်း ထောက်ပံ့ခြင်းမပြု နိုင်တော့သည့်အချိန်တွင် အမျိုးသားရေး ပြန်လည်ခေါင်းထောင်ထလာခဲ့ပြီး CPB ပြိုကွဲခဲ့ရခြင်း ၏ အဓိကအကြောင်းအချက် ဖြစ်ခဲ့သည်။

CPB ပါတီလမ်းစဉ်ပြဿနာ

ပဲခူးရိုးမ ကျဆုံးစဉ်ကာလက ‘လမ်းစဉ်မှားရင် တော်လှန်ရေး ကျသည်၊ လမ်းစဉ်မှန်ရင် တော်လှန်ရေးတက်သည်’ဟု အလွန်တရာ ယေဘုယျဆန်စွာ သုံးသပ်ခဲ့သော ၇၅ ဗဟိုသည် ၎င်းတို့ ချမှတ်ထားသော လမ်းစဉ်များကိုမူ မှန်မှန်ကန်ကန် သုံးသပ်နိုင်ခြင်း မပြုနိုင်ခဲ့ပေ။

တရုတ်ပြည်နှင့် ဗမာပြည်သည် ခေတ်ဟောင်းကာလက တူညီသည်များလည်း ရှိသကဲ့သို့ မတူညီသည်များသည်လည်း ရှိသည်။ မူအရ မမှားဟု ဆိုသည့် CPB ၏ ၇၉ လမ်းစဉ်သည် လည်းကောင်း၊ ၁၉၈၅ ကွန်ဂရက်လုပ်ငန်းစဉ်သည် လည်းကောင်း အားလုံးနီးပါးသည် တရုတ် နှင့် ထပ်တူနီးပါး ဖြစ်ခဲ့သည်။

ဗမာပြည် တော်လှန်ရေး လက်တွေ့အား မျက်မှောက်ပြုထားသည့် လမ်းစဉ် ပေါ်လစီများ ချမှတ်နိုင်ခြင်း မရှိခဲ့။ အလွန်ယေဘုယျကျသည့် လမ်းစဉ်များ ဖြစ်ခဲ့သည်။ ဗမာပြည် တော်လှန် ရေး၏ ထူးခြားချက်၊ သာလွန်ချက်များကို ထည့်သွင်းစဉ်းစားနိုင်ခြင်း မရှိခဲ့ပေ။

သို့သော်လည်း ရဲဘော်ထွန်း၏ သုံးသပ်ချက်တွင် ၇၉ ဗဟိုလမ်းစဉ်နှင့် ၈၅ ပါတီ ကွန်ဂရက် လမ်းစဉ်သည် မှန်ကန်သည်ဟု သုံးသပ်သွားခဲ့သည်။ CPB ပါတီတခုလုံး ပြိုကွဲသည့် အခြေအနေကို ဆိုက်ရောက်ခဲ့သည့်တိုင် ဗဟို၏လမ်းစဉ် မမှားဟု ဖက်တွယ်ထားခဲ့ခြင်းသည် လက်တွေ့မကျပေ။ CPB ပြိုကွဲရသည့် အတွင်းပိုင်း အဖြေကို ရှာဖွေရန် ရှောင်လွှဲ ပျက်ကွက်ခဲ့ သည်ဟု ဆိုရမည်။

ထိုသို့ ဗမာပြည် လက်တွေ့အခြေအနေများကို ထည့်သွင်းမစဉ်းစားနိုင်သောအခါ တရုတ်ပြည်နှင့် မတူသည့် ဗမာပြည် ပြဿနာများကို ထည့်သွင်းတွက်ချက်ရန် ပျက်ကွက်ခဲ့သည်။

မော်စီတုံးက တရုတ်ပြည်သည် ကြီးမားကျယ်ပြန့်သော တိုင်းပြည်ကြီး ဖြစ်၍ လှည့်လည် စစ်ကစားနိုင်သည်။ ‘ကျေးလက်အခြေခံ မြို့ကိုဝိုင်း’ ဆိုသည့် ပြောက်ကျားစစ်သေနင်္ဂဗျူဟာကို ချမှတ်ခဲ့သည်။

ဗမာပြည်သည် တရုတ်ပြည်ကဲ့သို့ ကြီးမားကျယ်ပြန့်သော တိုင်းပြည်မဟုတ်။ တရုတ်ပြည်ထက် များစွာသေးငယ်သောတိုင်းပြည် ဖြစ်သည်။ ထို့ပြင် ၁၉၇၅ ခုနှစ်နောက်ပိုင်း ဗမာပြည်၏ တောတောင်ထူထပ်၍ သွားလာရခက်ခဲသောဒေသများ ဖြစ်သော တိုင်းရင်းသား ပြည်နယ်များ တွင် ပြောက်ကျားစစ်ဆင်နိုင်သော်လည်း ပြည်မဒေသများဖြစ် သည့် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည့်ပြင် မဆလအစိုးရတပ်သည် ရဟတ်ယာဉ်အပါ ခေတ်မီယာဉ်များ အသုံးပြု နိုင်ပြီး ပုန်ကန်သူများကို အလွယ်တကူ ဝိုင်းပတ်ချေမှုန်းနိုင်သည့် အနေအထားတွင်ရှိရာ ကျေးလက်အခြေခံသည့် ပြောက်ကျားစစ်ပွဲ ဆင်နွှဲရန် ခက်ခဲသွားပြီ ဖြစ်သည်။

လက်ရှိ ပြောက်ကျားစစ်ဆင်နိုင်သော ဒေသများမှာလည်း တိုင်းရင်းသားလူမျိုး ပြည်နယ်များ တွင်သာ ဖြစ်နေသည်။ ဤအခြေအနေအား ထည့်သွင်းတွက်ချက်ပြီး ရေးဆွဲသည့် စစ်ရေး လမ်းစဉ် ပေါ်လစီများ မရှိခဲ့ပေ။ လက်နက်ကိုင်တိုက်ပွဲကို အဓိကထားသည့် နိုင်ငံရေးပါတီ တရပ်အတွက် အလွန်အရေးပါသည့်အချက် ဖြစ်သည်။

ပါတီတည်ဆောက်ရေးပြဿနာ

တော်လှန်ရေးသမားတယောက်၊ သို့မဟုတ် နိုင်ငံရေးသမားတယောက်အဖို့ဆိုလျှင် မိမိ၏ နိုင်ငံရေး ရည်မှန်းချက်အား အကောင်အထည်ဖော်ရန် နိုင်ငံရေးပါတီတရပ် လိုသည်။

ယခုခေတ်တွင် သတ်မှတ်ထားသည့် လုပ်ငန်းအရပ်ရပ်ကို အကောင်အထည်ဖော်ရန် အင်စတီ ကျူးရှင်းများ ကောင်းမွန်စွာ ဖွဲ့စည်းရန် လိုအပ်သကဲ့သို့ ဖြစ်သည်။

နိုင်ငံရေးပါတီတရပ် ဆိုသည်မှာ သာမန် အင်စတီကျူးရှင်းများထက် ပိုသည့် နိုင်ငံရေး ရည်မှန်း ချက်တရပ်ကို အကောင်အထည်ဖော်ရန်ဖြစ်ရာ ရည်မှန်းချက် ကြီးမားသည်။ ရည်မှန်းချက် ကြီးမားသည်နှင့်အညီ ခိုင်မာတောင့်တင်းသော ကြီးမားသောအဖွဲ့အစည်းတရပ်ဖြစ်ရန် လိုသည်။ ထိုသို့ ကြီးမားတောင့်တင်းသည့် ပါတီတရပ် တည်ဆောက်နိုင်မှသာ ကျယ်ပြန့်သည့် လူထုကြီး အား စည်းရုံးသိမ်းသွင်းနိုင်မည် ဖြစ်သည်။

နိုင်ငံရေးပါတီတရပ်၏ အစပြုချက်သည် ဘုံနိုင်ငံရေးရည်မှန်းချက် တူသူများ၊ ထိုရည်မှန်းချက် အား လိုလားသူများနှင့် စည်းရုံးဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထို့နောက် ထိုနိုင်ငံရေးရည်မှန်းချက် အခြေခံပေါ်တွင် စည်းရုံးသိမ်းသွင်း၍ ရသူများအား ထပ်မံအင်အားဖြည့်တင်း ဖွဲ့စည်းခြင်း ဖြစ် သည်။ သို့သော် နိုင်ငံရေးပါတီတရပ်အား အကောင်အထည်မဲ့တော့ ဖွဲ့စည်းတည်ဆောက်၍ မရ ပေ။ အခိုင်အမာ အကြောင်းအချက်များပေါ်တွင် စုစည်းတည်ဆောက်ရမည် ဖြစ်ပါသည်။

နိုင်ငံရေးပါတီတရပ် တည်ဆောက်ရန် ပထမအချက်၊ နိုင်ငံရေးအတွေးအခေါ် အိုင်ဒီယိုလိုဂျီ ပေါ်တွင် အခြေပြုမည်။ ဒုတိယ၊ ပါတီနိုင်ငံရေးလမ်းစဉ် ပေါ်လစီများပေါ်တွင် အခြေပြုရမည်။ တတိယအားဖြင့် ပါတီ၏ နိုင်ငံရေးလမ်းစဉ် ပေါ်လစီများကို အာမခံသည့် ပါတီကေဒါများအပေါ် အခြေပြုရမည်။ စတုတ္ထအားဖြင့် စည်းရုံးရေးစည်းကမ်းပေါ်တွင် အခြေပြုရမည်။ ပဉ္စမအားဖြင့် ဘဏ္ဍာရေး အကြောင်းအချက်များပေါ်တွင် အခြေပြုရမည်။

ပထမအချက်ဖြစ်သည့် နိုင်ငံရေးပါတီတရပ်အတွက် နိုင်ငံရေးသဘောတရားတရပ် လိုအပ်သည်။ တူညီသော နိုင်ငံရေးသဘောတရားတရပ် ရှိမှသာ အဆိုပါ ပါတီတွင်းရှိ ပါတီဝင်များသည် စဉ်းစားပုံ အခြေခံတူညီမည် ဖြစ်သည်။ မတူကွဲပြားသည့် နိုင်ငံရေးသဘောထားများ၊ အမြင် များနှင့် နိုင်ငံရေးပါတီတရပ် စုစည်းတည်ဆောက်ရန် မလွယ်ကူပေ။

CPB အနေနှင့် မာ့က်စ်လီနင်ဝါဒ၊ မော်စီတုံး အတွေးအခေါ်ဟူသည့် လက်ဝဲကွန်မြူနစ် အိုင်ဒီယို လိုဂျီ အခြေခံပေါ်တွင် ပါတီကို တည်ဆောက်ထားသည့်အတွက် ပါတီတွင်း၌ စဉ်းစားမှု အခြေခံ တူညီသည်ဟု ထင်ရသည်။ သို့သော် ထိုအတွေးအခေါ်ကို လေ့လာထားသူ၊ ယုံကြည်သက်ဝင်သူ များအတွင်းမှာပင်လျင် ထိုသဘောတရားနှင့်ပတ်သက်၍ နားလည်သဘောပေါက်မှု မတူပေ။

သို့ဖြစ်ရာ အယူဝါဒဆိုင်ရာ အငြင်းပွားမှုများ တားမရနိုင်ခဲ့ပေ။ ထို့ပြင် နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများကြားတွင် ထိုအယူဝါဒသည် တကယ်တမ်းအားဖြင့် အလှမ်းဝေးသည်။ သူတို့၏ စဉ်းစားတွေးတောမှုများသည် သူတို့ လက်တွေ့ဘဝအခြေခံပေါ်မှ လာသည်။ ထိုအခြေခံများပေါ်မှ ပြဿနာများကို ဖြေရှင်းရန် စဉ်းစားကြသည်။ ထို့ပြင် နယ်စပ်ဒေသတွင် သူတို့က အများစု ဖြစ်သည်။ သို့ဖြစ်ရာ အရှေ့မြောက်နယ်စပ် CPB ပါတီအတွင်း ကွန်မြူနစ် သဘောတရား ဦးထိပ်ထားသည် ဆိုသော်လည်း တကယ်တမ်းအားဖြင့် နိုင်ငံရေး သဘောတရား အခြေခံစဉ်းစားမှုများ သိသာစွာ ကွဲလွဲနေသည်။

ဒုတိယအချက်အနေနှင့် နိုင်ငံရေးတရပ်သည် ပါတီ၏ နိုင်ငံရေးလမ်းစဉ် ပေါ်လစီများပေါ်တွင် ပါတီကို တည်ဆောက်သည်။ ပကတိနိုင်ငံရေး လက်တွေ့ဘဝနှင့် ကိုက်ညီသည့် လမ်းစဉ် ပေါ်လစီများ ချမှတ်နိုင်ပါက ပါတီဝင်များသည် ထိုလမ်းစဉ်ကိုင်စွဲသည့် အခြေခံပေါ်၌ ပါတီ၏ ခိုင်မာသည့် စည်းရုံးရေးသဏ္ဌာန်ကို တည်ဆောက်နိုင်သည်။ လူထုအား စည်းရုံးသိမ်းသွင်းနိုင် သည်။

CPB ၏ ပါတီလမ်းစဉ် ပေါ်လစီများ ချမှတ်၍ ပါတီအား တည်ဆောက်သည်ကတော့ အမှန် ဖြစ်သည်။ သို့သော် အရှေ့မြောက်နယ်စပ် CPB တွင် နှစ်ပိုင်း တွေ့ရသည်။ တပိုင်းမှာ ထိုလမ်းစဉ်ကို ပါတီတွင်းရှိ ပါတီအဖွဲ့အစည်း အဆင့်ဆင့်နှင့် ပါတီဝင်များ ယုံယုံကြည်ကြည် ဆုပ်ကိုင် အကောင်ထည်ဖော်နိုင်သည့် အဆင့်အထိရောက်အောင် ချပြနိုင်စွမ်းမရှိပေ။ တပိုင်းမှာ ပါတီ၏ လမ်းစဉ်သည် ယေဘုယျ အလွန်ကျပြီး မူအရ မှန်ကန်သည်ဟု ဆိုနိုင်သော်လည်း ဗမာပြည် တော်လှန်ရေးလက်တွေ့၏ ထူးခြားချက်များကို ထည့်သွင်းတွက်ချက် ချမှတ်နိုင်ခြင်း မရှိခဲ့။ အထူးသဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ထူးခြားချက်များကို ထည့်သွင်း တွက်ချက်ခြင်း မပြုနိုင်ခဲ့ပေ။

တတိယအချက်မှာ ကေဒါပြဿနာ ဖြစ်သည်။ ကေဒါ ဆိုသည်မှာ နိုင်ငံရေးပါတီတရပ်၏ လမ်းစဉ်ပေါ်လစီအား ကြံ့ကြံ့ခံရပ်တည်ပြီး အကောင်အထည်ဖော်မည့်သူများ ဖြစ်သည်။ ဆိုရလျှင် ပါတီ၏ပုံရိပ်အား လူထုကြားတွင် လက်တွေ့ အကောင်အထည်ဖော်ရမည့်သူများ ဖြစ်သည်။ ကေဒါ ဆိုသည်မှာ ပါတီတရပ်အတွက် အမာခံကျောရိုး ဖြစ်သည်။ နိုင်ငံရေးပါတီ၏ ပုံရိပ်ကို ပုံဖော်ပေးမည့်သူများ ဖြစ်သည်။ ပါတီတရပ်အနေနှင့် မိမိပါတီ နိုင်ငံရေး ရည်မှန်းချက် များ အကောင်အထည်ဖော်ရန် ပါတီကေဒါများအား စည်းရုံးသိမ်းသွင်းရန် လိုသည်။ လေ့ကျင့် မွေးမြူရန် လိုသည်။ သင်တန်းများပေး၍ တည်ဆောက်ပေးရန် လိုသည်။ လက်တွေ့မြေပြင်တွင် တာဝန်ပေးပြီး တဆင့်ပြီးတဆင့် မြှင့်တင်ပေးရန် လိုသည်။ လက်နက်ကိုင် တော်လှန်ရေး လုပ်နေသော နိုင်ငံရေးပါတီတရပ်အနေနှင့် နိုင်ငံရေး၊ စည်းရုံးရေးကေဒါများအပြင် စစ်ရေး၊ အုပ်ချုပ်ရေးကေဒါများစွာ လေ့ကျင့်ပျိုးထောင်ရန် လိုအပ်သည်။

အရှေ့မြောက် CPB အနေနှင့် ပါတီလမ်းစဉ်ပေါ်လစီကို အာမခံနိုင်သည့် နိုင်ငံရေး၊ စစ်ရေး ကေဒါများ လေ့ကျင့်မွေးထုတ်ရာတွင် အားနည်းခဲ့သည်။

စတုတ္ထအချက်မှာ ပါတီစည်းရုံးရေး စည်းကမ်းဘောင်များနှင့် ဖွဲ့စည်းတည်ဆောက်ခြင်း ဖြစ်သည်။ အရှေ့မြောက် CPB သည် အဆင့်ဆင့် ပါတီကော်မတီများ၊ ပါတီကလာပ်စည်းများ ဖွဲ့စည်းထားရှိသည်ကတော့ အမှန်ပင် ဖြစ်သည်။ သို့သော် ပုံသဏ္ဌာန်အရ ဖွဲ့စည်းမှုများ ရှိသော်လည်း လက်တွေ့အသက်ဝင်မှု အားနည်းသည်။

မည်သို့ဖြစ်စေ ၁၉၈၀ မတိုင်မီက ထိုပါတီကော်မတီ၊ ပါတီကလာပ်စည်းများသည် ပုံမှန် အသက် ဝင်နေသေးသော်လည်း ၁၉၈၀ နောက်ပိုင်းတွင် အသက်ပင် မဝင်တော့။ တာဝန်ယူထားသည့် လုပ်ငန်းများနှင့် ပတ်သက်သည်ကစ၍ ပါတီလမ်းစဉ်ပေါ်လစီကို အဆင့်ဆင့် ချပြဆွေးနွေးမှုများ မရှိခဲ့။ ၁၉၇၉ ခုနှစ် ဗဟိုကော်မတီလမ်းစဉ်အား လည်းကောင်း၊ ၁၉၈၅ ပါတီကွန်ဂရက်လမ်းစဉ် အား လည်းကောင်း အဆင့်ဆင့်ပါတီကော်မတီ၊ ပါတီကလာပ်စည်းများအား ချပြဆွေးနွေးသည် ကို မတွေ့ရခဲ့ပေ။

ထို့ပြင် ပါတီဗဟိုနှင့် အဆင့်ဆင့်မှ ပြုလုပ်သည့် နိုင်ငံရေးသင်တန်း ဆိုသည်ကလည်း မရှိ သလောက် ဖြစ်သည်။ အရှေ့မြောက်တွင် ၁၉၈၆ ခုနှစ်မှ ပါတီဗဟိုက ဖွင့်သည့် နိုင်ငံရေး သင်တန်းကျောင်းတခုသာ ရှိဖူးသည်။ သံလွင်မြစ်အနောက်ခြမ်း မြောက်ပိုင်းနယ်အတွင်း ဖွင့်လှစ်သည့် နိုင်ငံရေးသင်တန်း မရှိဟုပင် ဆို၍ရသည်။ ၇၅ ဗဟိုသည် ပါတီကို ပါတီနှင့် တူအောင် တည်ဆောက်သည်ဟု ဆိုခဲ့သော်လည်း လက်တွေ့တွင် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပါ။

ပဉ္စမအချက် ဖြစ်သည့် ဘဏ္ဍာရေး အကြောင်းအချက်ပေါ်တွင် တည်ဆောက်ခြင်းသည် နိုင်ငံရေး ပါတီတရပ်အတွက် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည့် အကြောင်းအချက် ဖြစ်သည်။ ယေဘုယျအားဖြင့် ပါတီလုပ်ငန်းကို အချိန်ပြည့် တာဝန်ယူကြမည့်သူများအတွက် နေရေး၊ စားရေး ဖြေရှင်းပေးရန် လိုသည်။ ပါတီလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျမည့် စရိတ်စကများကို ဖြေရှင်းပေးရန် လိုသည်။ လက်နက်ကိုင် တိုက်နေသော ပါတီတရပ်အနေနှင့် လက်နက်ခဲယမ်းမီးကျောက် အပါအဝင် စစ်သုံးစရိတ်ပြဿနာသည် ကြီးမားသည့် ဘဏ္ဍာရေး ပြဿနာ ဖြစ်သည်။ အရှေ့မြောက် CPB အနေနှင့် ၁၉၆၈ မှ ၁၉၈၀ ထိ တရုတ်တို့၏ ထောက်ပံ့မှု ရှိနေစဉ်က ထိုပြဿနာကို လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့သော်လည်း ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း တရုတ်တို့၏ အကူအညီ ဖြတ်တောက်သည့်နောက်ပိုင်း ဘဏ္ဍာရေးအကျပ်အတည်း ကြုံရပြီး အိုးနင်းခွက်နင်း အဖြစ်များနှင့် ကြုံရသည်။

ဤသည်တို့သည် အရှေ့မြောက် CPB တို့ ကြုံခဲ့ရသည့် ပါတီတည်ဆောက်ရေးဆိုင်ရာ ပြဿနာ ဖြစ်သည်။ ထိုပြဿနာများကို ကောင်းစွာမဖြေရှင်းနိုင်ခြင်းသည် CPB ပြိုကွဲမှု၏ အကြောင်း အချက်တခု ဖြစ်သည်။ ဤပြဿနာများသည် CPB တပါတီတည်း ကြုံရသည့်ပြဿနာမျိုးတော့ မဟုတ်ပါ။ နိုင်ငံရေးပါတီတိုင်း ကြုံတွေ့ရသည့်ပြဿနာ ဖြစ်သည်။ ဖြေရှင်းနိုင်ရန်သာ လိုသည်။ လက်တွေ့ထဲမှ အဖြေရှာရန် လိုသည်။ အတွေ့အကြုံများကို မှန်ကန်စွာ သုံးသပ်နိုင်ရန်သာ လိုသည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar