Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ကိုအောင်မှိုင်း၊ အိုက်နီ(ဖြူး)

Artist: Htee Saing

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ 
မိုးမခ
ဇွန် ၂၃၊  ၂၀၂၁

-
ပန်းတို့ရဲ့ ပဲ့တင်သံ

ဝေနေတဲ့ပန်းတွေ 
ကြွေနေချိန်မှာပဲ
နွမ်းနေတဲ့ပန်းတွေကို
လွမ်းနေဆဲပါကွယ်။

အဖူးတဝေဝေနဲ့
ပန်းအကြွေလေးတွေက
ဝေနေတဲ့ပန်းတွေနဲ့အပြိုင်
ကြွေဖို့အသင့်  စောင့်နေကြလေရဲ့။

ကမ္ဘာမြေမှာ 
ပန်းတွေအတွက် ရန်သူမရှိပေမဲ့
ငါတို့မြေမှာတော့ 
ပန်းတွေအတွက် ရန်သူတွေရှိလေရဲ့။

ပန်းပန်လို့ ဖမ်းကြဆီးကြ
ပန်းဝေလို့ ရိုက်ကြနှက်ကြ
ပန်းပိုင်ရှင်တွေကတော့ အပြုံးမပျက်ကြ
ရူးသွတ်မှုတွေတွက်တော့ ပန်းတွေရီနေလေရဲ့။

ပန်းပွင့်တွေမှာ အာခံမှုတွေရှိတယ်
ပန်းပွင့်တွေမှာ ဓမ္မတရားတွေရှိတယ်
ပန်းပွင့်တွေမှာ တော်လှန်ရေးတွေရှိတယ်
ပန်းတွေပန်ပစ်လိုက်ကြစမ်းပါ
ကမ္ဘာတခုလုံး ရဲရဲနီသွားပါစေ။

အဓမ္မကို အာခံဖို့ဆိုတာ
တော်လှန်ပြည်သူတွေအတွက်
တရေးနိုးအိပ်မက်လောက်တောင် တွေဝေစရာမရှိပါဘူး။

အဖိနှိပ်ခံရတာကို ရင်ဆိုင်နိုင်ခဲ့ပြီးတဲ့နောက်
ဖိနှိပ်မှုဆိုတာဟာ ဘဝတွေအတွက်တော့
ရံဖန်ရံခါတွေ့ရတတ်တဲ့   မဲ့စရာတခုထက်မပိုပါဘူး။


အာခံတာက  အာမခံမှုဖြစ်လာတဲ့အခါ
ဆုံးဖြတ်တွေချက်က သက်ဝင်လှုပ်ရှားလာတယ်
ဆုံးရှုံးမှုတွေက နာကျည်းမှုတွေဖြစ်လာတဲ့အခါ
မျက်ရည်တွေဟာ အနာဂတ်ဖြစ်လာတော့တယ်။

သူရဲကောင်းတွေရဲ့ စွန့်လွှတ်မှုတွေကို
တုန်လှုပ်မှုများစွာနဲ့ ငေးမောကြည့်ရင်း
ကမ္ဘာမြေကြီး အဖျားတက်သွားခဲ့တယ်။

အရှေ့အရပ်မှာ 
ရောင်နီတွေလာနေပြီ။

မြန်ပြည်တလွှား 
ပန်းရိုင်းတွေပွင့်ကြပြီ။

တောင်တန်းကြီးတွေလဲ 
အကသစ်တွေနဲ့ကခုန်ကြပြီ။

တော်လှန်သူအပေါင်း
တိုက်ပွဲခေါ်သံမှာ ဆုံဆည်း
နောက်တွန့်စရာတွေ ထားခဲ့
အနာဂတ်ဆိုတာကို ရှေ့ရှု
အောင်ပွဲကို ယုံကြည်ကြ။

တော်လှန် အလံ အသံတွေနဲ့  
ငါတို့ ရှေ့ဆုံးကတက်ကြစို့။

အရေးတော်ပုံ အောင်ရမည်

ကိုအောင်မှိုင်း
ဇွန်လ ၂၀ ရက် ၂၀၂၁ ခုနှစ်


-


ခြောက်အိပ်မက်ထဲက နိုးထရမယ့် 

နှစ်သစ်မှာ
လူမဆန်သူတွေကြောင့်အရာရာပြိုလဲကျ 
စည်းကားလှတဲ့နောင်ယားစျေးလည်း
တိတ်ဆိတ်ငြိမ်သက်
ကြက်ပျံမကျစည်းကားလှတဲ့ 
တောင်စျေးမှာလည်း လူသူကင်းမဲ့ခဲ့ရ
မနက်မိုးသောက်ရင် ဆိုင်ကယ်သံ
ကားသံ ဟွန်းသံ အမျိုးမျိုးနဲ့ညံစီခဲ့တဲ့ 
တို့ရဲ့ကန္နရဝတီ။ 

ခုများဆို မြို့ပျက်အလား
လမ်းတွေလည်း လူသူကင်းမဲ့
ညမှောင်ရင် တိုင်ပင်ခေါ်သံမရှိ
မာကျူရီမီးတွေအစီအရီ မီးပိတ်ကြ
စကားကျယ်ကျယ်မပြောရ၊ 
ကလေးမငိုစေရ၊ နေဝင်မီးငြိမ်းခဲ့ကြရ။

လမ်းမထက်မှာ 
သံသယမျက်လုံးကိုယ်စီနဲ့ ထိတ်လန့်တုန်လှုပ်
ခေါင်ရည်တန်းလည်း ရောင်းသူ ဝယ်သူမရှိ 
လမ်းမထက်မှာ 
အစိမ်းရောင်ဝတ်တွေအပြည့်မှအပ
လူသူကင်းမဲ့
တိတ်ဆိတ်ခြောက်ခြားမြို့ပျက်ကြီးအလား
အထုပ်ကြီး အထုပ်ငယ်တွေ  
သက်ကြီးရွယ်အိုနဲ့  ကလေးငယ်တွေ 
တချို့ ကြုံရာကားနဲ့ 
တချို့ ခြေလျင်တပ်မအဖြစ် ပြေးလွှားရုန်းကန်
အဝေးကကြည့်ရင် မြူတွေဆိုင်းနေဟန်မြို့တော်ကြီးဟာ 
 မီးခိုးငွေ့ ယမ်းခိုး ယမ်းနံ့တွေ 
ပြိုပျက်နေတဲ့ အိမ် ကျောင်း ဘုရားကျောင်းကန်တွေနဲ့
ထိတ်လန့်စရာ အနိဋ္ဌာရုံတွေအပြည့်။   

ဒီလိုခြောက်အိပ်မက်တွေနဲ့ထဲကန္နရဝတီ 
ဘယ်လိုပြန်လည်နိုးထကြရပ 
လူငယ် လူလတ် လူကြီး အလွှာစုံ ရုန်းကန်ကြရင်း
ပြိုပျက်နေတဲ့အရာတွေကို အသစ်တွေအစားထိုးတည်ဆောက်ရင်း
နိုးထရအားယူရဦးမယ့် ငါ့ရဲကမြို့ ကန္နရဝတီ။

အိုက်နီ(ဖြူး)

...


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar