Breaking News

မျိုးသန့်ထွန်း(စစ်ကိုင်း) - “မန္တလေးတက္ကသိုလ်ကျောင်း နှစ်လည်စာစောင်(၁၉၅၄) ကိုလေ့လာခြင်း"



မျိုးသန့်ထွန်း(စစ်ကိုင်း) - “မန္တလေးတက္ကသိုလ်ကျောင်း နှစ်လည်စာစောင်(၁၉၅၄) ကိုလေ့လာခြင်း"

(မိုးမခ) ဇွန် ၁၈၊ ၂၀၂၁
အိမ်မှာ ကိုးဗစ်ကာလ ဘယ်မှမထွက်လို့ အိမ်ရှိမဂ္ဂဇင်းဟောင်းများကို ရှာဖွေရေးလုပ်ရင်း "၁၃၁၆ မန္တလေးတက္ကသိုလ်နှစ်လည်စာစောင်(၁၉၅၄)ကို တွေ့မိပါတယ်။အမှန်ကဒီစာအုပ်ဟာ မန္တလေးတက္ကသိုလ်မှာဆရာလုပ်ခဲ့ ဆရာကြီးဦးသာထို က လက်ဆောင်အဖြစ်ပေးအပ်ခဲ့တာပါ။ စာစောင်မှာဆရာကြီးရဲ့လက်မှတ်ထိုးပြီ စာရေးသူအား ပေးခဲ့ပါတယ်။ များစွာတန်ဖိုးရှိပြီတန်ဖိုးလည်းထားရပါတယ်။

ထိုကျောင်းစာစောင်ရဲ့မျက်နှာဖုံးပန်းချီက "အေးဆွေ"ဆွဲထားတာတွေ့ ကာလာအယူဆသိပ်ကောင်းတယ်။ ကျောင်းသားအထဲကပန်းချီဆရာဖြစ်လိမ် မယ်။ မျက်နှာဖုံးခေါင်းစီးကဗမာလိုဖော်ပြ၊ အောက်မှာ “The Mandalay College Magazine “လို့တွေ့ရမယ်။ ပန်းချီဆရာက မန္တလေးတက္ကသိုလ်မျက်နှာစာကနေ တူစုံမောင်မယ် မြန်မာဝတ်စုံနဲ့သိပ်ကျက်သရေရှိစွာဆွဲပေးထားတာအဲအခါ ကျောင်းသူကျောင်သားတို့ရဲ့ ဝတ်စားတန်ဆာကိုတွေ့မြင်ရပါလိမ်မယ်။ ကျောင်းဂုဏ်ကိုလည်း ထင်ရှားအောင် သရုပ်ဖော် ထားလှပါပေတယ်။ အတွင်းက ပထမစာမျက်နှာမှာ ကျောင်းတံဆိပ်ပါရှိတယ် ။ ထိုကျောင်းတံဆိပ်က မန္တလေးနန်းမြို့ရိုးပုံမှာ နေခြည်ဖြာထွက်ခြင်းနဲ့ အောက်မှာ "ပညာ၊သမာ၊ဘာသာ၊"ရေးထားပြီး အောက်နားမှာ U CM ရေးဆွဲထားတဲ့ ကျောင်းတံဆိပ်ဖြစ် ပါတယ်။

စာစောင်ရဲ့ထုံးစံ မာတိကာမှာ ခေါင်းကြီး၊ အတ္ထုပ္ပတ္တိ၊ ဆောင်းပါး၊ ဝတ္ထု နှင့် ကဗျာစုတို့ ဖြင့် ဖွဲ့စည်းထားတယ်။ အထဲမှာ ကျောင်း ရဲ့ဘာသာရပ်လိုက် Group လိုက် ရိုက်ထားတဲ့ဓါတ်ပုံတွေ ပါဝင်တယ်။ ကာလာဓါတ်ပုံများဖြစ်နေတယ်။ ဓါတ်ပုံတွေခေတ်မှီနေတယ်။ အဲအချိန်က ဆရာ၊ ဆရာမတွေဟာ ဘာသာရပ်အလိုက် ကျောင်းသားကျောင်းသူများနဲ့ အစုလိုက်စုလိုက် ရိုက်ထားတဲ့ဓါတ်ပုံတွေဖြစ်ပါတယ်။ အချို့ဆို အင်္ဂလိပ်ကျောင်းဆရာတွေပါတာ တွေ့ရတယ်။ တက္ကသိုလ်ကျောင်းသားလူဦးရေလည်း နည်းပါတာ တွေ့ရတယ်။ ထို ခေတ်က တက္ကသိုလ်ကျောင်းသားဖြစ်ဖို့ မလွယ်ဘူးဆိုတာ ဖော်ပြလို့နေပါတယ်။ တက္ကသိုလ်ကျောင်းသားဆိုတာ အဲဒီခေတ်က ဂုဏ်ကျက်သရေ ရှိလှပေတယ်။

ဓါတ်ပုံများဟာကျောင်းရဲ့ ရွှေပြည်ဧ ကျောင်းဆောင်၊ ရွှေမန်းအမျိုးသမီးဆောင်၊ ရာဇတ်ခန်းမဆောင်နှင့် မန္တလေးတက္ကသိုလ် ပထဝီအသင်း (၁၉၅၃-၅၄) ဓါတ်ပုံတွေဖြစ်ပါတယ်။ ထူးခြားတာက ရှေးက ကာလာဟာ ထင်ထင်ရှားရှားရုပ်ကို ဖော်ပြနေတာကိုတွေ့ရပါတယ်။ ကြည်လင်ပြတ်သား ပါတယ်။ ထိုနှစ်လည်စာစောင်ရဲ့ စာတည်းက မောင်ချစ်လေး (ဘုတလင်ချစ်လေး)၊ အတိုင်ပင်ခံစာတည်းက ဦးချမ်းမြ(မဟာဝိဇ္ဇာ) လို့ဖော်ပြထားတယ် ။

စာစောင်ရဲ့အာဘော်က "ပြည်သူ့ပညာရေး" လို့ ရေးတယ်။ အကြောင်းအရာက အင်္ဂလိပ်လက်က ပညာရေးဟာ ပြည်သူ့ပညာရေးမဟုတ်၊ သူတို့ပညာရေးပဲ၊ ဗမာလူထုထဲက ပညာရေးကို အခု တို့ လုပ်နေကြပြီ၊ စီးပွားရေးကလည်း ပညာရေးကောင်းမှ စီးပွားရေးကောင်းလိမ်မယ်၊ လူထုပညာရေး အထူးလိုတယ်လို့ ရည်ရွယ်ချက်ကို သိရှိရတယ်။

ထိုစာစောင်မှာ မြန်မာအခန်းကဏ္ဍကို စာမျက်နှာ - ၁၁၃ အထိပါတယ်။ နောက် အင်္ဂလိပ်စာ အခန်းကဏ္ဍမှာတော့ စာ - ၃၃ မျက်နှာထိ ပါဝင်ဖွဲ့စည်းတဲ့ ကျောင်းမဂ္ဂဇင်းတစ်အုပ်ဖြစ်ပါတယ်။ စာစောင်မှာ ဆရာဦးချမ်းမြက မြကေတု ကလောင်နဲ့ "အချုပ်တန်းဆရာဘေ အကြောင်း" ရေးတယ်။ နောက်ဆောင်းပါးတခုက "ကင်းထောက်ဖြစ်လိုလျှင်" ကို ရေးသူ - မောင်စောလွင်(ကင်းထောက်ဆရာ) လို့ဖော်ပြထားတယ်။ ကျောင်းသားတွေသိအပ်၊ ကျင့်ကြံအပ်တဲ့ ကင်းထောက်အကြောင်း စိတ်ဝင်စားဖွယ်ရေးထားတယ်။ တက္ကသိုလ်မောင်ထွန်းဝေက "ကဗျာနှင့် စာပေသဏ္ဌာန်" ဆောင်းပါးတစ်ပုဒ်ကို ရှေးကဗျာနှင့် ခေတ်ကဗျာ စိတ်ဝင်စားအောင် ရေးသားထားတယ်။ ကောင်းပါတယ်။ "ပုရပိုက်ဖြူ"ရှာဖွေ စုဆောင်းရေးကို ဆရာဦးလှတင်က သုတေသနပြုရေးထားသားတယ်။ နောက်ဆောင်းပါးက ရေးသူ-မောင်ရေအေး တဲ့ ဆရာမောင်နိုး ကလောင်ဖြစ်နေတယ်။ မောင်ရေအေးက "စာအုပ်လုပ်ငန်း" လို့ သုတေသနပြုရေးတာ တွေ့ရပါတယ်။ သိပ်ကောင်းတဲ့ဆောင်းပါးတစ်ပုဒ်လို့ ပြောချင်ပါတယ်။

ကဗျာအုပ်စုမှာ ကျောင်းသား/သူ ကဗျာဆရာတွေ လက်တည့်စမ်းထားတာတွေ့ရတယ်။ အဲ့ထဲမှာ ဆရာမောင်သာနိုးက မောင်သိင်္ဂါ ကလောင်အမည်နဲ့ "ဘဝမသိသူ" ကဗျာကောင်းတပုဒ် ရေးသားထားတာ တွေ့ရတယ်။ မောင်သာနိုးရဲ့ စာစုစာရင်းလုပ်သူအတွက် အကျိုးပြုနိုင်လိမ်မယ်။ ထူးခြားတာက "မန္တလေးတက္ကသိုလ် အနုပညာပြတိုက်" ၁၉၅၃ က စတင် စုဆောင်းထားတဲ့ပစွည်းစာရင်းကို အတိအကျ ရေးသားဖော်ပြထားပါတယ်။ စနစ်ကျတဲ့ပြတိုက်တစ်ခုပေါ့။ မြန်မာစာဌာနမှာ ပြတိုက်နေရာအဖြစ် အသုံးပြထားပါတယ်။ မြန်မာစာဌာနက သမိုင်းဌာန အောက်ထပ်မှာဖြစ်ပါတယ်။ ကျောင်းစာစောင်အထဲမှာ မန္တလေးက ကြော်ညာတွေက ခန့်ခန့်ညားညားဖော်ပြထားတာ တွေ့ရပါတယ်။ အင်္ဂလိပ်စာအခန်းကဏ္ဍမှာ ဓါတ်ပုံတွေနဲ့ ဆောင်ပါးတွေ ပြည့်စုံစွာဖော်ပြထားပါတယ်။ တက္ကသိုလ်ကျောင်းဆိုတဲ့အတိုင် ယူနီဗာစတီ ဘောလုံးအသင်း၊ ဘော်လီဘောအသင်း၊ Boxing Club စတဲ့ အားကစားအစုံဓါတ်ပုံတွေနဲ့။ ထိုအချိန်က မန္တလေးတက္ကသိုလ်ကျောင်း ဒုတိယအဓိပတိက ဆရာကြီး ဦးကိုလေးပါ။စစ်ကိုင်းသားဖြစ်လို့ ဇေယျာမောင် ကလောင်နဲ့ စာတွေရေးပါတယ်။ ဒီစာစောင်မှာ အင်္ဂလိပ်အခန်းမှာ အင်္ဂလိပ်လို့ရေးသားထားပါတယ်။

ဒီကျောင်းမဂ္ဂဇင်းစာစောင်ဟာ ၁၉၅၃-၅၄ ခုနှစ်ထုတ် မန္တလေးတက္ကသိုလ်ရဲ့အထင်ကရ မှတ်တမ်းတင် ဂုဏ်ယူရမယ့် စာစောင်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar