Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၁၇ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၁၇ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၁၇၊ ၂၀၂၁

ဒီနေ့ ဖတ်ရ ကြည့်ရတဲ့ သတင်းတွေထဲမှာတော့ အာဆီယံ အဖွဲ့ဝင်အဖြစ်ကနေ မြန်မာနိုင်ငံကို ခေတ္တဆိုင်းငံ့ထားမလားဆိုတဲ့ အဆိုပြုမှုတွေ အာဆီယံထဲ ရှိလာတဲ့သတင်း၊ ပေါက်မြို့နယ်က ကင်းမရွာမီးလောင်ရာမှာ အသက်ရွယ်အိုမင်းသူ မကျန်းမာလို့ မပြေးနိုင်သူ ကျေးရွာသား အနည်းဆုံး ၂ ဦးမီးလောင်တဲ့အထဲပါသွားတဲ့ အကြောင်း သတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖေါ်ပြနေကြတဲ့ သတင်း၊ စစ်ကောင်စီကို ကုလသမဂ္ဂရဲ့ အချို့သော အစည်းအဝေးတွေမှာ (WHO, ILO, FAO) ကိုယ်စားလှယ် အဖြစ်တက်ခွင့်ဆိုင်းငံ့ထားလိုက်တာ၊ ကိုဗစ်ပေါ့ဇတစ် လူနာ တွေ့တဲ့ အရေအတွက် တနေ့ထက်တနေ့ တက်လာနေတာ ၊ တိုက်ခိုက်မှု ခေတ္တရပ်စဲထားတဲ့ ဒီးမော့ဆို မြို့ခံတွေ နေရပ်ပြန်ပြီး ကိုယ့်အိမ်တွေ ကိုယ်လာပြန်ကြည့်ကြတဲ့ အခါ မီးလောင်လို့ ပြာပုံဖြစ်နေတဲ့ အိမ်၊ ဖောက်ထွင်းခံရလို့ အဖိုးတန်ပစ္စည်းဘာမှ မကျန်တော့တဲ့ အိမ်၊ ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း အသက်ဆုံးရှုံးခဲ့ပြီး ဘယ်သူမှ သဂြိုဟ်ပေးမဲ့သူ မရှိပဲ ခုမြို့ခံတွေ ပြန်လာတဲ့အခါမှာမှ စုပေါင်းပြီး သဂြိုဟ်ခဲ့တဲ့ သတင်းတွေ ဖြစ်ပါတယ်။

အာဆီယံနဲ့ပတ်သက်လို့ လတ်တလော ကြားသိနေရတဲ့ သတင်းတွေကို ထောက်ရင် မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ထဲမှာ သိက္ခာကျစရာ တခုဖြစ်လာနေပြီဆိုတဲ့လက္ခဏာတွေ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှစပြီး အာဆီယံအဖွဲ့ဝင်ဖြစ်လာတဲ့ မြန်မာနိုင်ငံဟာ စစ်အစိုးရလက်ထက်မှာကတည်းက အချို့သော အာဆီယံနဲ့ အင်အားကြီးနိုင်ငံအစည်းအဝေးတွေမှာ မြန်မာနိုင်ငံက စစ်အစိုးရကိုယ်စားလှယ်တွေ အစည်းအဝေးတက်မယ်ဆိုရင် အစည်းအဝေးဖြစ်မြောက်မှု ထိခိုက်နိုင်လို့ ရွေ့ဆိုင်းခဲ့တာမျိုး ပယ်ဖျက်ခဲ့ရတာမျုိးတွေ ရှိခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်တွေရဲ့ နောက်ပိုင်း ယခု အဖြစ်အပျက်ဟာ တကျော့ပြန် မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုကို မေးခွန်းထုတ်ခံရတာ ဖြစ်ပါတယ်။

ဘာကြောင့် အခုလို ဖိအားတွေ ပေါ်ထွက်လာသလဲဆိုရင် စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေကို နိုင်ငံရေး သဘောထားကွဲလွဲသူတွေကို ဖမ်းဆီး နှိပ်စက် ထောင်ချ၊ ပစ်သတ် အင်အားအလွန်အကျွံသုံး ဖြိုခွဲတာ ဖိနှိပ်တာတွေနဲ့ ပတ်သက်လို့ အာဆီယံက ဧပြီ ၂၄ ရက်နေ့ မြန်မာနိုင်ငံအရေး အထူးအစည်းအဝေးမှာ မူငါးချက်ကို ဆွေးနွေးပြီး မြန်မာစစ်ကောင်စီက သဘောတူခေါင်းညိတ်ခဲ့ပေမယ့်လို့ လနဲ့ကြာသည်အထိ အဲဒီသဘောတူညီချက်တွေကို အကောင်အထည်မဖေါ်တာကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က အခုလိုဖိအားပေးနေတာလည်း ဖြစ်ပါတယ်။

အာဆီယံအကြောင်းနဲ့ ပတ်သက်တဲ့ သတင်းနောက်မှာ ပေါက်မြို့နယ် ကင်းမရွာ မီးရှို့မှုနဲ့ပတ်သက်တဲ့ သတင်းတွေ သတင်းမီဒီယာတိုင်းမှာလို ဖေါ်ပြနေကြပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ အနောက်နိုင်ငံသံရုံးတရုံးဖြစ်တဲ့ ယူကေသံရုံးက ထုတ်ပြန်ချက် ထုတ်ခဲ့ပါတယ်။ ဒီလို အရပ်သားတွေ အသက်အရွယ်အိုမင်းသူတွေ ပဋိပက္ခမှာ မတိမ်းရှောင်နိုင်သူတွေကိုပါ အသက်သေဆုံးအောင် ရွာကိုမီးရှို့တဲ့ အဖြစ်အပျက်တွေဟာ အစိုးရလို့ သူတို့ကိုယ်သူတို့ သတ်မှတ်ထားတဲ့အဖွဲ့အစည်းက လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒါတွေက စစ်ရာဇဝတ်မှုမြောက်တဲ့ အမှုကိစ္စတွေ ဖြစ်ပါတယ်။ ရခိုင်မှာ ပဋိပက္ခဖြစ်စဥ် နေအိမ်တွေရွာတွေကို မီးရှို့မှုတွေ ၂၀၁၂ ခုနှစ်မှာလည်း ဖြစ်ပျက်ခဲ့သလို ၂၀၁၇ ရိုဟင်ဂျာ တိုက်ခိုက်မှုကို နှိမ်နှင်းတဲ့အခါမှာလည်း ကျယ်ကျယ် ပြန့်ပြန့်ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုကိစ္စရပ်တွေ နဲ့ပတ်သက်လို့ အိုင်စီဂျေ ခုံရုံးမှာ မျိုးတုန်းသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို ကျူးလွန်တဲ့ စစ်တပ်ကို တိုင်တန်း တရားစွဲဆိုခံရလို့ ခုချိန်ထိ အမှုက မပြီးပြတ်သေးပါဘူး။ အဲဒီလိုအခြေအနေမှာ ခုလို စစ်ရာဇဝတ်မှုတွေ ထပ်ကျူးလွန်နေတာလည်း တွေ့ရပါတယ်။ စစ်တပ်၊ လုံထိန်းတပ်ဖွဲ့တွေဟာ ရခိုင်အရေးအခင်းက အတွေ့အကြုံတွေ တိုင်းရင်းသားဒေသတွေမှာ ကျင့်သုံးခဲ့တဲ့ မြေလှန်စနစ် ၊ ဖြတ်လေးဖြတ် အတွေ့အကြုံတွေရှိပြီးသားမို့ ဒါမျိုး လုပ်ရပ်တွေကို ဆက်ကျူးလွန်ဖို့ ဝန်မလေးကြပါဘူး။

အခုလို စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေချိန်မှာ ကေအန်ယူလက်အောက်က လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ကေအန်ဒီအိုက ဇွန်လဆန်းမှာ ဆောက်လုပ်ရေးလုပ်သား ၂၅ ဦးကို သူလျှိုလို့စွပ်စွဲ သတ်ဖြတ်ခဲ့တဲ့ ကိစ္စကလည်း သတင်းတွေပေါ် ရောက်လာခဲ့ပြီးနောက် ကေအန်ယူက ဂျီနီဗာကွန်ဗန်းရှင်းပါ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာတဲ့အဖွဲ့အစည်းဖြစ်ပြီး အထက်က ကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။

မီးလောင်ထားတဲ့ အိမ်တွေ ဖောက်ထွင်းယူဆောင်ခံထားရတဲ့ အိမ်တွေ၊ လက်နက်ကြီးထိပြီး ဖျက်ဆီးခံထားရတဲ့ အိမ်တွေ၊ အိမ်တွေရှေ့မှာ လမ်းပေါ်မှာ ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ သေဆုံးနေတဲ့ အလောင်းတွေ နဲ့ တကြိမ်တခါမျှ ခုလို အဖြစ်မျိုးကြုံရလိမ့်မယ်လို့ မျှော်လင့်မထားတဲ့ မြင်ကွင်းတွေ နဲ့ ဝမ်းနည်းကြေကွဲဖွယ် အဖြစ်အပျက်တွေ ကြုံတွေ့ရတဲ့ ဒီးမောဆို မြို့အကြောင်း သတင်းဓါတ်ပုံတွေ ရေးသားဖေါ်ပြမှုတွေက ပြည်တွင်းစစ်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနေပြီဆိုတာကို သက်သေခံနေတဲ့ သာဓက လည်းဖြစ်ပါတယ်။ ခုလိုအဖြစ်အပျက်မျိုးနဲ့ နှိုင်းယှဥ်စရာ အခြေအနေက ၁၉၄၉/ ၅၀ ခုနှစ် ပြည်တွင်းစစ်အပြင်းထန်ဆုံးအချိန်လို ဒုတိယကမ္ဘာစစ်ဖြစ်လို့ တနိင်ငံလုံးနီးပါး စစ်မြေပြင်ဖြစ်ရတဲ့ ကာလလိုမျိုးနဲ့ နှိုင်းယှဥ်စရာပဲ ရှိမယ်လို့ ထင်ပါတယ်။

ဒီအဖြစ်အပျက်မျိုး ဒီလို အသက်ဆုံးရှုံးမှု ပိုင်ဆိုင်မှု ဥစ္စာပစ္စည်းဆုံးရှုံးမှုတွေက လူတယောက်ရဲ့ တသက်မှာ တခါကြုံဖူးရင်တောင် များလွန်းလှချည်ရဲ့ လို့ဆိုရမယ့် အဖြစ်အပျက်မျိုးဖြစ်ပါတယ်။

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) တွင် အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုကို အလိုမရှိကြောင်း ဒေသခံများမှ ဆန္ဒဖော်ထုတ်။
Photo - ဒူးပလာယာခရိုင်

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar