Breaking News

မောင်မောင်စိုး - အရှေ့မြောက် CPB ပြိုကွဲမှုနှင့်ပတ်သက်သည့် သုံးသပ်ချက် - ၁



မောင်မောင်စိုး - အရှေ့မြောက် CPB ပြိုကွဲမှုနှင့်ပတ်သက်သည့် သုံးသပ်ချက် - ၁

(မိုးမခ) ဇွန် ၁၃၊ ၂၀၂၁

မိမိ၏ သုံးသပ်ချက်

အဘယ့်ကြောင့် မိမိ ကွန်မြူ နစ်တယောက်ဖြစ်သွားပါသနည်း၊ အဘယ်ကြောင့် ကွန်မြူနစ်ပါတီကို ယုံကြည်ခဲ့ပါသနည်း၊ အဘယ်ကြောင့် လက်နက်ကိုင်ပုန်ကန်တိုက်ခိုက်မှုကိုရွေးချယ်ခဲ့ရသနည်း၊ အဘယ်ကြောင့် ဗမာပြည် ကွန်မြူနစ်ပါတီပြိုကွဲခဲ့ပါသနည်းဆိုသည့်မေးခွန်းများရှိပေလိမ့်မည်။ မိမိတဦးချင်းအနေနှင့်အောက်ပါအကြောင်း အချက်များကြောင့်ဟု အကျ ဉ်းအားဖြင့်ဆိုချင်ပါသည်။

ဤနေရာတွင် မိမိသည် မတ်ဝါဒ ဝါ ကွန်မြူ နစ်ဝါဒ ဝါ လက်ဝဲအယူအဆအား သက်ဝင်ယုံကြည်ခဲ့သည့်အပေါ်မှ ကွန်မြူနစ်ပါတီဝင်တယောက် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ဖြစ်သွားခဲ့သည်ဖြစ်ရာ မိမိယုံ ကြည်သက်ဝင်မှုနှင့် ကြည့်မြင်သုံးသပ်ပုံအခြေခံများအပေါ်မှ တင်ပြသွားမည်ဖြစ်သည်။ ဤသို့ဆို၍ မိမိ၏ သုံး သပ်ချက်များသည် ကွန်မြူ နစ်ဝါဒမှန်ကန်ကြောင်းသက်သေပြဆိုနေခြင်းဖြစ်သည်ဟု မယူဆစေလိုပါ။ မိမိတို့အချိန်အခါကာလက မိမိတို့၏ရှုမြင်သုံးသပ်စဉ်းစားဆုံးဖြတ်သည်များကို ဖေါ်ပြခြင်းမျှသာဖြစ်သည်။ ထို့အပြင် မိမိ၏သုံးသပ်ချက်များနှင့်မတူဘဲ လွတ်လပ်စွာကွဲလွဲနိုင်ကြပါသည်။

မည်သို့ပင်ဖြစ်စေ တော်လှန်ရေးနိုင်ငံရေးပါတီတရပ်၊လက်နက်ကိုင် အဖွဲ့အစည်းတရပ် တည်ဆောက်ရာတွင် ၎င်း၊ လူ့အဖွဲ့အစည်းအား ပြောင်းလဲလိုသည့် နိုင်ငံရေးပါတီတရပ်တည်ဆောက်ရာတွင်၎င်း၊ တိုင်းရင်းသားလူမျိူးများအရေးကို ဖြေရှင်းရာတွင်၎င်း CPB ၏လက်တွေ့ကျသော အတွေ့အကြုံ သင်ခန်းစာများ၊ အမှားများ၊ အမှန်များကို ထုတ်နှုတ် သုံးသပ်နိုင်ကြလိမ့်မည်။

တဦးချင်းစီ၊ အဖွဲ့အစည်းတခုချင်းစီ၏ နိုင်ငံရေးအယူအဆအမြင်များ၊ အတွေ့အကြုံများနှင့် နှိုင်းယှဉ်သုံးသပ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ထို့ပြင် ရှည်ကြာလှပြီဖြစ်သော ပြည်တွင်းစစ်နှင့်ပတ်သက်၍၎င်း၊ ပြည်တွင်းငြိမ်း ချမ်းရေးနှင့်ပတ်သက်၍၎င်း သင်ခန်းစာများရယူနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

ချစ်ခြင်းမေတ္တာ မိမိတဦးချင်းအနေနှင့် သူပုန်တယောက် ဝါ တော်လှန်ရေးသမားတယောက် ဝါ ကွန်မြူ နစ်တယောက် အဘယ်ကြောင့်ဖြစ်လာရပါသနည်း။ ချေဂွေဗားရားပြောသကဲ့သို့ပင် ချစ်ခြင်းမေတ္တာကြောင့်ဖြစ်လာရသည်ဟုဆိုရပါ

မည်။ " တော်လှန်ရေးဆိုတာ ချစ်ခြင်းမေတ္တာပါ။ ကြီးမြတ်သော အချစ်စိတ်ကြောင့် တော်လှန်ရေးသမားဖြစ်လာခဲ့ရတယ်။ လူ့အဖွဲ့အစည်းကို ချစ်တဲ့စိတ်၊ တရားမျှတမှု ကို ချစ်တဲ့စိတ်၊ အမှန်တရားကို ချစ်တဲ့စိတ်တွေကြောင့် ကျုပ် တော်လှန်ရေးသမားဖြစ်လာတာဘဲ" ဟု ချေ ဂွေဗားရားက ဆိုခဲ့ဘူးသည်။

ကွန်မြူ နစ်တို့ ချစ်ခြင်းမေတ္တာကို ဆန့်ကျင်ဖက်တို့က တဖက်က အသိမှတ်ပြု၍ တဖက်က ထိုးနှက်တိုက်ခိုက်မှု များပြု လုပ်ခဲ့ကြသည်။ အသက် ၂၀ မှာ ကွန်မြူ နစ်မဖြစ်ရင် နှလုံးသားမရှိလို့၊ အသက် ၄၀ မှ ကွန်မြူ နစ်ဖြစ်နေသေးရင် ဦးဏှောက်မရှိလို့ဟု ဆိုခဲ့ကြ ထိုးနှက်ခဲ့ကြသည်။ ကွန်မြူ နစ်တို့၏ မေတ္တာတရားကို ဆင်ခြင်တုံမဲ့သော ခံစားမှု နောက်လိုက်သူများအဖြစ် ပုံဖျက်ခဲ့ကြသည်။ မိမိအမြင်ကတော့ ကွန်မြူ နစ်တို့၏ လူထုအား ချစ်သော မေတ္တာ တရားသည် အမှန်တကယ်တည်ရှိမှု ပေါ်မှ ပေါ်လာသည့် ရှိသင့်ရှိထိုက်သည့် အစစ်အမှန်မေတ္တာတရားဖြစ်သည်။ ဆင်ခြင်တုံတရားကင်းမဲ့စွာ ခံစားမှု ပေါ်မှပေါ်ပေါက်လာခြင်း မဟုတ်ပေ။ ဝိဝါဒကွဲပြားမှု များ၊ ဝေဖန်တိုက်ခိုက်မှုများမည်သို့ပင်ရှိစေကာမူ တော်လှန်ရေးသမားတယောက်၊ နိုင်ငံရေးသမားတယောက်ဖြစ်ဖို့ဆိုလျင် လူအဖွဲ့အစည်း၊ အမှန်တရားနှင့် တရားမျှတမှုကို ချစ်သောစိတ်ရှိရန် လိုအပ်ပေလိမ့်မည်။

လက်တွေ့ကိုမျက်မှောက်ပြု ခြင်းနောက်ပြဿနာတခုမှ လူ့အဖွဲ့အစည်းအတွက် လုပ်ကိုင်လိုသူတယောက် သို့ မဟုတ် တော်လှန်ရေးသမားတယောက်ဖြစ်ရန်ဆိုလျင် ပကတိလက်တွေ့ဘဝအား မျက်မှောက်ပြု ရန်လိုသည်။ ကွန်မြူ နစ်တို့အား ရုပ်ဝါဒသမားဆိုကြသည်။ ဤသို့ဆိုကြ၍ ကွန်မြူ နစ်များသည် စိတ်ကို၎င်း အသိစိတ်ကို၎င်း မျက်ကွယ်ပြု ကြသူများမဟုတ်ပေ။ သို့ရာတွင် အရာကိစ္စများကို ကြည့်မြင်ရာတွင်၎င်း၊ သုံးသပ်ရာတွင်၎င်း၊ ကိုင် တွယ်ဖြေရှင်းရာတွင်၎င်း ပကတိတည်ရှိနေသည့်လက်တွေ့ဘဝအခြေအနေအကြောင်းအချက်များကို အရှိအတိုင်း ကြည့်မြင်ရန်လိုသည်။ ဤနေရာတွင် မြင်နိုင် ထိတွေ့နိုင်သော အကြောင်းအချက်များကိုသာမက မမြင်နိုင် မထိတွေ့နိုင်သည့် လူသားတို့၏စိတ်ဓါတ်နှင့် စွမ်းဆောင်ရည်သည့်လည်း ပကတိလက်တွေ့ဘဝတွင်ပါသည်ကို အသိမှတ်ပြု ရမည်ဖြစ်သည်။ အဓိကပြသနာမှာ ပကတိတည်ရှိနေသည့်အတိုင်း ကြည့်မြင်ကြရန်ဖြစ်သည်။ မိမိဖြစ်စေချင်သည့် သို့မဟုတ် မိမိဖြစ်သင့်သည်ဟုယူဆသည့်ဖက်ကို မတိမ်းစောင်းဖို့လိုသည်။ အမှန်တကယ်တည်ရှိနေသည့် ပကတိဘဝအတိုင်းကြည့်မြင်ရန် လိုအပ်သည်။ ပကတိအခြေအနေနှင့်ကင်းကွာပြီး ဆန္ဒစွဲနှင့် မကြည့်ရန်လိုအပ်သည်။ ပကတိအခြေအနေနှင့် ကင်းကွာပြီး စိတ်ကူးစံဖြင့် နိုင်ငံတခုကို တည်ဆောက်၍ မရနိုင်ပေ။ပကတိအခြေအနေကို မျက်မှောက်ပြုခြင်းသည် တော်လှန်ရေးသမားတယောက် သို့မဟုတ် နိုင်ငံရေးသမားတယောက်အတွက် အခြေခံလိုအပ်ချက်ဟု မိမိလက်ခံယုံကြည်ပါ သည်။

ခွဲခြမ်းစိတ်ဖျာခြင်း

အခိုင်အမာအရာကိစ္စများအား အခိုင်အမာ ခွဲခြမ်းစိတ်ဖြာခြင်းသည် မတ်ဝါဒ၏ အသက်ဝိညာဉ်ဖြစ်သည်။ အရာကိစ္စများအား ပကတိအခြေအနေ အတိုင်း တည်ရှိမှုကို ဦးစွာအသိမှတ်ပြု ကြည့်မြင်ပြီးနောက် ၎င်းအရာကိစ ္စများအား ခွဲခြမ်းစိတ်ဖြာကြည့်ရှု ရန်လိုသည်။ အရာကိစ္စများကို အနုပဋိလောမနည်းအရခွဲခြမ်းစိတ်ဖြာကြည့်ရှုရန်လိုသည်။ ဤနေရာတွင် သတိပြုသင့်သည်မှာ အနုပဋိလောမဟုခေါ်သည့် ဒိုင်ယာလက်တစ်အား ကွန်မြူနစ်တို့၏ဘိုးအေကြီးများဖြစ်သည် မတ်၊ အိန်ဂျယ်တို့ကဖေါ်ထုတ်ခဲ့သည်မဟုတ်ဘဲ ၎င်းတို့ထက် တစ်ရာစုစောသည့် တွေးခေါ်ပညာရှင် ဟီဂယ်၏ အယူအဆဖြစ်သည်ဆိုခြင်းဖြစ်သည်။

ဤတွေးခေါ်စဉ်းစားနည်းအရ ဦးစွာအားဖြင့် အရာကိစ္စတိုင်းသည် ဆန့် ကျင်ဖက်များပေါင်းစည်းထားခြင်းဖြစ် သည်။ အဆိုပါဆန့်ကျင်ဖက်များသည် အပြန်အလှန်တွန်းကန်နေသကဲ့သို့ အပြန်အလှန်လည်းဆက်သွယ်နေ သည်။ ဆန့်ကျင်ဖက်များပေါင်းစည်းထားခြင်းအားပဋိပက္ခဟုခေါ်သည်။ အရာကိစ္စတိုင်း၏ ဖြစ်ထွန်းတိုးတက်မှုတိုင်းသည် ထိုပဋိပက္ခများကြောင့်ဖြစ်သည်။ အတွင်းပိုင်း အကြောင်းတရားကြောင့်ဖြစ်သည်။ အပြင်ပိုင်းအကြောင်းတရားတည်ရှိမှု ကိုလက်ခံသော်လည်း အတွင်းပိုင်းအကြောင်းတရာက အရင်းခံဖြစ် သည်။ ဒုတိယအားဖြင့် ပဋိပက္ခများသည် အနှံ့အပြားတည်ရှိနေသည်ဆိုခြင်းဖြစ်သည်။ တတိယအားဖြင့် ပဋိပက္ခများတွင် ထူ းခြားချက်ရှိခြင်းဖြစ်ပြီး စတုတ္ထအနေနှင့် အဓိကပဋိပက္ခနှင့် ပဋိပက္ခ၏ အဓိကဖက်ဖြစ်သည်။

တော်လှန်ရေးသမား သို့မဟုတ် နိုင်ငံရေးသမားတဦးအနေနှင့် လူ့အဖွဲ့အစည်းပြဿနာကို ကိုင်တွယ်ဖြေရှင်းမည်ဆိုလျှင် လူ့အဖွဲ့အစည်းသည် ပဋိပက္ခများဖြင့်ဖွဲ့စည်းထားပြီး လူ့အဖွဲ့အစည်းတိုးတက်မှုသည် ထိုအတွင်းပိုင်းအကြောင်းတရားများကြောင့်ဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း ပဋိပက္ခသည်တခုတည်းမဟုတ် အနှံ့အပြားရှိသည်။ ပဋိပက္ခတိုင်းတွင် ထူးခြားချက်များရှိသည်။ အဆိုပါ လူ့အဖွဲ့အစည်းတွင်းရှိ အဓိကပဋိပက္ခကို သိမြင်ပြီး အရင်ဆုံးဖြေရှင်းနိုင်ရမည်။ အရပ်စကားနှင့်ပြောရလျင် ပြဿနာသောင်းခြောက်ထောင်ထဲက ဂျက်ကျသည့်ပြဿနာကိုဖြေရှင်းနိုင်မှ ကျန်သောပြသနာများကို ကျွဲ ကူးရေပါဖြေရှင်းနိုင်မည်။ အသေးအဖွဲများနှင့်အချိန်ကုန်နေပါက သို့မဟုတ် ဂျက်ကျသည့်ပြသနာမဖြေရှင်းနိုင်ပါက ကျန်ပြဿနာများကို ဖြေရှင်းရန်မဖြစ်နိုင်ပေ။ ထို့ပြင် အဓိကပဋိပက္ခကို ဖြေရှင်းရာတွင် အဆိုပါ ပဋိပက္ခ၏အဓိကဖက်ကို ကြည့်မြင်ရန်လိုသည်။ ဖက်နှစ်ဖက်ရှိသည့် ပဋိပက္ခတခု၏လက္ခဏာကိုအဆုံးအဖြတ်ပေးသည်မှာ ပဋိပက္ခ၏အဓိဖက်ဖြစ်သည်။ သို့သော် ထိုပဋိပက္ခ၏ အဓိကဖက်သည် ပြောင်းလဲနိုင်သည်ကို ထည့်သွင်းတွက်ချက်ရန် လိုသည်။

ဤသည်မှာ မိမိယုံကြည်ခဲ့သည့် အနုပဋိလောမနည်းနာဖြစ်သည်။ မယုံကြသူများလည်းရှိသည် ။ လွတ်လပ်စွာကွဲလွဲနိုင်သည်။ ယခုခေတ်တွင် ဒိုင်ယာလက်တစ်အား မပြည့်စုံဟုဆိုခါ တြိုင်ရာလက်တစ်ဟူသော စဉ်းစားနည်းတခုပေါ်သော်လည်း လက်တွေ့အသုံးချ သည်တော့မတွေ့ရပါ။ ထို့ပြင် လူအဖွဲ့အစည်းနှင့်ပတ်သက်၍စဉ်းစားသုံးသပ်ရာတွင် သမိုင်းကြောင်းကို ဆက်စပ်စဉ်းစားရန်လိုသည်။ ယေဘူယျ အားဖြင့် ယနေ့ကြုံ တွေ့နေရသော အရာကိစ္စများ၊ ပြသနာများသည် ရှောင်တခင်ပေါ်ပေါက်လာသည်မဟုတ်။ မိုးပေါ်ကကျလာသည်မဟုတ်ပေ။ သမိုင်းဇစ်မြစ်ရှိသည်။ အရာကိစ္စ ဝါ ပြသနာက ကြီးမားလေ ရှည်လျားသော သမိုင်းကြောင်းရှိလေဖြစ်သည်။

ထို့ကြောင့် လူ့အဖွဲ့အစည်းဆိုင်ရာပြသနာများကို ကြည့်မြင်သုံးသပ်ဖြေရှင်းရာတွင် သူ၏သမိုင်းဇစ်မြစ်ကို ထည့်သွင်းစဉ်းစားသုံးသပ်ဖြေရှင်းရန် လိုအပ်သည်။ မိမိအနေနှင့် ဤသို့ အရာကိစ္စများကို အခိုင်အမာခွဲခြမ်းစိတ်ဖြာရန် လိုအပ်သည်ဟုယုံကြည်ခဲ့သည်။ ထို့ပြင် လူ့သမိုင်းသည် ကြောင်လိမ်လှေခါးသဖွယ် ဖြစ်ထွန်းတိုးတက်နေသည်ဟုမြင်ရန်လိုသည်။

ရပ်တည်ချက်

နိုင်ငံရေးသမားတယောက် ဝါ တော်လှန်ရေးသမားတယောက်အတွက် အရေးကြီးသည်က ရပ်တည်ချက်ပြသနာဖြစ်သည်။ တရားမျှတမှုဖက်ကရပ်မည်။ အမှန်တရားဖက်ရပ်မည်။ အလုပ်သမား၊ လယ်သမားပြည်သူလူထုဖက်ရပ်မည်ဆိုသည့် ရပ်တည်ချက်က ခိုင်မာဖို့လိုသည်။ ထို့အတွက် အမြင်ရှင်းဖို့သည်။ မြန်မာပြည်လူ့အဖွဲ့အစည်းတွင် လောလောဆယ်ကာလများတွင် အဓိကနေရာယူ၍ လူ့အဖွဲ့အစည်းအား ပုံဖေါ်နေသည်မှာ စစ်အာဏာရှင်များဖြစ်ကြသည်။ ထိုသူများကို အံတု၍ရပ်တည်နိုင်ရန် သုံးသပ်ချက်မှန်ဖို့လို သည်။ ပိုင်းဖြတ်ချက်ခိုင်ဖို့လိုသည်။ လူ့အဖွဲ့အစည်းအား ပြည်သူလူထုက ပုံဖေါ်နိုင်မည်ကို ယုံဖို့လိုသည်။ ထိုသို့သောအခြေအနေအောက်တွင် ရပ် တည်ချက်မှန်ဖို့လိုပါသည်။ ရပ်တည်ချက်မှန်ဖို့အတွက် ယုံကြည်ချက် သေချာဖို့လိုပါလိမ့်မည်။ မတ်ဝါဒအား ယုံကြည်သူများအတွက် ရပ်တည်ချက်သည် အရေးကြီးသည့်ပြဿနာဖြစ်သည်။ မတ်ဝါဒသည် ပြဿနာကို ရှု မြင်သုံးသပ်ဝေဖန်ပိုင်းခြား အဖြေရှာခြင်းသက်သက်ကိုသာ ဖေါ်ပြသည်မဟုတ်ပေ။ မည်သည့်ဖက်ရပ်တည်ရမည်ကိုပါ တပါတည်းဖေါ်ပြပါသည်။ ရပ်တည်ချက်မရှိသောလူ့အဖွဲ့အစည်းအပေါ်အမြင်များသည် ဝေဝါး၍ နေပေလိမ့်မည်။

မူဝါဒ

နိုင်ငံရေးသမား ဝါ တော်လှန်ရေးသမားတယောက်အတွက် အရေးကြီးသည့်အချက်မှာ မူဝါဒပြဿနာသည်။ လူ့အဖွဲ့အစည်းအား တော်လှန်ပြောင်းလဲရာတွင် ခိုင်မာသောမူဝါဒပေါ်ရပ်တည်ရန်လိုအပ်သည်။ သို့မှသာ ပြဿနာများကို ဝေဖန်သုံးသပ်ဖြေရှင်းရာတွင် တသမတ်တည်းရှိပေမည်။ ခိုင်မာသောမူဝါဒမရှိပါဘဲ ပြသနာများကို လက်တမ်းသုံးသပ်ပြောဆိုဖြေရှင်းနေပါက ရှေ့နောက်မညီဘဲ ဗရမ်းဗတာဖြစ်နေပေလိမ့်မည်။ မတ်ဝါဒတွင် ခိုင်မာသော မူဝါဒရှိသည်။

မတ်ဝါဒနှင့်အမှားများ

ကွန်မြူ နစ်တို့၏ စဉ်းစားမှု တွင်လည်း အမှားမရှိသည်တော့မဟုတ်။ အမှားရှိနိုင်သည်။ ရှိလည်းရှိခဲ့သည်။ လက်တွေ့အခြေအနေကို ပစ်ပယ်ပြီး စာအုပ်ကြီးထဲက သဘောတရားများကိုသာ ဖက်တွယ်ထားပါက လက်ဝဲတရားသေဝါဒ အမှားဖြစ်သည်။ မူဝါဒများကို ပစ်ပယ်၍ မြေပြင်အခြေအနေအောက်တွင်သာ မျှောလိုက်နေပါက လက်ယာအချောင်သမားဝါဒအမှားဖြစ်ပေသည်။ အမှားကို မြင်နိုင် ပြင်နိုင်မှ အမှန်ကိုရပေမည်။ အမှားကို မမြင်နိုင် မပြင်နိုင်ပါက အမှားနွံတွင်းမှ ရုန်းထွက်နိုင်မည်မဟုတ်ပေ။ အမှန်အမှားသည်ပင် ရှောင်၍မရသည့် ပဋိပက္ခဖြစ်နေသည်။

ထို့ပြင် နည်းပညာတော်လှန်ရေးများ အဆက်ဆက်ပြောင်းလဲလာသောခေတ်ကာလတွင် မတ်ဝါဒ၏မူများသည်ပင် မေးခွန်းထုတ်ခံရသည့် အခြေအနေသို့ ဆိုက်ရောက်သည်ကို တွေ့ရသည်။ မတ်ဝါဒ၏ ပစ္စည်းမဲ့အာဏာရှင် စနစ်ပြသနာနှင့် ဗဟိုချုပ်ကိုင်မှု အားကြီးပြီး မအောင်မြင်ခဲ့သည့် ဆိုရှယ်လစ်စနစ် အကောင်ထည်ဖေါ်မှု ပြသနာသည် မတ်ဝါဒအတွက် ကြီးမားသော မေးခွန်းဖြစ်သည်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့်ပစ္စည်းမဲ့အာဏာရှင် စနစ်၊ ဆိုရှယ်လစ်စီးပွါးရေးနှင့် စျေးကွက်စီးပွါးရေး တို့နှင့်ပတ်သက်၍ မတ်ဝါဒအား ကြီးမားသောထိုးနှက်မှု များ ဖြစ်ပေါ်ခဲ့သည်ကို ငြင်းပယ်ရန်မရှိပေ။

သို့သော်တဖက်တွင် ဘီလျံ နှင့်ချီ ၍ ချမ်းသာကြွယ်သူ လက်တဆုပ်စာပေါ် ထွန်းလာနေပြီး ဆင်းရဲမွဲတေသူ သန်းပေါင်းမြောက်များစွာရှိနေသော ကမ္ဘာကြီးတွင် လူသားတို့သည် အမှားများ အမှန်များကို ဖြတ်သန်းပြီး လူ့အဖွဲ့အစည်းအတွက် ကောင်းမွန်သောအဖြေတခုကို ရှာဖို့ ရှေ့ဆက်ရပေဦးမည်။ လူသားတို့၏တွေးခေါ်လုပ်ဆောင်မှု သမိုင်းသည် ရပ်တန့်နေသည်မဟုတ်ပေ။

ရှေ့သို့ဆက်နေဦးမည်သာဖြစ်ပေသည်။

တော်လှန်ရေးနှင့်တော်လှန်ရေးပါတီ

နိုင်ငံရေးသမားတယောက် ဝါ တော်လှန်ရေးသမားတယောက်အနေနှင့် လူ့အဖွဲ့အစည်းအား တော်လှန်ပြောင်း လဲရန် တော်လှန်ရေးပါတီတရပ် ဝါ နိုင်ငံရေးပါတီတရပ်လိုအပ်သည်။ ယခုခေတ်ကာလဝေါဟာရနှင့်ဆိုလျင် လုပ်ငန်းတခု ပြီးမြောက်အောင်မြင်အောင်ဆောင်ရွက်နိုင်ရန် ခိုင်မာတောင့်တင့်သည့် အင်စတီကျုးရှင်းတရပ်လိုအပ်သည်။ မိမိအရွယ်ရောက်ကြီးပြင်းလာ သည့်ကာလသည် ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးကာလဖြစ် သည်။ ထို့နောက် မဆလ တပါတီအာဏာရှင်စနစ်ကာလဖြစ်သည်။ အဆိုပါအာဏာရှင် စနစ်၏ ဖိနှိပ်မှုများအောက်မှ ပုန်ကန်တော်လှန်ရန် ဦးဆောင်ဦးရွက်ပြု မည့် တော်လှန်ရေးပါတီတရပ်လိုအပ်နေသည်။ မိမိအနေနှင့် ထိုသို့သောပါတီတွင် ပါဝင်ရန်လိုအပ်သည်။ ထိုစဉ်က မဆလအစိုးရအား လက်နက်ကိုင်တော်လှန် ပုန်ကန်နေသော တပြည်လုံးလက္ခဏာဆောင်သည့် အဖွဲ့အစည်း ၂ ခုရှိနေသေးသည်။ ဦးနု၏ ပဒပ ခေါ် ပါလီမန်ဒီမိုကရေစီပါတီနှင့် CPB ခေါ် ဗမာပြည်ကွန်မြူ နစ်ပါတီတို့ဖြစ်သည်။ စဉ်းစားတွေးခေါ်မှု အရ ၊ အဘိဓမ္မာအရ၊ နိုင်ငံရေးလမ်းစဉ်အရ တစုံရှိသည့် CPB မှတပါးအခြားရွေးချယ်စရာမရှိဟုမြင်သည်။ CPB သည် လွတ်လပ်ရေးကြိုးပမ်းစဉ် ၁၉၃၉ ခုနှစ်ကထဲက ပေါ်ပေါက်လာသော နိုင်ငံရေးပါတီဖြစ်သည်။ အင်္ဂလိပ်နယ်ချဲ့ အား၎င်း၊ ဖက်ဆစ် ဂျပန်အား၎င်း တော်လှန်တိုက်ခိုက်ခဲ့သည့်အပြင် ၁၉၄၈ ခုနှစ်ကထဲက အုပ်စိုး သူများကို ကြံ့ကြံ့ခံ လက်နက်ကိုင်တော်လှန်နေသည့် ရှည်လျားသောသမိုင်း ကြောင်းရှိသည်။ ထို့ပြင်ရှည်လျားသောသမိုင်းကြောင်းတလျောက်တွင် ကွန်မြူနစ်တို့၏ စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ ကိုယ်ကျိုးစွန့်မှုတို့က မိမိအတွက် စံပြဖြစ်နေခဲ့သည်။ ထိုအကြောင်းအချက်များအောက်တွင် မိမိသည် ကွန်မြူနစ်ပါတီအား ရွေးချယ်ခဲ့သည်။ ၁၉၇၄/၇၅ မြေပေါ်သပိတ်တိုက်ပွဲများအပြီး လက်နက်ကိုင်တိုက်ပွဲတွင် ပါဝင်ရန် CPB အခြေခံဒေသသို့ ထွက်ခွာခဲ့သည်။

လက်နက်ကိုင်တော်လှန်ရေး

" ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့ မနက် အာရုဏ်ဦးမှာ ပထမဆုံးထွက်ပေါ်လာတဲ့သေနတ်သံဟာ ဗမာပြည်သမိုင်းသစ်ကို သယ်ဆောင်လာတာ ဖြစ်တယ် " လို့ CPB ဥက္ကဌ သခင်သန်းထွန်းကဆိုခဲ့သည်။ လက်နက်ကိုင် အင်အားသုံး၍ အုပ်ချ ုပ်နေသော အစိုးရအား မိမိတို့လည်း လက်နက်ကိုင်ပုန် ကန်တိုက်ခိုက်ရမည်ဟု ယုံကြည်ခဲ့သည်။ ဖိနှိပ်မှု ကို ပုန်ကန် တော်လှန်တာတရားတယ်ဟု မိမိမှတ်ယူခဲ့သည်။ မိမိတို့တိုင်းပြည်ကဲ့သော ခေတ်နောက်ကျ သော ဖွံ့ဖြို းတိုးတက်မှု မရှိသော တိုင်းပြည်များတွင် ကျေးလက်ကို အခြေခံပြီး မြို့ ကိုဝိုင်းသည့် မော်စီတုန်း၏ ပြောက်ကျားစစ်ဗျ ူ ဟာသည် မှန်ကန်သည်ဟု မိမိယုံကြည်ခဲ့သည်။ ပြည်သူလူထုကိုသာ စည်းရုံးသိမ်းသွင်းနိုင်ပါက မိမိထက်အင်အားကြီးသူအား ပြည်သူ့စစ်ပွဲနှင့်အနိုင်တိုက်နိုင်မည်ဟု မိမိယုံကြည်ခဲ့သည်။

မိမိတို့ပါဝင်ခဲ့သည့် မြို့ပေါ်သပိတ်တိုက်ပွဲများအား အုပ်စိုးသူတို့က အကြမ်းဖက်ဖြိုခွဲခဲ့သည့်အပြင် ပါဝင်ခဲ့သူများအားလည်း ရက်ရက်စက်စက်နှိပ်ကွပ်သည်ကို ကြုံ ခဲ့ရသောအခါ မိမိယုံကြည်ချက်က ပိုခိုင်မာလာသည်။ ၁၉၇၄/၇၅ ကာလအတွင်း ဗီယက်နမ်၊ ကမ်ပူကျဲ ၊ လာအိုစသည့် အင်ဒိုချိုင်းနား ၃ နိုင်ငံအောင်ပွဲခံနိုင်သောအခါ လက်နက်ကိုင်ပုန်ကန်မှု နှင့်ပတ်သက်၍ မိမိယုံကြည်ချက်က ပို၍ရင့်သန်လာသည်။ ဖိနှိပ်မှုကို တော်လှန်ပုန် ကန်တာ တရားတယ်ဟုပိုမိုမှတ်ယူခဲ့သည်။ မိမိထက် အင်အားကြီးသူအား လက်နက်ကိုင်ပုန်ကန်တော်လှန်ရမည်ဖြစ်ရာ ရေတိုခဏတွင်း အောင်ပွဲရရန် မဖြစ်နိုင်။ လက်နက်ကိုင်တော်လှန်ရေးသည် ရေရှည်စစ်ဖြစ်မည်ဟု မှတ်ယူခဲ့သည်။ နိုင်ငံရေးအဆက်သည် စစ်ဟုမှတ်ယူခဲ့သည်။ အနုနည်းဖြင့်ပြုလုပ်သည့်နိုင်ငံရေးအား မိမိမယုံ ကြည်ခဲ့။ နိုင်ငံရေးအာဏာသည် သေနတ်ပြောင်းဝကထွက်သည်ကိုသာ မိမိယုံကြည်ခဲ့သည်။ထို့ကြောင့်လည်း ဗမာပြည်ကွန်မြူ နစ်ပါတီခေါင်းဆောင်သည့် လက်နက်ကိုင်တော်လှန်ရေးအတွင်းသို့ မိမိခြေစုံပစ်ဝင်ခဲ့ခြင်းဖြစ်သည်။

အထက်ပါ အခြေခံအကြောင်း အချက်များအောက်တွင် မိမိသည် ကွန်မြူနစ်တယောက်ဖြစ်သွားခဲ့ပါသည်။ အဆိုပါအခြေခံအကြောင်းအချက်များအား အသေးစိတ်ဖော်ပြပါက ရှည်လျားလွန်းမည်ဖြစ်သဖြင့် ယေဘူယျ သာ ဖော်ပြလိုက်ရပါသည်။

ဆက်လက်ဖေါ်ပြပါမည်

မောင်မောင်စိုး

မှတ်ချက်။ ။ "ရွှေပြည်တော်မျှော်တိုင်းဝေးခဲ့ ( ၁၉၈၀-၁၉၉၀) မှ ကောက်နှုတ်ဖေါ်ပြပါသည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar