Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၁၂ ရက် မြောက်နေ့ မြင်ကွင်း

Photo Credit - Artist - Myint Maung Kyaw (ဒီမိုကရေစီ တစ်ဖန်ပြန်လည် ဝင် စား ခြင်း, REINCARNATION OF DEMOCRACY, Graphic 63" x 36")

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၁၂ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၁၂၊ ၂၀၂၁

ငြိမ်းချမ်းရေး နဲ့ စစ်ပွဲ


ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် သီတင်းပတ် အနည်းငယ်အကြာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အဓိပ္ပါယ်ဖွင့်ဆိုခဲ့တဲ့ စကား တခွန်းရှိခဲ့ပါတယ်။ ဒီမှတ်ချက်စကားကို ပြောခဲ့တာ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းဖြစ်တဲ့ ဒီဇင်ဘာလဝန်းကျင်မှာပါ။ သူရဲ့ ငြိမ်းချမ်းရေးဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုခဲ့တာက …

“ကျွန်မအနေနဲ့ ငြိမ်းချမ်းရေးဆိုတာကို တကယ့်ကို ရိုးရိုးစင်းစင်းနဲ့ လွယ်လွယ်လေးပြောရမယ်ဆိုရင် ငြိမ်းချမ်းခြင်းဆိုတာက အိပ်တဲ့အခါ ချမ်းသာရမယ်၊ နိုးတဲ့အခါချမ်းသာရမယ်။ ဒါပါပဲ။ ဒီလိုစဉ်းစားလိုက် မယ်ဆိုရင် ကျွန်မတို့အားလုံး သဘောပေါက်မယ် ထင်ပါတယ်" ဆိုတာပဲ ဖြစ်ပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီး အကျိုးဆက် အဖြစ်အပျက်တွေဟာ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေ ချဥ်းကပ်နေရာကနေ ပြောင်းပြန်လမ်းကြောင်းဆီကို လှည့်သွားပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ခုတုန်းက အခေြအနေတွေထက်ကို ပိုဆိုးရွားသွားစေနိုင်တဲ့ အလားအလာ ဦးတည်ရာဘက်ကို သွားနေတဲ့ သဘော မြင်နေရပါတယ်။

လတ်တလော ဖြစ်ပျက်နေတဲ့ ချင်းပြည်နယ် မင်းတပ်၊၊ ဟားခါး ၊ ထန်တလန်၊ မန္တလေးတုိင်း ြမင်းခြံဒေသ၊ စစ်ကိုင်းတိုင်း ကနီ၊ ယင်းမာပင် ၊ ကယားပြည်နယ် ရဲ့ မြို့တွေမှာ ညဘက်အိပ်ယာက တောေတာင်ထဲက လျှိုတွေ၊ကမ်းပါးတွေ၊ ဂူတွေ ဖြစ်နေသလို စားရေရိက္ခာ ဖျက်ဆီးခံရ၊ သယ်ဆောင်ဖို့ အခွင့်အရေးမရ နဲ့ သက်ကြီးရွယ်အို၊ ကလေးသူငယ်တွေ အမျိုးသမီးတွေ အားလုံး အထက်က အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ပြောင်းပြန်လို့ပြောရမယ့် အိပ်တဲ့အခါလည်း စိုးရိမ်ထိတ်လန့်မှုနဲ့ ၊ နိုးထလာတဲ့အခါလည်း စိုးရိမ်ထိတ်လန့်မှုနဲ့ နိုးထနေ ၊ တိမ်းနေရှောင်နေ ပြေးနေပုန်းနေ ရတဲ့ အခြေအနေအောက်မှာ လူထု သိန်းချီ နေထိုင်နေကြရတဲ့ အနေအထားဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ရဖို့ ဆွေးနွေးပြောဆိုနေကြချိန်၊ တိုင်းသူပြည်သားတွေရဲ့ စီးပွားေရးဘဝတွေ တိုးတက်ဖူလုံ ဝပြောလာဖို့ နည်းလမ်း အသွယ်သွယ်နဲ့ ကြိုးပမ်း လုပ်ဆောင်နေကြချိန် မျှော်လင့်ချက်ထားနေကြချိန်မှာ ဘာကြောင့် ဒီလို လမ်းကြောင်းပေါ် တိုင်းပြည်ကို ပြန်ဆွဲချခဲ့ကြတာလဲ လို့မေးခွန်းထုတ်ရင်တော့ စစ်တပ်ခေါင်းဆောင်ပိုင်းဟာ သူတို့ရဲ့ အာဏာ၊ သူတုိ့ရဲ့ အကျိုးစီးပွားတွေကို အရပ်သား အစိုးရက ကန့်သတ်လျော့ချလာမယ်ဆိုတဲ့ ယူဆချက် စိုးရိမ်မှုနဲ့ ရွေးကောက်ပွဲ မှာ သောင်ပြိုကမ်းပြို နိုင်ခဲ့တဲ့ အန်အယ်လ်ဒီပါတီကို အစိုးရ မဖွဲ့မှီ တားဆီး အာဏာသိမ်းလိုက်တာ လို့ပဲ ကောက်ချက်ချရမှာ ဖြစ်ပါတော့တယ်။

ခုအခါမှာတော့ ငြိမ်းချမ်းရေး ဆိုတဲ့စကားကို နိုင်ငံရေး အင်အားစုအတော်များများက ခုချိန်ခါမှာ မဆီလေျာ်တဲ့ စကားလုံး၊ လက်တွေ့မကျတဲ့ စကားလုံးအဖြစ် ယူဆနေကြပြီဖြစ်ပါတယ်။ ငြိမ်းချမ်းရေးစကားပြောသူတွေ ရဲ့ ခေတ်မဟုတ်တော့ပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ သုံးခဲ့ကြတဲ့ မှတ်တမ်းတွေ၊ ဖိုင်တွေကို သိမ်းထားလိုက်ကြပြီး အနားပေးထားတဲ့ သေနတ်တွေ လက်နက်တွေကို ပြန်လည်တိုက်ချွတ်ပြင်ဆင် နေကြတဲ့ သဘောမျိုး အနေအထားလည်း ဖြစ်ပါတယ်။

တချို့အဖွဲ့တွေက စစ်ပွဲတခုကိုစတင်တိုက်ခိုက်ဖို့ လုပ်နေကြသလို၊ တချို့ အဖွဲ့တေွကတော့ ပုံစံတမျိုးနဲ့ စပြီးတိုက်တဲ့သူက တိုက်နေကြပြီလည်း ဖြစ်ပါတယ်။ တချို့ လက်နက်ကိုင် နိုင်ငံရေး အင်အားစုတွေကတော့ ခွပ်နေတဲ့ ကြက်တွေမောသွားတဲ့အချိန်ကို စောင့်ကြည့်နေတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ခုအရေးက သူတို့နဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ အရေးမဟုတ်လို့ အင်အားမဖြုန်းတီးပဲ ကိုယ့်အဖွဲ့၊ ကိုယ့်ဒေသရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်လာပြီဆိုမှ တိုက်ခိုက်မယ်လို့ တွေးပြီး စောင့်ကြည့်နေကြတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

စစ်ကောင်စီကတော့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးရဲ့ ဘုံရန်သူမဖြစ်အောင် တချို့သော အဖွဲ့တွေကို ယာယီအားဖြင့် မတိုက်ခိုက်ဖို့ ပရိယာယ်အားဖြင့် ဘေးလူအဖြစ် ဖယ်ထုတ်ဖို့ ကြိုးစားထားတာတွေလည်း သတိပြုမိပါတယ်။

အန်ယူဂျီအနေနဲ့ အထက်က အခြေအနေတွေ အခင်းအကျင်းတွေကို သိပြီးသားလည်းဖြစ်နိုင်ပါတယ်။ အဲဒီအခြေအနေတွေအတွက် မဟာဗျူဟာ နည်းဗျူဟာတွေလည်း စဥ်းစားချမှတ်ထားပြီးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်ရဲ့ လက်နက်ကိုင် အင်အားစုတွေနဲ့ စစ်အာဏာသိမ်း တပ်တို့ရဲ့ အကြားက အင်အားချိန်ခွင်လျှာ ပြောင်းလဲမှု၊ နှစ်ဖက်သဘောတူ အပစ်ရပ် သဘောတူညီမှုတွေ၊ စီးပွားရေး ဆိုင်ရာလုပ်ပိုင်ခွင့်တွေ နဲ့ စစ်မျက်နှာတွေကို ကျဥ်း၊ ရန်သူအဖွဲ့အရေအတွက် နည်းအောင် လုပ်ခဲ့တဲ့ သမိုင်း အဖြစ်အပျက်တွေကနေ လေ့လာ သင်ခန်းစာယူစရာ အများကြီး ရှိပါတယ်။

ဒါတွေကတော့ သမိုင်းအဖြစ်အပျက်ကနေ သင်ခန်းစာယူစရာတွေဖြစ်ပါတယ်။

ဒီနေ့ မြန်မာနိုင်ငံတခွင် ထူးခြားတဲ့သတင်းတွေကို တချက်ငဲ့ကြည့်ကြမယ်ဆိုရင် ကယားပြည်နယ်က တိုက်ပွဲဖြစ်နေတဲ့ မြို့တွေနဲ့ ရွာတွေမှာ နေသူတွေဆီ ရိက္ခာပို့ခွင့် ခုချိန်ထိ မရသေးပဲ စစ်ကောင်စီဘက်က” ဖြတ်လေးဖြတ် “သဖွယ် ပိတ်ဆို့ထားဆဲ အရပ်သားအချို့လည်း မိမိမြို့/ရွာက နေအိမ်ကို သွားပြီး ရိက္ခာယူဖို့ကြိုးစားတာနဲ့တင် ပစ်သတ်ခံရတာတွေလည်း ရှိတယ့်အကြောင်း သတင်းတွေ မှာတွေ့နေရပါတယ်။

ယခုလပိုင်း မြို့ရွာတွေမှာ ဖြစ်ပျက်နေတဲ့ စာသင်ကျောင်းတွေ ဗုံးကွဲမှု၊ မီးရှို့ခံရမှု၊ ရပ်ကွက်ရုံးတွေ ဗုံးကွဲမှု အုပ်ချုပ်ရေးမှူးတွေ တိုက်ခုိက်ခံရ၊ ပစ်သတ်ခံရမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဖမ်းဆီးထားသူတွေထဲက အချို့ကို အသုံးချပြီးတန်ပြန် ဝါဒဖြန့်ချိရေးတွေ လုပ်နေတာကို ဒီနေ့ စစ်ကောင်စီက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲ ၆/၂၀၂၁ ကို ကြည့်ရင် သိနုိင်ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကနေ ကျောင်းတွေမှာ ဗုံးကွဲတာ၊ ​စစ်သား ရဲ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေကို ပစ်မှတ်ထားလုပ်ကြံမှုတွေဟာ အန်ယူဂျီ အစိုးရ၊ အန်အယ်လ်ဒီပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေက စီစဥ် ခိုင်းစေမှု၊ လှုံ့ဆော်မှုကြောင့် ဆိုတာမျိုး ပုံဖေါ်ဖို့တွက် ထွက်ဆိုချက်အမျိုးမျိုးနဲ့ တန်ဆာဆင် ထားတာတွေ့ရမှာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူတွေအနက် ညှင်းပန်းမှု၊ နှိပ်စက်မှုစတာတွေကို တောင့်မခံနိုင်သူ သို့မဟုတ် စိတ်ယိုင်သွားသူတွေကို အသုံးချပြီး NUGကို လက်ရှိ ကျောင်းဗုံးကွဲမှုတွေ မီးရှို့မှုတွေနဲ့ အုပ်ချုပ်ရေးမှူး ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှုးတွေကို လုပ်ကြံမှုတွေ အတွက် အပြစ်ပုံချဖို့ ဇတ်လမ်းဆင်နေတာလည်း တွေ့ရပါတယ်။

NUG အစိုးရ အနေနဲ့ စစ်ကောင်စီရဲ့ ဒီလို လုပ်ကြံဝါဒဖြန့်ချက်တွေကို မထိရောက်အောင် ကြားလူတွေ စိတ်ဝေဝါးသွားတာမျိုး မဖြစ်အောင် သတင်းအချက်အလက် ထုတ်ပြန်တာတွေ ဖြန့်ချိတာတွေ ၊ အများပြည်သူကို သိစေချင်တာတွေကို မီဒီယာတွေမှာ တဆင့် နေ့စဥ်ထုတ်ဖေါ် ပြောဆိုနေတာတွေ လုပ်သင့်ပါတယ်။

အခုချိန်မှာ နှစ်ဘက်စလုံးက အောက်ခြေလူထုတွေ သပိတ်တပ်သား ပြောက်ကြားရဲဘော်တွေ၏ အင်အားကို ပစ်မှတ်ထားနေကြတာ သေချာပါတယ်။ တဖက်က မိမိအင်အားကို စည်းရုံးမယ်၊ စုစည်းမယ်၊ စိတ်ဓာတ်မြှင့်တင်ပေးမယ်၊ တိုက်ပွဲဖော်မယ်။ တဖက်အင်အားကိုတော့ စိတ်ရော ကိုယ်ပါ ထိခိုက်နစ်နာပျက်စီးသွားသည်အထိ တိုက်ခိုက်မယ်၊ ထိုးနှက်မယ်။ စိတ်ဓာတ်စစ်ဆင်ရေး ဝါဒဖြန့်ချိရေးလက်နက်တွေသုံးပြီး ယိမ်းယိုင် ချိနဲ့ လဲပြိုအောင် လုပ်ကြမယ်။ ပြည်သူတွေကိုလည်း တဖက်(ရန်သူ)ကို အားနည်းနေပြီ ချိနဲ့နေပြီလို့ အထင်ရောက်စေပြီး မိမိတို့ဘက်က အသာစိးအနိုင်ရနေပြီဆိုတဲ့ ဆွဲဆောင်မှုမျိုးကို မြှင့်တင်နေကြတဲ့ အချိန်ဖြစ်ပါတယ်။ သည်နေရာမှာ ပြည်သူလူထုနဲ့ တိုက်ပွဲဝင်ရဲဘော်တွေ၏ အစစ်အမှန် ရပ်တည်ချက်၊ လှုပ်ရှားမှု၊ သဘောထား၊ မူရင်းခံယူချက်အသံတွေ တုန့်ပြန်သံတွေ ပြည်သူတွေကြား အချင်းချင်း ပြန့်နှံ့ရောက်ရှိနေစေဖို့ကလည်း အရေးကြီးပါတယ်။ ပြည်သူတွေ၏ အစစ်အမှန် စိတ်ဓာတ်အလံ တိုက်ပွဲအလံတွေကို လက်ဆင့်ကမ်း သယ်ဆောင်နေကြမှသာ ဝါဒဖြန့်ချိမှု စိတ်ဓာတ်စစ်ဆင်မှုတွေကို တွန်းလှန်နိုင်ကြမှာ ဖြစ်ပါတယ်။

နှစ်ဘက်သော ဦးဆောင်သူတွေ တာဝန်ရှိသူတွေက အပြန်အလှန် လုပ်ကြံသတင်းတွေ သတင်းမှားတွေ ထုတ်ပြန် တန်ပြန်တိုက်ခိုက်နေတာချည်းတွေ သက်သက်လုပ်နေရုံနဲ့တော့ ရေရှည်တိုက်ပွဲကို မအောင်မြင်နိုင်ပါဘူး။ လူထုကိုယ်တိုင်က မိမိတို့ရှေ့က အပေါ်က ဦးဆောင်မှုပေးနေသူတွေက မိမိတို့ကို အယုံသွင်းနေတာ၊ မှိုင်းတိုက်နေတာ၊ လုပ်ကြံဝါဒဖြန့်ပြီး ပြည်သူတွေကို အသုံးချနေတာကို သိရှိ ရိပ်မိသွားတဲ့အချိန်မှာ လူထုတုန့်ပြန်မှုက တော်လှန်ရေးကို ထိခိုက်နစ်နာစေမှာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar