Breaking News

ဆသဒ - နွေဦးပင်ပျို

Photo- Shin May Mi

နွေဦးပင်ပျို
ဆသဒ
(မိုးမခ)ဇွန် ၁၈၊ ၂၀၂၁

နွေဦးလေသရမ်းမွှေတာကြောင့် အခြေချနေထိုင်ရာအရပ်ကနေ အဝေးကို မုန်တိုင်းလေကြမ်းနှင့်အတူ လွင့်ပါခဲ့ရလေ၏။

ရေစိမ်း မြေစိမ်း လေစိမ်း တောစိမ်း တောင်စိမ်း မျက်နှာစိမ်းများအကြားမှာ ယာယီအခိုက်အတန့် ခိုနားခွင့်ရခဲ့ပါလေ၏။ မိမိမူလဝပ်ကျင်းနေရာမှ သံလိုက်အိမ်မြှောင်၏ မြောက်အရပ်။

ဆရာစိုင်းခမ်းလိတ်ရေးသားပြီး စိုင်းထီးဆိုင်သီဆိုခဲ့သည့်အတိတ်တေးတစ်ပုဒ်ကို စိတ်နားထဲတွင် ကြားမြင်လာလေ၏။

" မြောက်စူးစူးသို့ သွားပါလား . . . ပဒေသာပင်တွေ ပေါက်ရောက်ရာ . . . လိုချင်တာတွေရှိတဲ့နေရာ . . . ရေကြည်ရာ မြက်နုရာ ရှာ . . . . . . . . . . . . . . "

ညီနောင်သားချင်းတို့၏ အရပ်ဒေသမှာတော့ နွေဦးလေသည် သိပ်မကြမ်းတမ်း။ မိမိနေရပ်လောက်လည်း အပူရှိန်မပြင်း။
အပူရှိန်မပြင်းထန်ပေမယ့် သည့်ထက်ပို၍ အေးမြစေချင်သည့် စေတနာတရား၏စေ့ဆော်မှုကြောင့် သည်နွေဦးထဲမှာပဲ သစ်ပင်တွေ " ပျိုး " ဖြစ်ခဲ့ပါလေ၏။

နှစ်ရှည်ခံ အရိပ်ရ သီးပင်စားပင်ပေါင်းများစွာ။ များစွာ။ အစုံပါပဲ။ ကျွန်း၊ သရက်၊မရမ်း၊ သံပုရာ၊ ဗန်ဒါ၊ မာလကာ၊ ကြောင်လျှာ၊ ဒန့်သလွန်၊ ခရေ၊ သပြေ၊ မန်ကျည်း၊ ကုက္ကို ၊ ပုန်းညက်၊ သစ်တော်၊ ကော်ဖီ၊ နံ့သာဖြူ ၊ အုန္နှဲ၊ ဆီး၊ သင်္ဘော၊ ပိန္နှဲ၊ ရဲယို၊ သြဇာ၊ တမာ . . . . . စုံလို့ပါပဲ။

ရောက်ရှိခိုနားခွင့်ရနေတဲ့ တစ်မျှော်တစ်ခေါ်တောင်တန်းကြီးများအထပ်ထပ်နှင့် အင်တာနက်မရှိ WiFi မရှိ မြို့မနီးဒေသ ရပ်ရွာဝန်းကျင်ဘုရားကျောင်းကန် ဘုန်းကြီးကျောင်း ဘုရားကျောင်း စာသင်ကျောင်း ရေတွင်း ရေကန်လမ်းဘေးဝဲယာ စိုက်လို့ရတဲ့နေရာမှန်သမျှအနှံ့အပြားမှာ လိုက်လံ၍ စိုက်ဖြစ်ပါမည်။

အခုတော့ နွေဦးကြမ်းကြမ်းကြီးထဲမှာ မြေကြီးထဲအမြှုပ်ခံလိုက်ရသည့် အသွေးစုံ အရောင်စုံအရွယ်စုံ အစေ့ကလေးများကား အပေါ်ယံမြေကြီးကို အားမာန်အပြည့်ဖြင့် ရဲရဲကြီးထိုးခွဲကာအပင်ပေါက်စကလေးများအဖြစ် သူတို့၏ကမ႓ာသစ်ကို ရှာတွေ့လေပြီ။

မြန်မာပြည်မှာ နှစ်စဉ် သစ်ပင်စိုက်ပျိုးကြလေ သည့် " ဇူလိုင်လ " လောက်ရောက်လျှင်ကား ကြမ်းကြမ်းသမျှ ရမ်းရမ်းသမျှရှိရှိသမျှ 'မိစ္ဆာအပူဓာတ်အခိုးအငွေ့တွေ' အကုန်လုံးနိတ္ထိတန်၍ နိဂုံးချုပ်လေမည်ဖြစ်ရာ ဤဇူလိုင် လ ကျွန်ုပ်တို့၏သစ်ပင်စိုက်ပွဲမှာ တပျော်တပါး ပါဝင်စိုက်ပျိုးကုသိုလ်ယူရန် မိတ်ဆွေတို့အား ကြိုတင်ဖိတ်ကြားအပ်ပါသည်ခင်ဗျား။  ။

လေးစားမှုဖြ င့် . . . . . .

ဆသဒ ( ခေတ္တ မစစ )
30-5-21(Sun)4:47 Pm
(မိုးမခ သို့)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar