ဒိုရီဂို - “ဂျန်အယ်လ်ဖာ (Gen α) လေးရဲ့ အိပ်မက်”
ဒိုရီဂို - “ဂျန်အယ်လ်ဖာ (Gen α) လေးရဲ့ အိပ်မက်”
ဒိုရီဂို
(မိုးမခ) ဇွန် ၂၃၊ ၂၀၂၁
-
နိဒါန်း
ကိုယ့်တိုင်း, ကိုယ့်ပြည်ရဲ့အနာဂတ်အရေးနဲ့ပတ်သက်ပြီး လူတိုင်းရင်ထဲမှာ ဘာတွေ ရှိနေတယ်၊ ဘယ်လိုဆန္ဒမျိုး ရှိနေတယ်ဆိုတာ ‘ဂျန်အယ်လ်ဖာ’ (Gen α) လေးတောင် သိတဲ့ အနေအထားမှာ... သူကတော့ မသိသလို, မဆိုင်သလိုနဲ့ အလွန်ကို အမိန့်နာခံတတ်ပြီး တာဝန်ကျေသူတွေလို့ သတ်မှတ်ခံရဖို့ တစ်ကိုယ်ကောင်းဆန်နေတဲ့ သစ္စာလွဲသူ တစ်ဦးနဲ့ ‘ဂျန်ဇီ’ (Gen Z) တွေကို ဆက်ခံမယ့် ‘ဂျန်အယ်လ်ဖာ’ (Gen α) လေးတွေရဲ့ အတွေးစိတ်ကူး, မျှော်လင့်ချက်, အိပ်မက်အကြောင်း ပြောပြချင်ပါတယ်။
ပထမဆုံး Generation “မျိုးဆက်” ဆိုတာကို ဘယ်လိုသတ်မှတ်တယ်ဆိုတာ အရင်ဆုံးတင်ပြပါမယ်။ Generation တွေကို Builders, Boomers, Gen X, Gen Y, Gen Z and Gen α လို့ သတ်မှတ်ပါတယ်။ Builders တွေက 1939 - 1945 ကြား မွေးဖွားလာသူတွေပါ။ ကမ္ဘာစစ်ကြီးအပြီး ပြာပုံထဲကနိုးထပြီး ပြန်လည်, တည် ဆောက်ရေးကို ဦးတည်လာနိုင်တဲ့ မျိုးဆက်လို့ ဆိုပါတယ်။ Boomer တွေက 1946 - 1964 ကြားမွေးဖွားလာသူတွေ ဖြစ်ပြီး၊ Gen X တွေကတော့ 1965 - 1979 ကြား မွေးဖွားလာသူတွေပါ။ Gen Y သို့မဟုတ် Millennials လို့ခေါ်တဲ့ မျိုးဆက်က 1980 - 1994 အတွင်း မွေးဖွားလာသူတွေ ဖြစ်ပါတယ်။ Gen Z တွေကတော့ 1995 – 2009 ကြားမွေးဖွားသူတွေဖြစ်ပြီး Gen α တွေက 2010 နောက်ပိုင်း မွေးဖွား လာသူတွေပါ။
မျိုးဆက်တွေ တစ်ခုနဲ့ တစ်ခု အချိန်ကာလနဲ့ ဝန်းကျင်သစ်တွေ ပြောင်းလဲနေတာ ဆိုတော့ သူတို့ရဲ့ တွေးခေါ်, မြော်မြင်မှုနဲ့ တွေး, ကြံ, စဉ်းစား, မျှော်လင့်မှုတွေက မတူညီကြပါဘူး။ သို့ပေမဲ့ အခုပြောမယ့် ‘ဂျန်အယ်လ်ဖာ’ လေးကတော့ မူလတန်း မပြောနဲ့ မူကြိုတောင်မထားနိုင်သေးတဲ့ အသက် ၅ နှစ် အရွယ်သမီးလေးပါ။ ကိုဗစ်ဖြစ်လာတာရယ်, လတ်တလော နိုင်ငံရေးအပြောင်းအလဲကြောင့် အယ်လ်ဖာလေးကို ကျောင်းမထားနိုင်သေးဘဲ ဖခင်ဖြစ်သူရဲ့ ဆံပင်ညှပ်ဆိုင်လေးမှာပဲ နေ့စဉ် ဆော့ကစား နေရတာပေါ့။
စိတ်သဘောထား ကောင်းသလို စေတနာပါပါ ညှပ်ပေးတတ်တဲ့ ဆံသ,ဆရာရဲ့ ဆံသ,ဆိုင်လေးက သူတို့မြို့ရဲ့ ဈေးနဲ့လည်း အလှမ်းမဝေးသလို ဘူတာနဲ့လည်းနီးတဲ့အပြင် စစ်တပ်ဝင်းတစ်ခုနဲ့ ကပ်လျက်ရှိနေတာကြောင့် လာရောက်တဲ့သူ စုံလင်, များပြားလှပါတယ်။ အဲဒီထဲမှာ တပ်ထဲက ဗိုလ်ကြီး၊ ဗိုလ်မှူးနဲ့ တပ်သားတွေလည်း ပါဝင်ပါတယ်။ မိဘတွေက အသားညိုညိုပေမဲ့ ‘ဂျန်အယ်လ်ဖာ’လေးက ဖြူဝင်း, ပိန်သွယ်ပြီး သွက်လက်တာကြောင့်လည်း ဗိုလ်မှူးတစ်ဦးဆိုရင် ‘ဂျင်အယ်ဖာ’ လေးနဲ့ ရင်းရင်းနှီးနှီး ‘အဖွဲ့ကျ’ နေခဲ့တာ ဖေဖော်ဝါရီလ မတိုင်ခင် ၁ နှစ်၊ ၂ နှစ် ကတည်းက ပေါ့။
ဒါပေမဲ့... အဲဒီနေ့ကတော့ ဆံပင်ညှပ်ဖို့ လာတဲ့ အဲဒီဗိုလ်မှူးဟာ ဆံပင်မညှပ်တော့ဘဲ ချက်ချင်းပြန်လှည့်ထွက် သွားတယ် တဲ့။
(က)
‘သည်း’ လည်း ‘မသည်း’ သလို ‘စဲ’ လည်း ‘မစဲနိုင်’ ဖြစ်နေတဲ့ ဇွန်မိုးစက်တွေအောက်မှာ သူတို့မြို့ကလေးဟာ ချမ်းအေးစိမ့်မြ လို့ နေပါတယ်။ နေ့စဉ် မဖြစ်မနေ လုပ်ကိုင်ရမယ့် နိစ္စဓူဝ အလုပ်တွေမှ အပ လူအများစုဟာ ကိုယ့်အိမ်ထဲမှာပဲ နေနေကြ ချိန်မှာ ‘ဂျန်အယ်လ်ဖာ’ လေးရဲ့ ဗိုလ်မှူးက ခဏ အနားရချိန်, အခွင့်သာတုန်းလေးမှာ ဆံသ, ဆိုင်ကို ရောက်လာတယ်။ စစ် စည်းကမ်းအရ အတော်အတန် ရှည်နေဖို့ မသင့်တဲ့ သူ့ရဲ့ ဆံပင်တွေ ညှပ်ဖို့ပေါ့။
ဗိုလ်မှူးရောက်တဲ့ အချိန်မှာ ‘ဂျန်အယ်လ်ဖာ’ လေးက ဆိုင်ရဲ့အဝင်ဘေး ထောင့်ကလေးမှာ ထိုင်ပြီး မီးရထား တွဲ အရုပ် ကလေးတွေနဲ့ ဆော့နေချိန် ဖြစ်ပြီး ဖခင်ဖြစ်သူ ဆံသ, ဆရာက လာနေကျဖောက်သည် ပန်းချီဆရာကို ဆံပင်ညှပ်ပေးနေတဲ့ အခိုက်ပေါ့။
ဗိုလ်မှူးဟာ သူ့ရဲ့ ဆိုင်ကယ်ကို ဆိုင်ရှေ့မှာပဲ ရပ်လိုက်ပြီး ဆိုင်ထဲကို ကြည့်တယ်...၊ လူ ဘယ်နှဦး စောင့်ရဦးမလဲ ပေါ့။ ‘ဂျန်အယ်လ်ဖာ’ လေးရဲ့ ဖခင် ဆံသ, ဆရာကလည်း ဗိုလ်မှူးကို လှမ်းကြည့်ပြီး “လာပါ... ဗိုလ်မှူး...၊ အခုပဲ ပြီးတော့မှာပါ ခင်ဗျ” လို့ လှမ်းပြောတယ်။
ဗိုလ်မှူးက ဆံသ,ဆိုင်ထဲ ဝင်လာပြီး ‘ဂျန်အယ်လ်ဖာ’ လေးကို “သမီးရေ... လာပါဦး၊ ဘဘမှူးဆီ” လို့ ပြောရင်း ဝင်လာတယ်။ ‘ဂျန်အယ်လ်ဖာ’ လေးက ခါတိုင်းလို မဟုတ်ဘဲ ယူနီဖောင်းအပြည့်နဲ့ ဝင်လာတဲ့ ဗိုလ်မှူးကို လှမ်းကြည့်တယ်။ ပြီးတော့ အရင်က,လို မဟုတ်ဘဲ ‘ခပ်စိမ်းစိမ်း’ ဖြစ်နေပြန်တယ်။
ဒါနဲ့ ဗိုလ်မှူးက “သမီးလေးရေ... ဟောဒီမှာ သမီးအတွက် ချောကလက်ဗျ” ဆိုပြီး ပေးတယ်။ သမီးလေးက ဘာမှ ပြန် မပြောဘဲ ဗိုလ်မှူးကိုပဲ ကြည့်နေတယ်။ သမီးလေးရဲ့ အေးစက်စက် အမူအယာကြောင့် ဗိုလ်မှူးက အရင်လို ပွေ့ချီနေကျ အတိုင်း သမီးငယ်ကို ပွေ့ချီတယ်။
အဲဒီ အချိန်မှာပဲ သမီးငယ်က ဗိုလ်မှူးရဲ့ ခါးမှာ ချိတ်ဆွဲထားတဲ့ ပစ္စတိုကို စမ်းမိပြီး “ဒါက ဘာကြီးလဲ ဘဘမှူး” လို့ မေးတယ်။ ဗိုလ်မှူးကလည်း “အဲဒါ သေနတ် သမီးရဲ့၊ သမီး ကိုင်ချင်သလား” လို့ မေးတော့... “ဟုတ်” တဲ့။
ဒါနဲ့ ဗိုလ်မှူးက သမီးငယ်ကို အနီးနားက ကုလားထိုင်ပေါ် တင်ပေးပြီး သူ့ရဲ့ ပစ္စတို သေနတ်ကို ထုတ်တယ်။ ပြီးတော့ သေနတ်ကို သမီးငယ်လေးဆီ လှမ်းပေးတယ်။ သေနတ်ကိုတော့ ဆေ့ဖ် (Safe) လုပ်ထားပြီးသားပေါ့။
“အိုး... ဘဘမှူး, သေနတ်က အလေးကြီးရယ်”
“ဟုတ်တာပေါ့... သမီးရယ်၊ သေနတ်ဆိုတာ လေးတာပေါ့” လို့ ပြုံးပြီး ပြောတယ်။ သေနတ်ကိုင်ပြီး ဟိုချိန် ဒီချိန် လုပ်နေတဲ့ သမီးလေးကို ဗိုလ်မှူးက အခုလို မေးတယ်။
“သေနတ်ကိုင်ပြီး ဘယ်သူ့ကို ပစ်မလို့လဲ သမီးရဲ့” လို့ မေးတော့ သမီးလေးက “မင်းယောင်လိုင်” လို့ ချက်ချင်း ပြန်ဖြေတယ်။
အဲဒီအချိန်မှာ ဆံသ,ဆရာက ပန်းချီဆရာကို ဆံသ, ပြီးသွားလို့ လွတ်သွားတဲ့ ဆံသ,ထိုင်ခုံကို ဆံပင်တွေခါပြီး ဗိုလ်မှူးလာထိုင်ဖို့ စောင့်နေတဲ့အခိုက်မှာ ဆံပင်ညှပ်ဖို့လာတဲ့သမီးလေးရဲ့ ဘဘဗိုလ်မှူးဟာ ဆံပင်မညှပ်တော့ဘဲ ချက်ချင်းပြန်လှည့်ထွက် သွားပြီးသူ့ရဲ့ဆိုင်ကယ်ကို ဒေါသတကြီးနဲ့ မောင်းထွက်သွားတော့တယ်။ ။
ဒိုရီဂို
ဇွန် ၁၇၊ ၂၀၂၁
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar