Breaking News

မြန်မာ့ နွေဦးတော်လှန်ရေးကဗျာများ - မောင်မှိုင်းလွင်(အင်းဝ)၊ ထက်သစ်၊ ညိုထက်ညို

Photo - Crd
မြန်မာ့ နွေဦးတော်လှန်ရေးကဗျာများ 
မိုးမခ
ဇွန် ၂၄၊ ၂၀၂၁
-
နွေဦးမြို့ 

ခလုတ်တိုက် လဲရင်တောင်
ခြေမက သွေးမထွက်
လမ်းမက သွေးထွက်ပေးမယ့်မြို့။

လေပြင်းကျရင်ကို
သစ်ပင် သစ်ကိုင်းတွေ လှိုင်းထန်ပြီး
ကြွေးကြော်သံ ထွက်တဲ့မြို့။

သူ့ကိုထိရင်
တခါတရံ ထိကရုံး
တခါတလေ နွယ်ရှင်
သတ်လို့မရတဲ့ မြက်ပင်တွေ။

ခုတော့
မီးတောင်တွေ ပေါက်ကွဲ
ကဲ
ချော်ရည်ပူထဲက ဥယျာဉ်သစ်
နှလုံးသွေးနဲ့ ထုဆစ်ရအောင်။       ။

မောင်မှိုင်းလွင်(အင်းဝ)
၂ ၃ . ၆ . ၂ ၀ ၂ ၁

...


ဂျန်ဇီတွေဦးညွှတ်အရုဏ်ဦးလွတ်မြောက်ပန်းကို
ဆွတ်လိုက်တယ်.. 

ရိုးမ မှာမိုးတွေစွေတော့
ငှက်လေးတွေဘယ်လို နေရှာမလဲ
ငါတွေးမိ...
ငှက်သဘာဝ ကိုယ်လေးတချက်နှစ်ချက် ထာလိုက်ယုံ
မိုးစက်တွေစင်သွားမယ်
နောက်တွေးမိတာက
ငါတို့ရဲ့ လူငယ်ကလေးတွေ
အမိုးအကာမဲ့သစ်ရိပ်တောင်ရိပ်မှာ
စွေလွန်းတဲ့ မိုးကိုငေးရင်း
တွေးရင်းရင်မှာစို့နင့်လွန်းလို့
စာသင်ခန်းပျောက်နေတဲ့ ငါတို့ လူငယ်ကလေးတွေ
မှင်တံ အစား လက်နက်တွေကိုင်လို့
ငါ..တွေးရင်း မျက်ဝန်းအိမ်တခုလုံး မျက်ရည်သီဝေ့ အမြင်တွေဝေဝါးလို့...
လူမဆန် လူ့စိတ်ပျောက်နေတဲ့ဒင်းတို့ကိုကြည့်ရင်း
ငါ့အိမ်လေးထဲ တောက်ခတ်သံနဲ့ဒေါသနဲ့ သောကတွေပြန့်ကျဲလို့
ငါ့စိတ်တွေ အလဲလဲအပြိုပြို
သွေးလည်ပတ်မှုထဲ အမုန်းကပျစ်ခဲနေပေါ့
စားမဲ့ တလုပ်ထမင်းတောင်
လည်မြိုစီးဆင်းမှုဂေဟတွေလည်း ပျက်နေပါပြီကွယ်
သောက်နေတဲ့ရေ မြိုချတာတောင် ဇလုပ်တခုလုံးနင်ပြီးနစ်နစ်သွား...
တစ်ဆို့ဆို့အမုန်းနဲ့
ဂုဏ်တော်ကို ဖိဖိရွတ်
သရဏဂုံကိုအကြိမ်ကြိမ်အထပ်ထပ်တင်ရင်း
မပျော်တဝက် အအိပ်ခက်တဲ့ညတွေကြားက 
ရောင်နီကိုမျှော်အပျော်ကို မော်ဖူး
ညွှတ်နူးမိတဲ့စိတ်နဲ့
ရနံ့သင်းထုံကြူမဲ့
မနက်နေခြည်ဦး ဆုတောင်းသံတွေကြားပါစေ
မြန်မာတပြည်လုံးလျှံပါစေ
အရေးတော် အောင်ပါစေ
အရေးတော်အောင်ရမယ်
ဖွဖွ တင်းတင်း အံကြိတ်ရွတ်ဆို...
ငါတို့ လူငယ်ကလေးတွေ
ကျန်းမာကြပါစေ
မြန်မာပြည်ကြီး ငြိမ်းပါစေ...
ချမ်းပါစေ..။

ထက်သစ်
၁၉ .၆.၂၀၂၁
ညနေ ၄ နာရီ ၃၉ မိနစ်

...

တော်လှန်ရေး တိတ်တိတ်

ကြွေချင်လည်းကြွေ 
ဝေချင်လည်းဝေ
ပြေချင်လည်းပြေ
မပြေချင်လည်းနေ
နွေလည်းနွေ 
မိုးလည်းနွေ 
ဆောင်းလည်းနွေ
ကြည်လင်အေးရေ
မပီပြင်သေးခင်တော့
မင်း အိပ်မြဲ အိပ်ဦးလေ
ပြီးရင်သာ
ကြည်အေးပြောတဲ့
လူတွေနည်းနည်း
ပန်းတွေများများ ကမ္ဘာမှာ
လက်ညှိုးညွှန်ရာ နွေဖြစ်စေ ။  ။

(မတ်လ ၃ရက်နေ့ တွင် ကဗျာဆရာမ ကြည်လင်အေး မုံရွာမြို့တွင် ကျဆုံးသည်။)
ညိုထက်ညို

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar