Breaking News

သီအိုဇော် - အရေခြုံ PR စံနစ် လှည့်ကွက်မှသည် ညွန့်ပေါင်း ညစ်ပေါင်း ခေတ်ပျက်ဆီသို့



သီအိုဇော် - အရေခြုံ PR စံနစ် လှည့်ကွက်မှသည် ညွန့်ပေါင်း ညစ်ပေါင်း ခေတ်ပျက်ဆီသို့

(မိုးမခ) ဇွန် ၁၁၊ ၂၀၂၁

ဘယ်တော့မှ မလျော့တဲ့ စစ်အုပ်စု

“မလျော့သောဇွဲလုံ့လဖြင့် မဆုတ်မနစ်ကြိုးစားအားထုတ်ခြင်း” ဆိုတာကိုမြင်ရင် အပေါင်းလက္ခဏာ ဆောင် တဲ့ အကောင်းမြင်စကားရပ်တစ်ခုအဖြစ်သာ တွေးလေ့ရှိကြတာပါ။ တကယ်တော့ ပြည်သူကို ကိုယ်စားပြုတဲ့ ပြည်သူ့အစိုးရဆိုတာ ပြည်သူလူထုက ဦးနှောက်နဲ့ စိစစ်ပြီး နှလုံးသားနဲ့ ရွေးချယ်တင်မြှောက်ထားတာပါ။ဒါကို ဥာဏ်မမီလို့ နားမလည်သူ ခပ်ထူထူ တစ်သိုက်က တလွဲဆံပင်ကောင်းပြီး ကိုယ်နဲ့တကွ အလိုတူအလိုပါများ အစိုးရ မဖြစ်မခြင်း၊ ညစ်နည်းမျိုးစုံ နဲ့ နောက်မဆုတ်တမ်း အကောက်ကြံနေတာကို မြင်ရတော့ ဒီစကားကို မတန်မရာပေမယ့် သူတို့အတွက် သုံးပေးရလေမလားလို့တောင် တွေးမိလာရပါတယ်။

ဒီရက်ပိုင်းမှာကျင်းပခဲ့တဲ့ အာဆီယံ-တရုပ် အစည်းအဝေးမှာလည်း ၂၀၀၈ဖွဲ့စည်းပုံနဲ့ ကျင်းပမယ့်ရွေးကောက်ပွဲသစ်ပါတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လမ်းပြမြေပုံ ၅ ချက် အတိုင်းဆက်သွားမယ်လို့ ခပ်ပြောင်ပြောင်ပဲ ထပ်ပြောခဲ့ပြန်ပါတယ်။ အသားကျပြီး အရှိန် ရနေတဲ့ စံနစ်တစ်ခုကနေ နိုင်ငံရေးမတည်မငြိမ် ဖြစ်လာနိုင်ချေရှိတဲ့ မဲပေးစံနစ်ကို ရေရှည်အတွက် စဥ်းစား မျှော်မြင်မှုမရှိ၊ ပြည်သူ့ဆန္ဒမပါပဲ အတင်းအဓမ္မပြောင်းဖို့ ကြိုးစားနေကြတာဟာ တဖက်လှည့်နဲ့ စစ်ကျွန်ဇာတ် ထပ်သွင်းချင်လို့ပါ။

ကိုယ့်ရဲ့ ပုံရိပ်က ရှေ့နောက် ဝဲယာ ဘယ်ကပဲကြည့်ကြည့် နိုင်ငံရေးသိက္ခာတစက်လေးမှ မရှိတော့တဲ့နောက်၊ တွေဝေနေတဲ့ ဒီမိုဘက်တော်သား များကို အတင်းရအောင်ပေါင်းပြီး အညွန့်ကိုခူးစားဖို့ ကြံသောညွန့်ပေါင်း၊ ကိုယ့်ဘက်မျှော်လင့်သလောက် ပါမလာပြန်ဘူး ဆိုရင်လည်း ကိစ္စမရှိ၊ တူရာတူရာ လူညစ်များပေါင်းပြီးတော့ ဖွဲ့ပြန်ရင်တော့ ညစ်ပေါင်း၊ ဂုဏ်ပုဒ်လေးထပ်ထည့် ရအုံးမယ် ဆိုရင်တော့ အတွေးအခေါ်ကညံ့၊ လုပ်ရည်ကိုင် ရည်ကညံ့၊ ဥာဏ်ရည်ဥာဏ်သွေးကညံ့၊ စာရိတ္တကညံ့၊ ရင်လေးရလောက်အောင် ညံ့သူပေါင်းများစွာနဲ့ ဖွဲ့စည်း လာမယ့် ညံ့ပေါင်းအဖွဲ့ကြီး။ ထိုသို့သော တရားမဝင် အစိုးရအမည်ခံအဖွဲ့ အနေနဲ့ ရွေးကောက်ပွဲ အတုအ ယောင် နောက်ဖေးပေါက်က အရှက်တရားကင်းမဲ့စွာ တိုးဝှေ့ဝင်မလာနိုင်အောင်တော့ အားလုံး ညီညီညွတ် ညွတ် ကြိုးစားကြရပါမယ်။

စစ်အုပ်စု၏ ညွန့်ပေါင်းကျွန်ဇာတ်သွင်းမှု

ဖေါ်ပြပြီးခဲ့တဲ့ စာသားအတိအကျနဲ့ပဲ ဆောင်းပါးများရဲ့ ရည်ရွယ်ချက်ကို ထပ်မံပြောကြားချင်ပါတယ်။ဒီနေ့ အချိန်အခါလောက် စစ်အာဏာရှင်စံနစ်ကို အမြစ်ကဆွဲနှုတ်ချင်တဲ့စိတ်နဲ့ စည်းလုံးခဲ့ကြဖူးတာမရှိသလို၊ ဒီနေ့ အချိန်အခါလောက် စည်းလုံးညီညွတ်မှု မပြိုကွဲဖို့ထက် ဘာမှအရေးကြီးတာမရှိတော့တဲ့ ကာလမှာ မည်သူ တစ်ဦးတစ်ဖွဲ့ကိုမျှ အကြမ်းဖက်စစ်အုပ်စု အလိုကျ ပဲ့ထွက်မသွားစေလိုတဲ့ ဆန္ဒနဲ့ ပြီးခဲ့တဲ့ PR စံနစ်ဆောင်း ပါးနဲ့ ဒီညွန့်ပေါင်းအစိုးရ ဆောင်းပါးကို ရေးသားခြင်းပါ။ 
ဒါ့အပြင် နိုင်ငံတစ်နိုင်ငံကို ညွန့်ပေါင်းအစိုးရတစ်ရပ် အနေနဲ့ အုပ်ချုပ်တဲ့အခါ လူများစုအစိုးရရဲ့ စီမံခန့်ခွဲ အကောင်အထည်ဖေါ်မှုများနဲ့ ကွဲပြားခြားနားမှု များရှိလာ မှာ ဖြစ်တဲ့အကြောင်း၊ ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖြစ်ပေါ်မှုရဲ့ အန္တရယ်တွေကို မဲဆန္ဒရှင်ပြည်သူများ သိသထက် ပိုမိုသိရှိလာနိုင်စေရန်လည်း ရည်ရွယ်ပါတယ်။ ပြဿနာတစ်ခုကို ချဥ်းကပ်စဥ်းစားတဲ့နေရာမှာ ကွဲလွဲချက် တွေရှိနိုင်တာလက်ခံပါတယ်။ ဒါပေမယ့် အကြမ်းဖက်စစ်အုပ်စု နဲ့ အပေါင်းပါများ တရားဝင်ရွေး ကောက်ခံအဖွဲ့အစည်း ဖြစ်သွား‌စေနိုင်မယ့် လမ်းကြောင်းပေါ်ရောက်စေနိုင်တဲ့ နည်းလမ်းနဲ့တော့ အကောင်အထည် မဖေါ်သင့်ဘူးလို့ယူဆပါတယ်။ ဒါကိုလည်း ငါ့စကားနွားရဆိုသလိုမျိုး ပြောနေတာ မဟုတ်ရပါ။ ဆီလျော်တဲ့ အကျိုးအကြောင်း အချက်အလက်များနဲ့ ကိုးကားဆွေးနွေး နေခြင်းသာဖြစ်ပါတယ်။

ယေဘူယျအနေနဲ့ ပြောရမယ်ဆိုရင် နိုင်ငံရေး ပါတီများအတွက် ညွန့်ပေါင်းအစိုးရအသွင် ပူးပေါင်းဆောင် ရွက်မှုဆိုတာ အခြေအနေ အချိန်အခါ ပေါ်လိုက်ပြီး လိုအပ်ကောင်း လိုအပ်နိုင်တဲ့ကိစ္စပါ။ ညွန့်ပေါင်းအစိုးရ လိုလားသူများ စောဒကတက်လေ့ရှိတာက ဒီမိုကရေစီ နိုင်ငံတွေက ရွေးကောက်ပွဲတွေမှာလည်း ညွန့်ပေါင်း အစိုးရ ပေါ်ပေါက်ခဲ့တာပါပဲ ဆိုတာမျိုးပါ။ မှန်ပါတယ်၊ ဒါကို မငြင်းလိုပါဘူး၊ ဒါပေမယ့် စံနမူနာပြလိုက်တဲ့ ဒီမို ကရေစီနိုင်ငံများက ညွန့်ပေါင်းအစိုးရမှာပါဝင်တဲ့ နိုင်ငံရေးပါတီများဟာ ပါတီလမ်းစဥ်ကွဲပြား ကြပေမယ့် ဒီမိုကရေစီစံနစ်ကို ရင်ထဲအသည်းထဲက အူလှိုက်သည်းလှိုက် ယုံကြည်တဲ့နေရာမှာတူကြ၊ ထိုဒီမိုကရေစီစနစ် ကိုအသက်နဲ့လဲပြီး ခုခံကာကွယ်ကြမယ် ဆိုတဲ့နေရာမှာတူကြ သူများဖြစ်ပြီး နိုင်ငံနဲ့ပြည်သူ အကျိုးရှေ့ရှု ညွန့် ပေါင်းဖွဲ့ထားကြတာ ဆိုတာကိုလည်း မေ့မထားသင့်ပါဘူး။

လွဲပါစေ ဖယ်ပါစေဆိုတဲ့ စကားနဲ့ပဲစလိုက်ရပါတော့မယ်။ ကံမကောင်းအကြောင်းမလှ၊ကောက်ကျစ်ညစ်ပတ် ခံရလို့ မလွှဲမရှောင်သာ ရွေးကောက်ပွဲသစ် ဖြစ်လာတယ်ဆိုကြပါတော့၊ မလွှဲမရှောင်သာ ညွန့်ပေါင်းအစိုးရ ဖြစ်လာတယ်ဆိုပါတော့၊ ကိုယ်ကဒေါင်ဒေါင်မြည် ဒီမိုကရေစီပါတီ ဖြစ်ပေမယ့် ပေါင်းဖက်လုပ်ကိုင်ရမယ့်ပါတီနဲ့ အလိုတူအလိုပါများက ပါတီစုံဒီမိုကရေစီစနစ်ကို မတတ်သာလို့လက်ခံလိုက်ရပြီး နေ့နေ့ညည ယူကြုံး မရ ဖြစ်နေကြသူတွေ၊ ဒီမိုကရေစီစနစ်ကို ရင်ထဲအသည်းထဲကမုန်းတီးပြီး အပြစ်မဲ့ပြည်သူတွေရဲ့ တန်ဖိုးရှိလှ တဲ့အသက်တွေ ဘယ်လောက်ပဲဆုံးရှုံးပါစေ၊ ဒီမိုကရေစီပင်ပျိုနုကို ဘယ်လိုနည်းနဲ့မှ ဆက်လက်ရှင်သန်ကြီး ထွားခွင့်မပေးနိုင်ဘူး ဆိုတဲ့သူတွေ ဖြစ်နေတဲ့အတွက် ကွဲပြားတဲ့ခံယူချက်တွေနဲ့ မတူညီတဲ့ပန်းတိုင်ဆီကို လျှောက်နေကြရသလို ဖြစ်နေပါလိမ့်မယ်။

ဘာ့ကြောင့် မြောက်ကိုရီးယားလို နိုင့်ထက်စီးနင်းအုပ်ချုပ်လို့ မရနိုင်ရတာလဲ ဆိုပြီး မျက်ရည်ဝဲလိုက် အံကြိတ် လိုက်နဲ့ ၊ ‘နေသေးသပခြုံထဲက ချိုသွေးလို့တမြမြ’ ဖြစ်နေကြသူများဆိုတော့ အခြားသောဒီမိုကရေစီနိုင်ငံတွေ က ညွန့်ပေါင်းအစိုးရများရဲ့ နိုင်ငံရေးပါတီ များနဲ့ ပြဒါးတလမ်းသံတလမ်းလို့ဆိုရလောက်အောင် နှိုင်းယှဥ်လို့ မဖြစ်နိုင်တဲ့အနေအထားမို့ ဘယ်လိုမှ လူရိုသေရှင်ရိုသေညွန့်ပေါင်းအစိုးရ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒီမိုက ရေစီလုံးဝပျက်သုဥ်းသွားအောင် ညစ်မျိုးစုံလင် ညစ်လိုက်ချင် ဆိုတဲ့ ညစ်ပေါင်းအစိုးရပဲ ဖြစ်လာမှာပါ။ သ မိုင်း အတွေ့အကြုံနဲ့ မျက်မှောက် မြင်တွေ့ဖြစ်ပျက်နေတာအရဆိုရင် ပြည်သူလူထုရဲ့ အသက်စည်းစိမ်အိုး အိမ်ကို စိုးစဥ်းမျှတန်ဖိုးမထားသောသူများကတော့ အဖတ်ဆယ်မရနိုင်တော့တဲ့ ဇာတ်ရှုပ်ထဲ ဝင်လာသူမှန် သမျှကို နောက်ဆုံးထွက်သက်အထိ ရနိုင်သလောက် နိုင်ငံရေးအမြတ်ထုတ်ကြမယ့်ပုံပါပဲ။

တချို့ရုပ်ရှင်ကားတွေမှာ မြင်ဖူးကြမှာပါ၊ နံမည်ရှိတဲ့ မင်းသား မင်းသမီးများရဲ့ အမည်ရှေ့မှာ ဧည့်သရုပ် ဆောင် ဆိုတဲ့စာတန်း ကို သေးနိုင်သမျှသေးအောင်ရေးပြီး ပရိတ်သတ်ကို ဆွဲဆောင်လှည့်ဖျားတာမျိုး။ အခု လည်း ဒီမိုကရေစီအင်အားစုများ အင်တိုက်အားတိုက် ပါဝင်ရွေးချယ်ခံတဲ့ ရွေးကောက်ပွဲဆိုပြီး ပုံမှားရိုက် ကမ္ဘာကိုချပြချင်လို့ ရနိုင်သလောက် စည်းရုံးရေးဆင်းနေတာပါ။ ရှင်းရှင်းပြောရရင် အသုံးချနေတာပါ။ တ ကယ်တော့လည်း စစ်အာဏာရှင် သက်ဆိုးရှည်စေဖို့ဆိုတာက အန္တိမရည်မှန်းချက် ဖြစ်နေတယ်ဆိုတော့၊ ဗောင်းတော်ညိတ် စိတ်တော်သိများနဲ့သာ ‌ရေရှည်နှစ်ပါးသွားဖို့ ကြံရွယ်ထားကြမှာပါ။ ခါးပိုက်ဆောင်တပ်ဖွဲ့ စည်းရာမှာ ဝါရင့်သမ္ဘာရင့်များဆိုတော့ ခါးပိုက်ဆောင် အမတ်များစုစည်းရာမှာလည်း သူမတူအောင် ထူးချွန် နိုင်ပါတယ်။

စစ်အုပ်စုမပါတဲ့ အစိုးရဖွဲ့နိုင်မယ့်စနစ်

စဥ်းစားစရာရှိလာနိုင်တာက ထိုအုပ်စုများမပါပဲ လူများစုအစိုးရ သို့မဟုတ် လူနည်းစုအစိုးရ ဖွဲ့နိုင်ပါမည်လား ဆိုသည်ကိုပင်။ PR စံနစ် က လက်ရှိသုံးတဲ့ FPTP စံနစ် ထက်စာရင် ညွန့်ပေါင်းအစိုးရဖွဲ့ဖြစ်စေဖို့ အလားအလာ ပိုများ ကြောင်း PR စံနစ်ဆောင်းပါးမှာ တင်ပြခဲ့ဘူးပါတယ်။ဒါကို မျှော်ကိုးထားကြတဲ့အတွက်လည်း PR စံနစ် ကို အသည်းအသန်ပြောင်းချင်နေကြတာပါ။ဒီတော့ PR စံနစ် မှာရရှိနိုင်တဲ့ နေရာအရေအတွက်ကို စတွက်ချက် ဖို့ လိုအပ်ပါမယ်။ နိုင်ငံတကာ PR စံနစ် စံနှုန်းစံထား ပြည့်ဝတဲ့ ရွေးကောက်ပွဲမှာတော့ အနိုင်ရရှိတဲ့အမတ်နေ ရာ အရေအတွက်ဟာ ထိုပါတီကိုမဲပေးသူရာခိုင်နှုန်းကို ထင်ဟပ်ပါတယ်။ ဆိုလိုတာက မိမိပါတီဟာ မဲဆန္ဒ နယ်ဒေသကြီးမှာရှိတဲ့ မဲပေးသူ စုစုပေါင်းရဲ့ ၂၀ ရာခိုင် နှုန်းထောက်ခံမဲရတယ်ဆိုရင်၊ အမတ်နေရာလည်း စုစု ပေါင်းနေရာရဲ့ ၂၀ ရာခိုင် နှုန်းရရှိမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် မိမိပါတီက ၅၀ရာခိုင်နှုန်း အမတ်နေရာ ရဖို့ ဆိုရင် မဲဆန္ဒပေးသူ စုစုပေါင်းဆီက ၅၀ ရာခိုင်နှုန်း ခိုင်လုံမဲအနေနဲ့ ကိုယ့်ပါတီကရရှိဖို့ လိုအပ်ပါတယ်။ ဒီအ တွက်ကြောင့် Proportional Representation Voting System အချိုးကျ ကိုယ်စားပြု မဲပေးစံနစ်လို့ ခေါ်တွင် တာပါ။

ဒီနေရာမှာ ဗြိတိန်နိုင်ငံ ရဲ့ ၂၀၁၅ခုနှစ်ရွေးကောက်ပွဲ ကို တကယ်လို့များ PR စံနစ်နဲ့ကျင်းပခဲ့ရင် ရလဒ်ဘယ်လို ပြောင်းသွားနိုင်သလဲ ဆိုပြီးခန့်မှန်းတွက်ချက်ထားတာလေးကို ဖေါ်ပြချင်ပါတယ်။ စုစုပေါင်း ၆၅၀ နေရာအ နက်က အစိုးရဖွဲ့နိုင်ဖို့အတွက် ၃၂၆ ‌နေရာရဖို့လိုအပ်ပါတယ်။ အစိုးရဖွဲ့နိုင်ခဲ့တဲ့ ကွန်ဆာဗေးတစ်ပါတီဟာ ၃၃၁ နေရာရခဲ့ပါတယ်။ D’Hondt တွက်ချက်နည်းနဲ့ FPTP စံနစ်နဲ့ ပါတီတွေရရှိခဲ့တဲ့မဲတွေကို PR စံနစ်နဲ့သာ ကျင်းပဖြစ်ခဲ့ရင် အမတ်နေရာဘယ်လောက်စီရကြမလဲလို့ စမ်းသပ်ခန့်မှန်းကြည့်တော့ ကွန်ဆာဗေးတစ်ပါတီ က အမတ်နေရာ ၇၅ နေရာလျော့နည်းသွားတာတွေ့ရပါတယ်။ အဓိကအတိုက်အခံ လေဘာပါတီကလည်း FPTP မှာရခဲ့တဲ့ ၂၃၂ နေရာထက် ထပ်လျော့သွားပါတယ်။ ပါတီကြီး ၂ခုလုံး လွတ်လွတ်ကျွတ်ကျွတ် အစိုးရ မဖွဲ့ နိုင်တော့ပါဘူး။ဒါ့ကြောင့် သူတို့ထက်အင်အားနည်းတဲ့ပါတီ တွေကို အပြိုင်အဆိုင်စည်းရုံးပြီး အပေးအယူ တွေ လုပ်ပြီး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ကြိုးစားကြရတော့မှာပါ။ အရင်ဆောင်းပါးမှာ ပြောခဲ့ဖူးသလိုပါပဲ PR စံနစ် ရလဒ်ဟာ ကိန်းရှင်အချက်အလက်အတော် များများပေါ်မူတည်နေတဲ့အတွက် ဗြိတိန်ရလဒ်ကို ပြဌာန်းစာအုပ် ကဲ့သို့ ပုံသေကားချပ်မှတ်ထားဖို့တော့ခက်ပါတယ်။ ယေဘူယျဆန်ဆန်ပြောနိုင်တာကတော့ ရတဲ့မဲအရေအ တွက်တူနေရင်တောင် PR စံနစ်မှာ အမတ်အရေအတွက်နည်းသွားနိုင်တဲ့ အလားအလာရှိတယ် ဆိုတာကိုပါ။

ဒီသာဓကတွေကိုကြည့်ရင် ဒီယုန်မြင်လို့ ဒီခြုံထွင်ကြသူများအကြောင်းကို ပိုသဘောပေါက်လာကြမှာပါ။ FPTP စံနစ်မှာ ပြည်သူ့ထောက်ခံမှု အပြည့်ရရှိလို့ အနိုင်ရရှိခဲ့တဲ့ ပါတီများအတွက်လည်း PR စံနစ်က စိန်ခေါ်မှု တွေ ပိုများလာစေပါတယ်။ ၂၅ရာခိုင်နှုန်း အဓမ္မယူထားမှုကလည်း FPTP စံနစ်ထက် PR စံနစ်မှာ ပိုခြိမ်း ခြောက်မှုများလာခဲ့တယ်။ ဘက်လိုက်မှုရှိနိုင်တဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ဆို အန္တရယ်ပိုများတာတော့ အမှန် ပါပဲ။ မဲဆန္ဒနယ်မြေများပြန်ပေါင်းခြင်း၊ ခွဲထုတ်ခြင်းများက PR စံနစ်ရွေးကောက်ပွဲကို အကျိုးသက်ရောက်မှု သိသိသာသာရှိစေပါတယ်။ ဝင်ရောက်ယှဥ်ပြိုင်တဲ့ ပါတီက အနည်းဆုံးရရှိရမယ့် တနိုင်ငံလုံးမဲပေးမှုအတိုင်း အတာရဲ့ ရာခိုင်နှုန်း ဆိုတာကိုလည်း စိတ်တိုင်းကျသတ်မှတ်နိုင်ပါသေးတယ်။ ဆိုခဲ့ဘူးသလိုပါပဲ၊ အချို့သော PR စံနစ် နည်းဥပဒေသများဟာ ကွဲပြားမှုတွေရှိနိုင်၊ ရှိအောင်လည်းဖန်တီးထားတဲ့စံနစ် ဖြစ်တဲ့အတွက် ထုတ် ပြန်ခြင်းမရှိ‌သေးတဲ့ PR စံနစ်အပေါ် ယေဘူယျသဘောအားဖြင့်သာ လေ့လာဆွေးနွေးနိုင်မှာပါ။

အထက်ကပြောခဲ့တဲ့ Parliamentary Election Threshold လို့ခေါ်တဲ့ နိုင်ငံအတိုင်းအတာနဲ့ရရှိဖို့ သတ်မှတ် ထားတဲ့ ရာခိုင်နှုန်းဟာ လည်း PR စံနစ်ကျင့်သုံးတဲ့ နိုင်ငံတွေကြား ခြားနားမှုရှိပါတယ်။ ဥပမာအားဖြင့် အင်ဒိုနီး ရှား နိုင်ငံမှာ ဝင်ရောက်ယှဥ်ပြိုင်တဲ့ နိုင်ငံရေးပါတီဟာ တစ်နိုင်ငံလုံး ခိုင်လုံမဲအရေအတွက်ရဲ့ ၄ ရာခိုင်နှုန်း အ နည်းဆုံးရရှိရမှာဖြစ်ပြီး တူရကီရွေးကောက်ပွဲမှာဆိုရင် အနည်းဆုံး ၁၀ ရာခိုင်နှုန်းလို့သတ်မှတ်ထားပါတယ်။ အဲဒီအောက်ရောက်သွားခဲ့ရင်တော့ အမတ်နေရာနိုင်ရင်တောင် အသိအမှတ်မပြုတော့ပါဘူး။ ဒါ့ကြောင့်ကျော် လွှားရမယ့်နည်းလမ်းတွေရှာကြံရပြန်ပါတယ်။ ၂၀၂၀ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက် ၂၆၈/၂၀၂၀ အရ ပြည်သူ့လွှတ် တော်ရွေး ကောက်ပွဲအတွက် ခိုင်လုံမဲ ၂၆.၆၆ သန်း‌ကျော်နဲ့ အမျိုးသားလွှတ် တော်အတွက် ခိုင်လုံမဲ ၂၆.၇၃သန်း‌ ကျော်ရရှိခဲ့ပါတယ်။ ပါတီအင်အားတစ်ခုနဲ့တစ်ခု မတူကြ တော့ သတိရှိရှိ ကြိုတင်စဥ်းစား တွက်ချက်ထားရမယ့် ကိန်းဂဏန်းတွေပါ။

PR မှာ စစ်အာဏာပြည်သာမည်

ရာဘာကြိုးလိုလျော့လို့ ဆန့်လို့ရတဲ့ PR စံနစ် ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေတွေနဲ့ ဥပဒေကို လက်တလုံး ခြားရော ပြောင်ကျကျပါ ချိုးဖေါက်တတ်တဲ့ ရှုပ်ချည်နှပ်ချည် သမားများကို တွဲမြင်မိတဲ့အခါမှာ အတော့်ကို စိတ်ကသိကအောက်ဖြစ်ရပါတယ်။ သမားရိုးကျ မဲလိမ်၊မဲဝယ်၊မဲခိုး၊ကြိုတင်မဲ စတဲ့ သူတို့တွေရဲ့ ထမင်းစား ရေသောက် လုပ်ရပ်တွေ မပါသေးပါဘူး။ သတ်ကွင်းထဲ မျှားခေါ်နေတာကို မြင်နေရတဲ့အလား စိတ်လေးလံမိ ပါတယ်။ နိုင်ငံနဲ့အဝှမ်း လူထုထောက်ခံမှု အပြည့်ရရှိထားတဲ့ ပါတီမျိုးတောင် သတိအပြည့်ရှိရမယ့် PR ရွေး ကောက်ပွဲ အနေအထားပါ။ ဒါကိုအခု ရွေးကောက်ပွဲသစ်ဝင်ရင်ကောင်းမလား ဆိုတဲ့ပါတီများ အလေးအနက် ထားစဥ်းစားရမှာပါ။ ဒီလိုအခြေအနေမှာတော့ ထိုပါတီများအတွက် အာဏာလုအကြမ်းဖက်အုပ်စုမပါပဲ အစိုး ရဖွဲ့နိုင်မယ့်လမ်းကတော့ တော်တော်နည်းပါလိမ့်မယ်။ အဲဒီလိုဖြစ်အောင်လည်းဥာဏ်နီဥာဏ်နက်မျိုးစုံသုံးပြီး ကလိန်ကကျစ် ကြဖို့ ပြင်ဆင်အားခဲနေကြ တာကို မည်သူကမျှသံသယရှိမှာမဟုတ်ပါ။ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်ရရှိအောင် ဘယ်လိုဘယ်ပုံ လုပ်ယူခဲ့ရတယ်ဆိုတာ ၂၀၁၀ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ တဖြစ်လဲ အ ကြမ်းဖက်စစ်အုပ်စုရဲ့ လက်ရှိ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက အသိဆုံးဖြစ်မှာပါ။ဒါ့ကြောင့် ဒီလိုအခြေအ နေမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ လုံးဝမဝင်သင့်တဲ့ အကြောင်း ဆွေးနွေး နေရခြင်းဖြစ်ပါတယ်။

ပင်ကိုယ်က ညွန့်ပေါင်းအစိုးရဆိုတာကို မလိုလားသူဖြစ်တဲ့အတွက် အကြမ်းဖက်စစ်အုပ်စုနဲ့ လက်တွဲရမယ့် ညစ်ပေါင်းအစိုးရဆို အတွေးထဲမှာတောင် လက်ခံလို့မရနိုင်ပါဘူး။ ဒီအတွက်ကြောင့် ညွန့်ပေါင်းအစိုးရရဲ့ အားနည်းချက်နဲ့ စိတ်ပျက်စရာများကို အသားပေးရေးသွားပါမယ်။ ညွန့်ပေါင်းအစိုးရ ဖွဲ့ဖို့လိုပြီဆိုတာနဲ့ မိမိ ပါတီနဲ့ လမ်းစဥ်မတူသူများကိုဆွဲဆောင်စည်းရုံးကြရမှာပါ။ ယုံကြည်ရာလမ်းစဥ်တူခဲ့မှတော့ အစကတည်း က ပါတီတခုတည်းမှာ အတူရှိခဲ့ကြမှာပေါ့။ ကွဲပြားမှုတွေရှိခဲ့လို့သာ မတူညီတဲ့ အလံအောက်မှာ ရပ်တည်နေ ကြတာပါ။ နိုင်ငံတစ်နိုင်ငံကိုဦးဆောင်ရမယ့် အစိုးရဟာ စိတ်တူကိုယ်တူ ညီညီညွတ်ညွတ် တစ်စိတ်တည်း တစ်ဝမ်းတည်း ရှိပါမှ ခိုင်မာအားကောင်းတဲ့ အစိုးရကို ဖွဲ့စည်းနိုင်မှာဖြစ်ပြီး ပေါ်လစီချမှတ်မှု၊ ဥပဒေပြဌာန်းမှု တို့မှာ လျင်မြန်ချောမွေ့ပါလိမ့်မယ်။

ညွန့်ပေါင်းအစိုးရကို စိတ်ပျက်မိရခြင်းက ညွန့်ပေါင်းအစိုးရမဖွဲ့မီကတည်းက စတယ်ဆိုရင် လွန်တယ်ပြော ကြလေမလား။ ဒါအမှန်ပါ၊ ဘာ့ကြောင့်လည်းဆိုတော့ အစိုးရဖွဲ့ဖို့ အလားအလာရှိတဲ့ ပါတီကြီးတွေက ကိုယ့် ပါတီအစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့အမတ်ဦးရေ ပြည့်မီဖို့အတွက် ပါတီငယ်များ၊တသီးပုဂ္ဂလများကိုမက်လုံးပေး ပြီး စည်းရုံးရေး ဆင်းရပါတယ်။ ပေါ်လစီကိစ္စလား၊အစိုးရအဖွဲ့ရာထူးလား၊ ကိုယ့်မဲဆန္ဒနယ်ဖွံ့ဖြိုးရေးလား စသဖြင့် ကတိကဝတ်တွေပြုပြီး မြူဆွယ်ကြတာမြင်ရတာ စိတ်ပျက်စရာပါ။ Political horse-trading လို့ တောင်အမည်ပေး ခေါ်ဝေါ်ကြရတဲ့ ကုန်ရောင်းကုန်ဝယ် အပေးအယူစျေးညှိကြတာမျိုးပေါ့။ မဲများများရတဲ့ ပါတီက သူ့ပေါ်လစီကို အလျော့အတင်းမလုပ်ချင်လို့ပဲဖြစ်ဖြစ်၊ ရာထူးနေရာခွဲဝေရေး အဆင်မပြေတာပဲဖြစ် ဖြစ်၊ အကြောင်းကြောင်းကြောင့် အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့အမတ် ဦးရေပြည့်မီအောင် မစည်းရုံးနိုင်တာမျိုး လည်း ရှိနိုင်ပါတယ်။

ဒီလိုဖြစ်ခဲ့လို့ သူ့ထက်မဲနည်းတဲ့ပါတီက ညွန့်ပေါင်းအစိုးရဖြစ်အောင် စည်းရုံးနိုင်သွားခဲ့ပြန်ရင်လည်း ရွေး ကောက်ပွဲရလဒ်အရ အမတ်နေရာပိုရခဲ့တဲ့ပါတီက အစိုးရမဖြစ်လို့၊ မဲပေးခဲ့တဲ့သူများသာ မအီမလည် ဖြစ်ပြီး ကျန်ရစ်နိုင်ပါတယ်။ တကယ်တမ်းပြောရရင် ညွန့်ပေါင်းအစိုးရ ဆိုတာ မတတ်သာလို့သာ တွဲဖက်လုပ် ကြ ရတာ၊ ဖြစ်နိုင်ရင် တခြားပါတီနဲ့ပေါင်းပြီးအစိုးရမဖွဲ့ချင်ပါဘူး ဆိုတာမျိုးပါ၊ ဒါကိုပါးစပ်က လူတွေကြားအောင် မပြောကြပေမယ့်၊ ဒီအတွေးအမြင်က သူတို့စိတ်ထဲမှာ အမြစ်တွယ် ခိုအောင်းနေကြသူ များပါ။ အထူးသဖြင့် အင်အားကြီးပါတီများဟာ ရွေးကောက်ပွဲမဲဆွယ်ကာလမှာ ညွန့်ပေါင်းအစိုးရ ဖွဲ့ဖို့အရေး ဘယ်တော့မှ ရှေ့ တန်းတင်ပြောကြားလေ့ မရှိကြပါဘူး။ သူ့တစ်ပါတီတည်း အစိုးရဖွဲ့နိုင်ဖို့အတွက် ပါတီငယ်တွေကို မဲမထည့် ကြ ဖို့ပဲ တစိုက်မတ်မတ် မဲဆွယ်စည်းရုံးကြတာပါ။

ဝေလေလေတွေနဲ့ ညွန့်ပေါင်း PR

အောင်မြင်တဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့တွေရှိတဲ့နိုင်ငံတွေရှိတာ မငြင်းပယ်ချင်သလို၊ ပေါ်လစီတွေလွဲမှားခဲ့ပြီး အ လုပ်မဖြစ်တဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့တွေရှိခဲ့တာကိုလည်း လက်ခံကြရမှာပါ။ ညွန့်ပေါင်းအစိုးရတစ်ခု ဖွဲ့စည်းဖို့ အစိုးရအဖွဲ့နေရာတွေ ပါတီတွေကြား ခွဲဝေဖို့ဆိုတာ ညှိနှိုင်းလို့ရနိုင်ပါသေးတယ်။ ပိုခက်ခဲတဲ့ ပြဿနာက ကွဲလွဲနေတဲ့ပါတီတွေရဲ့ အဓိရပ်တည်ချက်တွေကို အလျော့အတင်းလုပ်ဖို့ ဆိုတာကိုပါ၊၊ ပြည်တွင်းမူဝါဒ တွေ အသာထားပါအုံး၊ ပိုထင်သာမြင်သာရှိတဲ့ နိုင်ငံခြားရေးပေါ်လစီမှာ အရှေ့ကိုယိမ်းရမလား၊ အနောက်ကို တိမ်းရမလား ဆိုတာမျိုးကိုတောင် ခဲရာခဲဆစ် ညှိနှုင်းရလာနိုင်ပါတယ်။ ဘတ်ဂျက်ခွဲဝေသုံးစွဲတဲ့ အခါမှာ လည်း မိမိပါတီရဲ့ မဲဆန္ဒရှင်များအတွက်ကို ပိုသုံးနိုင်ကြဖို့၊ ကိုယ့်ပါတီရဲ့ ရွေးကောက်ပွဲကတိအတိုင်း ဆောင် ရွက်ပေးနိုင်ဖို့ အပြိုင်အဆိုင်ဖြစ်ကြရပြန်ပါတယ်။ ပေါ်လစီချမှတ်ကြ ရာတွင်လည်း မူဝါဒမတူတဲ့ပါတီ အချင်း ချင်းညွန့်ပေါင်းဖွဲ့ ထားရတာဆိုတော့ ဘုံသဘောတူညီချက်ရဖို့ အတော်ကြိုးစားရပါတယ်။

ဆိုကြပါတော့၊ ကုန်ထုတ်လုပ်မှုတိုးတက်အောင် စက်ရုံအလုပ်ရုံတွေတိုးမြှင့်ဆောက်လုပ်ချင်တဲ့ ပါတီနဲ့ သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဦးစားပေးတဲ့ပါတီတို့ကြား ညှိနှိုင်းရ မလွယ်လှပါဘူး။ ဒီလိုနဲ့ ကိုယ့်ပါတီ အလိုကျလည်းမဟုတ်၊ သူ့ပါတီအလိုကျလည်းမဟုတ်တဲ့ ဟိုဘက်မကျ ဒီဘက်မကျ စီမံကိန်းများရေးဆွဲရ တာမျိုးလည်းကြုံလာနိုင်ပါတယ်။ ဥပမာပေးကောင်းလှသူမဟုတ်ပေမယ့် ပိုပြီးထင်သာမြင်သာရှိအောင်ကြိုး စားရေးပြပါ့မယ်။ ပင်လယ်စာမတည့်သူနဲ့ ကုန်းသတ္တဝါရှောင်တဲ့သူတို့ အတူညစားစားထွက်တဲ့အခါသက် သတ်လွတ်ဆိုင်ကို ရွေးလိုက်ရသလိုမျိုးပါပဲ၊ အကြောင်းမလှလို့ အဲ့ဒီဆိုင်ကပိတ်သွားပြီဆိုရင်တော့ ကြုံတဲ့ သစ်သီးဆိုင်ဝင်ဝယ်ပြီး မီးလွတ်ညစာကိုပဲ စားလိုက်ရမှာပါ။ စာရေးသူကတော့ ညွန့်ပေါင်းအစိုးရ ပရိတ်သတ် မဟုတ်တဲ့အတွက် ကွက်ကွက်ကွင်းကွင်း ပိုမြင်အောင် သာသာထိုးထိုး ဥပမာပေးပြီး ရေးလိုက်တာဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်မှာ ဒီမိုကရေစီနိုင်ငံကြီး နှစ်ခုမှာ ညွန့်ပေါင်းအစိုးရတွေ ကြုံတွေ့ခဲ့ရပါသေးတယ်။ ဗြိတိန်နဲ့ ဩစတြေလျမှာ ဖြစ်ပါတယ်။ စစ်တမ်းတွေအရတော့ ညွန့်ပေါင်းအစိုးရဟာ အားပျော့တဲ့အစိုးရအသွင်လို့ မဲ ဆန္ဒရှင်အများစုကမြင်ခဲ့ကြပြီး မိမိမူဝါဒအပေါ် ပြတ်ပြတ်သားသားမရပ်တည်နိုင်ကြဘူးလို့ ဖြေကြပါတယ်။ ကိုယ့်တစ်ပါတီထဲမဟုတ်၊ ညွန့်ပေါင်းထဲပါတဲ့ ဟိုပါတီမျက်နှာကြည့်ရ၊ ဒီပါတီမျက်နှာငဲ့ရ တွေကြောင့်လဲဖြစ် ခဲ့တာ ထင်ပါတယ်။ ညွန့်ပေါင်းအစိုးရ သက်တမ်းစတင်ခဲ့တဲ့အချိန်နဲ့ သက်တမ်းကုန်ပြီး နောက်ရွေးကောက်ပွဲ မှာ နိုင်ငံရေးပါတီတွေရဲ့ အနေအထားကိုလေ့လာကြည့်ပါအုံးမယ်။ ဗြိတိန်ညွန့်ပေါင်း အစိုးရ မှာပါခဲ့တဲ့ဗြိတိန် နိုင်ငံရဲ့ တတိယအင်အားကြီးပါတီ လစ်ဘရယ်ဒီမိုကရက် ကတော့ ၂၀၁၀ ရွေး‌ကောက် ပွဲမှာ ၅၇ နေရာနဲ့ ညွန့် ပေါင်းအစိုးရ သက်တမ်းကိုစနိုင်ခဲ့ပေမယ့်၊ ၂၀၁၅ ရွေး‌ကောက်ပွဲ မှာတော့ ၈နေရာပဲ ရွေးကောက်ခံရပါ တော့ တယ်။ ဩစတြေလျ က လေဘာပါတီလည်း ညွန့်ပေါင်းအစိုးရ သက်တမ်း အကုန် ၂၀၁၅ ရွေး‌ကောက်ပွဲ မှာ အမတ်နေရာများစွာ လက်လွတ်ခဲ့ရပြီး အတိုက်အခံပါတီအဖြစ်နဲ့သာ ရပ်တည်ခဲ့ရတာ ယနေ့ထက်ထိတိုင်ပါ ပဲ။ ဒီပါတီတွေကို မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်များက ညွန့်ပေါင်းအစိုးရရဲ့ စွမ်းဆောင်ရည်ကို မနှစ်မြို့မှု အလိုမ ကျမှုတို့ ရောင်ပြန်ဟပ်ခဲ့တာပါ။

နောက်ကြီးမားတဲ့ ပြဿနာတစ်ခုက ညွန့်ပေါင်းအစိုးရထဲ ပါတဲ့ ပါတီအချင်းချင်း ညှိမရ ရှေ့ဆက်မရ ဖြစ်သွား ပြီး အခြားပါတီသစ်ကိုလည်း ကမ်းလှမ်းလို့မရဆိုရင်တော့ နောက် ရွေးကောက်ပွဲသစ်ကို အချိန်မကျသေးပဲအ ရှေ့ကိုတိုးပြီး လုပ်ပေးရတာမျိုးပါပဲ။ ဒါကိုကောင်းစွာသဘောပေါက်ထားတဲ့ နိုင်ငံရေးသမားများက အခွင့်အ ရေး တစ်ရပ်အနေနဲ့ လိမ္မာပါးနပ်စွာလို့ပဲပြောမလား၊ အကြပ်ကိုင်တယ်လို့ပဲပြောမလား၊ အသုံးချတတ် ကြပါ တယ်။ အထက်ကပြောခဲ့တဲ့ ဗြိတိန်ညွန့်ပေါင်း အစိုးရ (၂၀၁၀-၂၀၁၅) မှာ ကွန်ဆာဗေးတစ်ပါတီခေါင်း ဆောင် ဒေးဗစ်ကင်မရွန်းက ဝန်ကြီးချုပ်ဖြစ်ပြီး လစ်ဘရယ်ဒီမိုကရက်ပါတီခေါင်းဆောင် နစ်ကလက်ဂ် က ဒု ဝန်ကြီး ချုပ်အနေနဲ့ အာဏာခွဲဝေအုပ်ချုပ်ကြပါတယ်။ ဒေးဗစ်ကင်မရွန်း နိုင်ငံရေးကအနားယူပြီး ရေးသားခဲ့တဲ့ စာ အုပ်တစ်အုပ်မှာ ကွဲပြားတဲ့ပါတီပေါ်လစီတွေကြောင့် နှစ်ဖက်ညှိမရတဲ့အခါ နစ်ကလက်ဂ်က သူလိုလားတဲ့ အတိုင်း မဖြစ်ခဲ့ရင် ညွန့်ပေါင်း အစိုးရဆက်မလုပ်တော့ဘူး ဆိုတာမျိုးပြောလို့ စိတ်လည်းဆိုး၊ ဘေးကျပ်နံ ကျပ်လည်း ဖြစ်ခဲ့ရတယ်ဆိုတာကို ဖွင့်ဟရေးသားခဲ့ပါတယ်။ ကမ္ဘာ့ထိပ်တန်း သက်တမ်းရင့် ဒီမိုကရေစီနိုင်ငံ ကြီးမှာတောင် ကြုံတွေ့ ခဲ့ရတဲ့ ညွန့်ပေါင်းအစိုးရ ဒရမ်မာပါ။ ညွန့်ပေါင်းအစိုးရကို စိတ်ပျက်မိတယ် ပြောခဲ့တာ မလွန်ကြောင်း အတည်ပြုလိုက်တဲ့ သက်သေတစ်ခုဆိုရင်လည်း မမှားပါဘူး။

ညွန့်ပေါင်းတွေ၏ ခါးသီးသောသမိုင်းသင်ခန်းစာများ

ပြည်ပကညွန့်ပေါင်းအစိုးရတွေမို့ အဲဒီလိုဖြစ်တာနေမှာပါ ဆိုသူများအတွက် ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ပြည်တွင်းနိုင်ငံရေးပါတီများရဲ့ ညွန့်ပေါင်းအစိုးရသမိုင်းကြောင်းကို အမြည်းသဘော ကျွေးကြည့်ချင်ပါသေး တယ်။ ၁၉၃၇ ခုနှစ် မတ်လ၂၆ ရက်နေ့မှ ၁၉၄၀ စက်တင်ဘာ ၉ရက်နေ့ အတွင်း ဒေါက်တာ ဘမော် ညွန့်ပေါင်း အစိုးရ၊ ဦးပု ညွန့်ပေါင်းအစိုးရ နဲ့ ဂဠုန်ဦးစော ညွန့်ပေါင်းအစိုးရ ဆိုပြီး ညွန့်ပေါင်းအစိုးရ ၃ဆက်ပြောင်းခဲ့ဘူးပါ တယ်။ အချိန်ကာလ ၃နှစ်ဝန်းကျင်မှာ ၃ဆက်သော ညွန့်ပေါင်းအစိုးရ ပြောင်းပြီးဖြတ်သန်းခဲ့ ရတယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ ညွန့်ပေါင်းအစိုးရသမိုင်းကို သိပ်လျော့တွက်လို့တော့ ရနိုင်မယ်မထင်ပါဘူး။

အခုချိန်အထိ ညွန့်ပေါင်းအစိုးရကို စိတ်သိပ်မပျက်သေးဘူးဆိုရင်တော့ ဘယ်လ်ဂျီယမ်နိုင်ငံက လက်ရှိ ညွန့် ပေါင်းအစိုးရ အကြောင်းလေး ထပ်ပြောပြချင်ပါတယ်။ ဘယ်လ်ဂျီယမ် ရွေး‌ကောက်ပွဲကို ၂၀၁၉ခုနှစ် မေလ ၂၆ရက်နေ့မှာကျင်းပခဲ့ပါတယ်။ တစ်ပါတီထဲ အစိုးရမဖွဲ့နိုင်ခဲ့လို့ ပါတီများကြား အတော်လေးညှိကြ နှိုင်းကြ လုပ်ခဲ့ကြရပြီး နောက်ဆုံးမှာတော့ ၇ ပါတီပါဝင်တဲ့ ညွန့်ပေါင်းအစိုးရကို ၂၀၂၀ အောက်တိုဘာလ ၁ ရက် နေ့မှာ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ဟုတ်ပါတယ်၊ရွေး‌ကောက်ပွဲအပြီး ၄၉၄ ရက်အကြာမှာ ညွန့်ပေါင်းအစိုးရသစ်ကို အောင် မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ စကားကပ်သပ်ပြောချင်တဲ့ ညွန့်ပေါင်းပရိတ်သတ်များတောင် ဒါဟာအားကျစရာ လို့ ပြောရခက်နေမယ် ထင်ပါတယ်။

အခုဒီဆောင်းပါးရေးနေစဥ်မှာ ညအိပ်ရာဝင်ချိန်မှာရှိတဲ့ အစိုးရနဲ့ မနက်အိပ်ရာထချိန်မှာ တွေ့ရမယ့် အစိုးရ တူ ပါ့မလား ဆိုတာကို အတိအကျ မပြောနိုင်တဲ့သူတွေကတော့ အစ္စရေးနိုင်ငံက ပြည်သူများ ဖြစ်ပါတယ်။ ဖြစ် ပျက်နေပုံက လက်ရှိမှာ ဘင်ဂျမင် နေတန်ညာဟု ခေါင်းဆောင်တဲ့ အစိုးရရှိနေပေမယ့် ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့က ကျင်းပတဲ့ ရွေး‌ကောက်ပွဲအပြီး ဘယ်ပါတီမှ အစိုးရဖွဲ့နိုင်လောက်တဲ့ အမတ်နေရာမရရှိခဲ့ဘူး။ ဒါ ကြောင့် နေတန်ညာဟုကို မေလ ၄ ရက်နေ့ နောက်ဆုံးထားပြီး ညွန့်ပေါင်းအစိုးရဖွဲ့ ဖို့တာဝန်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူမဖွဲ့နိုင်ခဲ့လို့ အတိုက်အခံပါတီခေါင်းဆောင်က ညွန့်ပေါင်းအစိုးရသစ်ဖွဲ့ဖို့ တာဝန်ပေးခံ ခဲ့ရပြန် တယ်။

ဒီရက်ပိုင်းအတွင်းမှာ တော့ အတိုက်အခံပါတီခေါင်းဆောင်က သူဦးဆောင်ပြီး ညွန့်ပေါင်းအစိုးရသစ် ဖွဲ့နိုင်ပြီ၊ ပါလီမန်အတည်ပြုချက် ရယူဖို့ပဲ ကျန်တော့တဲ့အခြေအနေလို့ ကြေညာခဲ့တယ်။ ညွန့်ပေါင်းအစိုးရ ဒရမ်မာ များကတော့ ရိုးကိုမရိုး နိုင်လောက်အောင်ပါပဲ။ အစ္စရေးနိုင်ငံဟာ မတည်ငြိမ်တဲ့ ညွန့်ပေါင်းအစိုးရများကြောင့် ပြီးခဲ့တဲ့ ၂နှစ်အတွင်းမှာ ရွေးကောက်ပွဲ ၄ ကြိမ်တိုင်တိုင် ကျင်းပပေးခဲ့ရတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ တကယ် လို့ ပါလီမန်က အတည်ပြုနိုင်ခဲ့ရင် ၈ ပါတီညွန့်ပေါင်းအစိုးရသစ် မကြာခင် ပေါ်ပေါက်လာပါလိမ့်မယ် လို့ ကနဦး သတင်းများမှာ ဖေါ်ပြထားပါတယ်။ ဒါမှမဟုတ်ပဲ လက်ရှိဝန်ကြီးချုပ်ရော အတိုက်အခံခေါင်း ဆောင် ရော ဘယ်သူမှ ညွန့်ပေါင်းအစိုးရသစ် မဖွဲ့နိုင်ခဲ့ဘူးဆိုရင်တော့ ၂နှစ်အတွက် ၅ ကြိမ်မြောက် ရွေး ကောက်ပွဲ သစ် ထပ်မံကျင်းပပေးရဖို့ အလားအလာရှိပါတယ်။

PR ပရိတ်သတ် များကို အားနာနာနဲ့ ထပ်ပြောချင်တာက ဘယ်လ်ဂျီယမ်နိုင်ငံမှာရော အစ္စရေးနိုင်ငံမှာပါ PR မဲ ပေးစံနစ်ကို ကျင့်သုံးပါတယ်။ ဒီနိုင်ငံတွေဟာ မြန်မာနိုင်ငံထက်ဖွံ့ ဖြိုးတိုးတက်ပြီး ပိုမိုကောင်းမွန်တဲ့ အခြေ ခံအဆောက်အအုံကို ပိုင်ဆိုင်တဲ့အတွက် ရွေးကောက်ပွဲခဏခဏလုပ် ရတာပဲဖြစ်ဖြစ်၊ မတည်ငြိမ်တဲ့ အစိုးရ ယန္တရားကို အကြိမ်ကြိမ်ကြုံရတာပဲဖြစ်ပါစေ အများကြီးခံသာတယ်လို့ ပြောရပါမယ်။ အလားတူ အဖြစ်အ ပျက်မျိုး မြန်မာနိုင်ငံ မှာခဏခဏကြုံရမယ် ဆိုရင်တော့ ဆက်တောင် မတွေးဝံ့ တော့ပါဘူး။ ခက်တာက PR စံနစ်ရဲ့ သဘောသဘာဝကိုက အမတ်နေရာ အချိုးကျခွဲဝေနိုင်ရေးကို ဦးတည် ထားတာပါ။ အဲဒီအတွက် PR စံ နစ်မှာ တွဲလိုက် ခွဲလိုက် ဖြစ်နေမယ့်၊ မတည်မငြိမ်နဲ့ အင်အားချိနဲ့တဲ့ ညွန့်ပေါင်းအစိုးရအသွင်ကတော့ လွှဲရှောင် နိုင်ဖို့ လွယ်ကူမှာမဟုတ်ပါ။

အပြောကတော့ ရွှေမန်း - ထွက်လာတော့ ချိုမိုင်မိုင်

“မတူကွဲလွဲကြသူများ လက်တွဲ၍အစိုးရဖွဲ့ လုပ်ကိုင်ကြခြင်း” ဆိုတာ ပြောလို့၊ နားထောင်လို့၊ အတော်ကောင်း တဲ့ စကားလုံးပါ၊ သီအိုရီအရ လက်ခံဖို့မခဲယဥ်းပေမယ့် လက်တွေ့အတွက် အင်မတန်ခက်ခဲပါတယ်။ အခြား ပါတီနဲ့ညှိနှိုင်း လုပ်ဆောင်ကြဖို့ အသာထား၊ ပါတီတခုအတွင်းထဲမှာတောင် ညှိမရ နှိုင်းမရ အကွဲအပြဲ ဇာတ် လမ်းများက ထုနဲ့ထေးပါ။ ဒီစကားလုံးကို ရွှန်းရွှန်းဝေ‌အောင်ပြောမယ့် သူများကိုယ်တိုင်က မိမိ သို့မဟုတ် မိမိပါတီဟာ သူများပါတီက ခွဲထွက်လာတာလား၊ ပဲ့ထွက်လာတာလား၊ ဒါမှမဟုတ် မိမိပါတီကနေ ခွဲထွက်ပဲ့ ထွက် သွားကြခြင်းမျိုးများ တစ်ကြိမ်တလေတောင်မှ မကြုံကြိုက်ခဲ့ဘူးလေသလား ဆိုပြီး ကိုယ့်ကိုယ်ကို အရင်ဆန်းစစ် မေးခွန်းထုတ်ကြည့်သင့်ပါတယ်။ကမ္ဘာမှာမဖြစ်နိုင်ရင်လည်း မြန်မာမှာညီညွတ်တဲ့ ညွန့်ပေါင်း အစိုးရ ဖြစ်နိုင်တယ်ဆိုပြီး မျက်စိစုံမှိတ် နားပိတ်ပြီး ငြင်းလိုရင်လည်း သဘောပါပဲ၊ သမိုင်းက မှတ်တမ်းတင် သွားပါလိမ့်မယ်။ စာရေးသူကတော့ ပြည်ထောင်စုအဆင့်မှာ ပြည်သူအများစု ရွေးချယ်တဲ့ပါတီက လွတ် လွတ်လပ်လပ် ဗဟိုအစိုးရဖွဲ့၊ ပြည်သူကိုပေးထားတဲ့ ကတိကဝတ်များကို သူ့ပါတီရဲ့ မူဝါဒများနဲ့အညီ အ ကောင် အထည်ဖေါ်ကြ၊ အဲဒီ အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ပြည်သူကသဘောကျရင် နောက်ရွေးကောက် ပွဲမှာပြန်ပြီးရွေး၊လက်မခံနိုင်ရင် ဖြုတ်ပစ်လိုက်၊ ရိုးရှင်းစွာပဲ စဥ်းစားချင်ပါတယ်။

တိုင်းပြည်နဲ့ ပြည်သူ့မျက်နှာကို ထောက်ထားသော၊ ဒီမိုကရေစီစံနစ်ကို နှစ်နှစ်ကာကာ မြတ်နိုးကြသော နိုင်ငံ ရေးပါတီများ ကြားမှာတောင် ညွန့်ပေါင်းအစိုးရဆိုသည်မှာ ပန်းခင်းသောလမ်းမဟုတ်ပါ။ စိတ်ရင်းစေတနာ ကမမှန်၊ ရိုးသားမှုကလည်းမရှိ၊ ဒီမိုကရေစီအင်အားစုများအပေါ် တစ်ဖက်စောင်းနင်းအမြတ်ထုတ်ဖို့ သာကြံ စည်နေသော ပြည်တွင်း ပြည်ပ မည်သူကမှလက်ခံယုံကြည်မှုမရှိကြတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ဝေခံ အလိုတူအလိုပါ ပါတီများနှင့်သာတွဲ၍ ညွန့်ပေါင်း ညစ်ပေါင်း ညံ့ပေါင်း အစိုးရဖွဲ့ရမည် ဆိုရင်တော့ တစ်ဦးချင်း စီရဲ့သမိုင်းရော၊ ပါတီရဲ့သမိုင်းပါ ရေစုန်မျောကြရမှာပင်။

ရိုးရိုးလေးသာစဥ်းစားကြည့်ပါစို့၊ ဒီနွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်အုပ်စု ရန်သူသဖွယ်သတ်မှတ် မျက်မုန်းကျိုးနေသည်က လွတ်လပ်စွာပြောဆို ရေးသားခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်တို့ပဲ ဖြစ်ပါတယ်။ ဒီတော့ လွှတ်တော်အတုအယောင် စတင်နိုင်ပြီဆိုတာနဲ့ ဒီအရာတွေကို ချုပ်ချယ်တားမြစ် ပိတ်ပင်ဖို့အတွက် ဦးစားပေးလုပ်ဆောင်လာမှာပါ။ ကိုယ့်ပါတီက ဒီမိုကရေစီတန်ဖိုးကို လုံးဝမယုတ်လျော့ရ လေအောင် အပြင်း အထန်ကာကွယ် ကန့်ကွက်တယ်ပဲထား၊ အစိတ်သား အဖွဲ့ နဲ့ အလိုတူအလိုပါ အမတ်များ ပေါင်းပြီး အနိုင်ကျင့် အတည်ပြုသွားမှာပါ။ အဲဒီလွှတ်တော်က အတည်ပြုခဲ့တဲ့ ဥပဒေအနေနဲ့ပဲ အားလုံးကသမိုင်းတရားခံ အဖြစ် ကျန်ရစ်မှာပါ။ အလားတူ ဒီမိုကရေစီ စံထုံးစံထားများနဲ့ မကိုက်ညီတဲ့၊ ပြည်သူ့ဆန္ဒကိုအလေးမထားတဲ့ ဥပဒေ များစွာကိုလည်း ပျော်ပျော်ကြီး အတည်ပြုကြအုံးမှာ သေချာပါတယ်။

ညွန့်ပေါင်း PR ကို ဆန့်ကျင့်ကြ

ဒါ့ကြောင့် ရွေးကောက်ပွဲသစ်နဲ့ လွှတ်တော်တုကို လက်သင့်မခံပဲ လုံးဝ ဆန့်ကျင်ရပါမယ်၊ ကုန်ကုန်ပြောရရင် အတင်းအဓမ္မ ရှေ့ဆက်တိုးရင်တောင် ဒီမိုကရေစီဘက်တော်သားများ လုံးဝပါဝင်ယှဥ်ပြိုင်ခြင်းမရှိတဲ့ တစ် ကောင်တည်းပြေး၊ ဒီတစ်ကောင်ကပဲ ပန်းဝင်သွားတဲ့ သိက္ခာမဲ့ မြင်းပြိုင်ပွဲလို တရားဝင်အသိအမှတ်ပြု မခံရ အောင်လုပ်ကြရပါမယ်။ ရွေးကောက်ပွဲမဝင်ခြင်းအားဖြင့် တရားမဝင်အာဏာသိမ်းမှုကို အသိအမှတ်ပြုရာ မ ရောက်တော့ပဲ ပြည်သူနဲ့ တစိတ်တည်းတဝမ်းတည်းဖြစ်ကြောင်း ပြသရာလည်း ရောက်ပါတယ်။နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒီလိုပုံစံ ရွေးကောက်ပွဲမျိုးကို အသိအမှတ်ပြုလေ့မရှိပဲ ပြည်တွင်းပြည်ပ ပိုမိုပြင်းထန် တဲ့ ဆန့်ကျင်ပိတ်ဆို့မှုတွေ များသထက်များလာတာ ကြုံတွေ့လာပါလိမ့်မယ်။

တကယ်တော့ လက်ရှိ FPTP စံနစ်ကြောင့် စစ်အာဏာရှင်များအသက်ငင်လာရတဲ့အတွက် PR စံနစ် ရွေး ကောက်ပွဲသစ် နဲ့ အသက်ဆက်ဖို့ အသည်းအသန်ကြိုးစားနေကြခြင်းပါ။ ကယောင်ကတမ်းနဲ့ ပါတီငယ်များ အတွက်လိုလို၊ တိုင်းရင်းသားလူနည်းစုများအတွက်လိုလို၊ လှည့်ဖျားရန်ကြိုးစားနေတာကို အားလုံးသဘော ပေါက်ကြရမှာပါ။ ဒီကျွဲဟာ ‘အရင်တီးသွားတဲ့သီချင်းသာ မကြိုက်တာနေမှာပါ၊ ငါတီးပြမယ့်သီချင်းကိုတော့ နားဝင်ချိုလောက်ပါရဲ့’ လို့ဆိုပြီး နှာမှုတ်သံပြင်းပြင်းနဲ့ ဂျိုကြွနေတဲ့ ကျွဲနားကပ်ဖို့ ဟန်ပြင်တော့မယ်ဆိုရင်ဖြင့် သတိချပ်ရမှာက “နောက်ဆုံးကတော့ ကျွဲဟာကျွဲပါပဲ” ဆိုတာကိုပါ။ သီချင်းပြောင်းပြီး စောင်းတီးရုံနဲ့တော့ ဒီကျွဲရဲ့ စိတ်ဓါတ်အခံ ဥာဥ်အမူအကျင့်ဟာ ပြောင်းလဲမလာနိုင်ပါဘူး။ အတိတ်မြန်မာ့နိုင်ငံရေးသမိုင်းက အ ကောင်းဆုံး သက်သေပါ။

စစ်အာဏာရှင်မှန်သမျှ ဆန့်ကျင်ချေမှုန်းကြ

စစ်အာဏာရှင်စံနစ်ဆိုးကို တိုက်ဖျက်ပြီး တရားမျှတလွတ်လပ်တဲ့ အနာဂတ်ဆီသို့ ချီတက်ရာမှာ ပြည်သူ တစ်ဦး တစ်ယောက်ချင်းစီရဲ့ အင်အား၊ ပေါင်းစည်းပါဝင်မှုတို့ဟာ အရေးကြီးလှပါတယ်။ ဒါ့အပြင် နိုင်ငံရေး သမားများ၊ နိုင်ငံရေးပါတီများရဲ့ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံ၊ တစ်ဦးချင်းစီရဲ့ အရည်အချင်းများကို ပြည့် ပြည့်ဝဝ အသုံးချနိုင်မယ်ဆိုရင် ဒီနွေဦးတော်လှန်ရေးအတွက် များစွာအကျိုးရှိနိုင်မှာပါ။ မိမိတို့ရဲ့ အသိအမြင်နဲ့ စွမ်းဆောင်ရည်များကို အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ရည်တပြင်တည်း ပေါင်းဖက်ရမယ့် PR စံနစ်၊ ညွန့် ပေါင်းခေတ်ကာလများ အတွက် မဟာဗျူဟာ၊ နည်းဗျူဟာများ ရေးဆွဲစဥ်းစားနေရာမှာ အသုံးပြုနေမယ့် အ စား ဒီတော်လှန်ရေးကြီးမှာ မိမိတို့တတ်စွမ်းတဲ့ နေရာကနေ အခုထက်ပိုပြီး အင်တိုက်အားတိုက် အရှိန်မြှင့် ချိတ်ဆက် ပါဝင်လှုပ်ရှားကြရင်တော့ ပြည်သူကို မျက်နှာမူရာ ပိုရောက်ပါလိမ့်မယ်။

ဒီအတွက် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လိုလားကြတဲ့ ဒီမိုကရေစီဘက်တော်သားများ၊ နိုင်ငံရေးပါတီများ အနေဖြင့် စစ်အာဏာရှင်စံနစ် သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲ နှပ်ကြောင်းပေးသည့် အတိုင်း မလိုက်ပါပဲ၊ ပြည်သူနဲ့တသားတည်းရပ်တည်ကာ တောင်တန်းပြည်မ ညီညွတ်စွာဖြင့် စိတ်ချင်းဆက် လက်ချင်းဆုပ်ပြီး စစ်အာဏာရှင်စံနစ် အမြစ်ဖြုတ်မယ့်ခရီးကို ဆုံးခန်းတိုင်အောင် လျှောက်လှမ်းနိုင်ကြပါ စေလို့ ဆန္ဒပြုလိုက်ရပါတယ်။




(သီအိုဇော်)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar