Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၂၃ ရက် မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၂၃ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၂၃၊ ၂၀၂၁

တိုက်ပွဲ၊ ဖောက်ခွဲမှု၊ လုပ်ကြံမှု၊ ဖမ်းဆီးနှိပ်စက်မှုနဲ့ ကိုဗစ်အန္တရာယ်

ဇွန်လ ၂၃ ရက်နေ့ သတင်းတွေမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အကြားဖြစ်ပွားတဲ့ ပစ်ခတ်မှု၊ သံသယနဲ့ ရွာတွေကို ရှာဖွေ ဖမ်းဆီးမှု၊ ပစ်ခတ်သတ်ဖြတ်မှု၊ စစ်ကောင်စီ သတင်းပေးလို့ ယူဆတဲ့သူတွေကို အမည်မဖေါ်တဲ့ လက်နက်ကိုင်သူတွေက ပစ်မှတ်ထား လုပ်ကြံမှု၊ စစ်ကောင်စီတွေရဲ့ ဖမ်းဆီးကာ အချို့လည်း အသက်သေဆုံးသည်အထိ နှိပ်စက်မှု နဲ့ တရိပ်ရိပ်ပြန်လည် မြင့်တက်လာနေတဲ့ ကိုဗစ်ပေါ့ဇတစ် လူနာအရေအတွက်တွေ ဖြစ်ပါတယ်။

ဒီလို နေ့စဥ် ကြားသိနေကျ သတင်းတွေအပြင် တောခိုသွားတဲ့ လူငယ်အဆိုတော် ရေမွန် ရုတ်တရက် ကွယ်လွန်သွားတဲ့ သတင်းလိုမျိုး လူအများနှမြောတသ ဖြစ်စေရတဲ့ သတင်းအချို့လည်း ဖြစ်ပျက်ခဲ့ပါတယ်။

ယနေ့ ကြားသိ ဖတ်ရှုရတဲ့ သတင်းတွေထဲ မနက်မိုးလင်းတာနဲ့ ရန်ကုန်မြို့ လှိုင်မြိုန့ယ်မှာ စစ်ကောင်စီကို သတင်းပေးလို့ စွပ်စွဲခံရသူ လက်ဖက်ရည်ဆိုင်ပိုင်ရှင် သေနတ်နဲ့ အနီးကပ် ပစ်သတ်ခံရတဲ့ သတင်း၊ အလားတူတရက်ထည်း မြဝတီမြို့မှာ ရာအိမ်မှူး တဦးလည်း ပစ်သတ်ခံရတဲ့ သတင်းဖြစ်ပါတယ်။

လတ်တလော ဒီလို ဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်း ဘယ်သူကမျှ သူတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုလေ့မရှိပါဘူး။ ရာအိမ်မှုးတွေ အုပ်ချုပ်ရေးမှူးတွေ သတင်းပေးသူတွေလို့ သံသယ ဖြစ်ခံရသူတွေကို လက်နက်နဲ့ လုပ်ကြံပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို အခြေမတည်နိုင်အောင် ၊ သတင်းမပေးရဲအောင် ရည်ရွယ် လုပ်ဆောင်တယ်လို့ ကောက်ချက်ချမယ်ဆို ချနိုင်ပါတယ်။

အခုလို လုပ်ကြံမှုတွေက ရေရှည်မှာ နိုင်ငံရေးအရ အထောက်အကူ ဖြစ်စေနုိင်လား သို့မဟုတ် လုပ်ကြံမှု လက်စားချေမှု သံသရာကို ဖြစ်စေနိုင်သလား ဆိုတာတော့ အရေးတော်ပုံကို နိုင်ငံရေးအရ ဦးဆောင်တဲ့အဖွဲ့အစည်းတွေ တာဝန်ရှိတဲ့ သူတွေ မှတ်ချက်ပေးပြောဆိုဖို့ လိုအပ်မယ်လို့ ယူဆမိပါတယ်။ အရေးတော်ပုံဟာ နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင် ရှိပြီး နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်နဲ့ လိုက်ဖက်လျော်ညီတဲ့ ရေရှည်အကျိုးကိုလည်း ထိခိုက်မှုမရှိစေတဲ့ နည်းလမ်းတွေ ကိုသုံးပြီး အရေးတော်ပုံကို အောင်မြင်အောင် လုပ်ဆောင်ကြတာက နိုင်ငံရေး ၊ စစ်ရေး နည်းလမ်း ဖြစ်မယ်လို့ ယူဆမိပါတယ်။ နို့မဟုတ်ပဲ ကမ္ဘာပေါ်က ပဋိပက္ခရှည်ကြာတဲ့ ဒေသတချို့လို ပဋိပက္ခ အမြစ်တွယ်ပြီးဖြေရှင်းရခက်ခဲတဲ့ ဒေသ ပြဿနာတချို့လို လုပ်ကြံမှုတွေ သတ်ဖြတ်မှုတွေရဲ့ ဝဲဂယက်ထဲ နစ်မွန်းသွားတာမျိုး မဖြစ်ရအောင် သုံးသပ်မှတ်ချက်ပေးကြဖို့ လိုအပ်မယ် ထင်ပါတယ်။

ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အခြားသောသတင်းတွေထဲ စစ်ကောင်စီတပ်တွေက ယင်းမာပင်နဲ့ ကနီကြားက တချို့သော ကျေးရွာတွေကို စစ်ကောင်စီကို ဆန့်ကျင်သူ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူတွေ ခိုအောင်းနေနိုင်တယ်ဆိုတဲ့ သံသယနဲ့ ဝင်ရောက်ရှာဖွေတာ နေအိမ်အချို့မီးရှို့တာတွေ ရှိတယ်လို့ သတင်းတွေထဲ ဖတ်ရှုရပါတယ်။

ယမန်နေ့က ဖြစ်ခဲ့တဲ့ မန္တလေးမြို့ပေါ်က ပီဒီအက်ဖ်နဲ့ စစ်ကောင်စီတပ်တွေ ရဲ့ အပြန်အလှန်ပစ်ခတ်မှု နောက်ဆက်တွဲ ပီဒီအက်ဖ်ဘက်က သတင်းမီဒီယာရဲ့ ဆက်သွယ်မှုကို ဖြေကြားသူကို ယနေ့ညပိုင်းမှာ ထပ်ပြီးအဖမ်းခံရတယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်လာပါတယ်။ သူနဲ့အတူ လက်နက်အချို့လည်း သိမ်းဆည်းခံလိုက်ရတယ်လို့ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့ အကြောင်းရင်းနဲ့ပတ်သက်လို့ အချို့ကလည်း ဆိုရှယ်မီဒီယာမှာ သူ့အင်တာဗျူးကို သူကိုယ်တိုင် ရှဲ လိုက်တာကြောင့် အမည်ဝှက်နဲ့ ပီဒီအက်ဖ်ကသူဟာ ဘယ်သူဘယ်ဝါဆိုတာ အနံ့ခံ ကောက်ချက်ချ လို့ရသွားတယ်ဆိုတဲ့ ရေးသားမှုတွေလည်း ဖတ်ရှုရပါတယ်။

ယမန်နေ့က ဖမ်းဆီးခံရသူတွေကို နှိပ်စက်ညှင်းပန်း စစ်မေးရာက ရရှိတဲ့ အချက်အလက်ကြောင့် ဖြစ်ေစ ဒါမှမဟုတ် အထက်က ကောက်ချက်ချသလို ဆိုရှယ်မီဒီယာ သဲလွန်စကြောင့်ဖြစ်စေ ခုလို လက်နက်ကိုင် ပျောက်ကြားအဖွဲ့တွေ ပါဝင်သူတွေ အဖို့ လုံခြုံရေးနဲ့ပတ်သက်လို့ ယခုထက်ပိုပြီး သတိထား စည်းမျဥ်းစည်းကမ်းတွေ ချမှတ်ထားပြီး တိတိကျကျ လိုက်နာဖို့ လိုအပ်လိမ့်မယ် ထင်ပါတယ်။

လျှိုဝှက်တဲ့ အဖွဲ့အစည်းတွေ နဲ့ ဆိုရှယ်မီဒီယာနဲ့ဟာ ဘုန်းကြီးနဲ့ ဘီးလို ဖြောင့်ဖြောင့်ဆန့်ကျင်နေကြပါတယ်။ ဆိုရှယ်မီဒီယာကို သုံးစွဲတာဟာ မိမိပတ်ဝန်းကျင် မိမိလူမှုအဖွဲ့အစည်း ဘာတွေ ဖြစ်နေကြသလဲ ဘယ်လို စဥ်းစားနေကြသလဲ ဆိုတာ သိဖို့အတွက် အလွန်အသုံးဝင်ပါတယ် သို့ပေမယ့် ဆုိရှယ်မီဒီယာပေါ်မှာ ဘာမှ လှုပ်ရှားမှု ဆက်သွယ်မှု ပြောဆိုမှု မလုပ်ရင်တော့ လုံခြုံပါတယ် နို့မဟုတ်ပဲ သဘောထား အမြင်ပြောတာ၊ လုံခြုံမှုအားနည်းတဲ့ ပလက်ဖောင်းတွေက တဆင့် ဆက်သွယ်တာ၊ ဓါတ်ပုံတွေ၊ဗီဒီယိုတွေ တင်တာမျိုးဆိုရင်တော့ ကိုယ့်ခြေရာကျန်ရစ်ပြီး သဲလွန်စ ရနိုင်တာဖြစ်ပါတယ်။

ခုလိုအိုင်တီနည်းပညာတွေ အဆင့်မြင့်ဆော့ဖ်ဝဲတွေ မသုံးနိုင်သေးတဲ့ ၂၀၁၀ မတိုင်ခင်ကာလတုန်းကတောင် အစ္စရေးလ်တွေက ဖေ့စ်ဘွတ်ပလက်ဖောင်းပေါ်က နေ ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့တွေ မြေအောက် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံ ဖေါ်ထုတ်တာမျိုး သတင်းနှိုက်ယူတာမျိုးတွေ လုပ်ခဲ့တဲ့ သာဓက အများအပြားရှိခဲ့လို့ ဖြစ်ပါတယ်။

ဒါတွေက လျှို့ဝှက်ပြီးလုပ်ရတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အစုအဖွဲ့တွေက စောင့်စည်းသင့်တဲ့ အချက်တွေဖြစ်ပါတယ်။ အလားတူပဲ နိုင်ငံရေးသမားတွေ အဖို့လည်း ဆိုရှယ်မီဒီယာမှာ မိမိရဲ့အမြင် ခံစားချက် စတာတွေကို လွယ်လွယ်နဲ့ ထုတ်ဖေါ်ရေးသားကြလို့ မိတ်ဖက် အဖွဲ့အစည်းတွေ လူထုပရိသတ်တွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးစေပြီး မိမိပါဝင်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းပေါ်မှာလည်း ဂယက်ရိုက်ခတ်နိုင်တာကြောင့် ဖြစ်ပါတယ်။

နိုင်ငံရေးသမားတယောက်အဖို့ သာမန်လူထုတယောက်နဲ့မတူပဲ စကားလုံးတိုင်း မှတ်ချက်တိုင်း ခံစားချက် ဖေါ်ပြမှုတိုင်းဟာ သက်ရောက်မှု ကြီးမားပါတယ်။ သာမန်ပြည်သူထဲက လူတယောက် အဖို့ သူခံစားချက်ကို သူရေးချင်သလို ရေးတာ သက်ရောက်မှု ကြီးကြီးမားမား မရှိပေမယ့် နိုင်ငံရေးသမားတယောက်က အဲလို အပြုအမူမျိုး ရေးသားခဲ့ရင် သက်ရောက်မှု ဆုံးရှုံးမှုက မထင်မှတ်ထားတဲ့အတိုင်းအတာထိ သက်ရောက် နုိင်လို့လည်း ဖြစ်ပါတယ်။

NUG အစိုးရ အဖွဲ့ဝင် ဝန်ကြီးတဦးက ၂၀၁၆ ခုနှစ်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ မှတ်ချက်စကားနဲ့ သဘောအဓိပ္ပါယ်တူတဲ့ မှတ်ချက်ကို သူ့ရဲ့ ကိုယ်ပိုင် အကောင့်မှာ တင်လိုက်တာကြောင့် ဘယ်သူ ဘယ်အဖွဲ့ကို ရည်ရွယ်ပြီးဆိုလိုတယ်ဆိုတာ မပါရှိပေမယ့် ဒီစကားလုံး အဓိပ္ပါယ်က NUG နဲ့ အဓိက ညှိနှိုင်းပြောဆို လုပ်ကိုင်နေရတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ရည်ရွယ်တာလို့ အများက အဓိပ္ပါယ်ကောက်ယူပြီး ဝေဖန်ချက်တွေ မှတ်ချက်တွေ တုံ့ပြန်ချက်တွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်စကားဟာ အန်အယ်လ်ဒီ အစိုးရအဖွဲ့အဖြစ် တာဝန်ယူခဲ့စဥ် ၂၀၁၆ ခုနှစ်ကတညး်က အငြင်းပွားဖွယ် စကားတရပ်အဖြစ် ဝေဖန် ပြောဆိုခဲ့ကြတာဖြစ်ပြီး အန်အယ်လ်ဒီအနေနဲ့ အခုလို စစ်အာဏာရှင်စနစ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ယုံကြည်မှု စည်းလုံးမှုရယူပြီး ပူးပေါင်းတွန်းလှန်ကြမယ်ဆိုတဲ့ အချိန်မျိုးမှာပိုပြီး အငြင်းပွားဖွယ် သံသယဝင်ဖွယ် ဖြစ်စေနိုင်တာလည်း ဖြစ်ပါတယ်။

နိုင်ငံရေး အကြောင်းအရာတွေအပြင် လတ်တလော မြန်မာနုိင်ငံရဲ့ ဒေသအချို့မှာ ခြိမ်းခြောက်နေတဲ့ အန္တရာယ်တခုက ကိုဗစ်အန္တရာယ်ဖြစ်ပါတယ်။ တနိုင်ငံလုံး နေ့စဥ်အတည်ပြုလူနာအရေအတွက်ဟာ သီတင်းပတ်တွေအတွင်း ရာဂဏန်းသေးက နေ ခုဆို တရက်ကို ၅ရာ ၆ ရာေကျာ်လာပါပြီ။ စစ်ကိုင်းတုိင်း ကလေးမြို့လိုမျိုးမှာ မြို့ခံတွေ တုန်လှုပ်စိုးရိမ်နေရတဲ့အနေအထားမျိုး​ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

ကိုဗစ်ကို တွန်းလှန်ဖို့ ပျက်စီးနေတဲ့ ကျန်းမာရေးစနစ်၊ အလုပ်မလုပ်နိုင်တဲ့ အုပ်ချုပ်ရေးစနစ်၊ စိတ်ဝမ်းကွဲနေတဲ့ လူမှုအဖွဲ့အစည်း နဲ့ လုံခြုံရေး အာဏာရှင်သန်ရေးသာ ဦးစားပေးလုပ်ဆောင်နေတဲ့ စစ်ကောင်စီအုပ်ချုပ်မှုနဲ့ ဘယ်လိုတုံ့ပြန် ကာကွယ်ကြမလဲဆိုတာ တွေးကြည်ယုံနဲ့တင် ရင်ေလးစရာ အနေအထားလည်း ဖြစ်နေပါတယ်။

(Photo - VOA - ပြီးခဲ့တဲ့ အင်္ဂါနေ့က စစ်ကောင်စီတပ်နဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF-Mdy တို့ကြား တိုက်ခိုက်မှုအပြီး မန္တလေးမြို့တွင်း စစ်တပ်ပြင်ဆင်ထားသော သဲအိတ်အကာအကွယ်များ၊ ယာယီအတားအဆီးများ တွေ့ရစဉ်…)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar