Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၁၈ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၁၈ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၁၈၊ ၂၀၂၁

မြန်မာနိုင်ငံရဲ့ ကြေကွဲဖွယ်ရာ နေ့ရက်များ


မကြာမီက ကုန်ဆုံးခဲ့တဲ့ နေ့ရက်တွေ ဖြတ်သန်းနေဆဲ နေ့ရက်တွေနဲ့ ရှေ့မှာ ဖြတ်သန်းရမယ့်နေ့ရက်တွေဟာ မြန်မာနိုင်ငံ ရဲ့ သာမန် မထူးခြားတဲ့ နေ့ရက်တွေမဟုတ်ပဲ သမိုင်းဝင်နေ့ရက်တွေ အဖြစ်အပျက်တွေအဖြစ် မြန်မာနိုင်ငံသမိုင်း မှာ မှတ်တမ်းတင်ရမယ့် နေ့ရက်တွေလို့ တွေးတောမိပါတယ်။

နေ့တိုင်းနေ့တိုင်းဟာ အသက်ဝင်ရှင်သန်နေဆဲ သမိုင်းနေ့ရက်တွေ ဖြစ်တယ်လို့လည်း ယူဆမိပါတယ်၊ ဘာကြောင့်လဲဆို သမိုင်းမှာ မှတ်တမ်းတင်ရမယ့် အဖြစ်အပျက်တွေ နေ့စဥ်လိုလို ဖြစ်ပျက်နေတာကြောင့်ပဲ ဖြစ်ပါတယ်၊ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက နိုင်ငံရေး ဖြစ်စဥ်တွေ၊ စီးပွားရေးဖြစ်စဥ်တွေ လူမှုရေး ဖြစ်စဥ်တွေဟာ နေ့စဥ်နဲ့အမျှ ပြောင်းလဲ နေသလို မှတ်တမ်းတင်ရမယ့်အဖြစ်အပျက်တွေလည်း အဲဒီနေ့ရက်တွေမှာ ဖြစ်ပျက်နေလို့ဖြစ်ပါတယ်။ သမိုင်းဝင် အဖြစ်အပျက်တွေ ဖြစ်ပျက်နေတဲ့ အခုကာလရဲ့ ဖြစ်စဥ်တွေက စိတ်အားတက်ကြွစရာတွေ ရှိသလိုပဲ ကြေကွဲစရာ ဖြစ်စဥ်တွေကလည်း အများအပြား ရှိနေတာပါ။

အရင်က ဖမ်းဆီးခံရတာမျိုးကို စိတ်မကောင်း ဝမ်းနည်းခြင်းဖြစ်ရပေမယ့် အခုအခါမှာ ဖမ်းဆီးခံရတာလောက်က ကြီးမားတဲ့ ဆုံးရှုံးမှု စိတ်မကောင်းစရာ အဖြစ်အပျက်မဟုတ်တော့ပဲ အသက်ဆုံးရှုံးတာ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးတာ၊ မိသားစုဝင်တွေ ဖမ်းဆီးခံရလို့ တိုက်ပွဲတွေမှာထိခိုက်လို့ သေဆုံးသွားသည့်တိုင် အလောင်းကို ပြန်ကြည့်ခွင့် သဂြိုဟ်ခွင့်မရတဲ့ အဖြစ်အပျက်တွေ မိုးတွေထဲ မုန်တိုင်းတွေထဲ လေတွေထန်နေတဲ့ ရာသီဥတုလိုမျိုးမှာ မိမိနေအိမ်မှာ မနေနိုင် တောထဲ တောင်ထဲ တိမ်းရှောင်နေကြရပြီး အသက်အန္တရာယ်လည်း စိုးရိမ်နေကြရတဲ့ အဖြစ်တွေက ကြေကွဲစရာ အကောင်းဆုံးလို့ထင်ပါတယ်။

မကြာသေးခင် ရက်ပိုင်းက ကယားပြည်နယ် ဒီးမော့ဆို ၊ မိုးဗြဲတို့ဘက်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကြည့်ရင် အသက်ဆုံးရှုံးသွားတဲ့ မိသားစုဝင်တွေ၊ ဆုံးရှုံးသွားတဲ့ နေအိမ်တွေ၊ လုယုခံရတဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေ တပြိုင်နက်ထဲ ကြုံတွေ့ရတဲ့ သူတွေအဖို့ဆို ဘယ်ကိစ္စအတွက် ဝမ်းနည်းရမှန်းတောင် သိမယ်မထင်ပါဘူး။

တိုက်ပွဲတွေ ဖြစ်လာချိန်မှာ ဘာမှ ပြင်ဆင်ချိန်မရလိုက်ပဲ မြို့တမြို့လုံး တိမ်းရှောင်သွားကြတဲ့နောက် မြို့မှာ ကျန်ခဲ့တဲ့ အိမ်တွေ မီးရှို့ခံရ၊ ပစ္စည်းတွေ ဖျက်ဆီး၊ လုယူခံရ၊ တိမ်းရှောင်တာ နောက်ကျသူတွေ ပစ်သတ်ခံရတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့ရတဲ့အခါ ပြည်တွင်းစစ်မီးက ရန်ကုန်လိုမြို့ကိုလည်း ရောက်နေပြီလို့ ဆိုရမယ့်သဘော ဖြစ်ပါလိမ့်မယ်။

ခုလို စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ လူအများစုဘဝတွေဟာ ဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။ တဦးချင်းဘဝတွေတင်မက အဖွဲ့အစည်းတွေအလိုက်လည်း ပြီးခဲ့တဲ့ ဆယ်စုနှစ် တခုကြာ တည်ဆောက်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေ၊ စံနှုန်းတွေ တန်ဖိုးတွေ၊ အရည်အသွေးမြှင့်တင်ရေးတွေ အားလုံး သဲထဲရေသွန်သဖွယ် ဖြစ်ကုန်ကြပါပြီ။

အဲဒီအနေအထားကြောင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြမယ်ဆိုပြီး နကိုက နိုင်ငံရေးနဲ့ ဘာမှ မပတ်သက်ခဲ့တဲ့သူတွေပါ နိုင်ငံရေးထဲ ခြေစုံပစ်ဝင်လာကြတာ၊ လက်နက်ကိုင် တော်လှန်မယ် ၊ တိုက်ခိုက်မယ်ဆိုတဲ့ လမ်းကို မမျှော်လင့်ပဲ ရွေးခြယ် လျှောက်လှမ်းကြတာတွေ ကို တွေ့မြင်နေရပါတယ်။ အသက်ဆုံးရှုံးမှုတွေ မခံမရပ်နိုင်မှုအတွက် မတရားမှုအတွက် အသက်ကို အသက်နဲ့ လဲမယ်ဆိုပြီးဆုံးဖြတ်ကာ လုပ်ကြံ တိုက်ခိုက်မှုတွေ၊ လက်စားခြေမှုတွေ နေ့စဥ်လို ဖြစ်ပွားနေတာတွေ့ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတွေ ဖြစ်တဲ့ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ မြို့လုံးကျွတ်၊ ကျေးရွာလုံးကျွတ် တိမ်းရှောင်ရတာတွေ နဲ့အတူ အသက်ဆုံးရှုံးမှုတွေ၊ စည်းစိမ်ဥစ္စာ ဆုံးရှုံးမှုတွေ နေ့စဥ်နဲ့ အမျှကြားနေသိနေရပါတယ်။

မနက် မိုးလင်းလို့ သတင်းတွေ သတိပြုလိုက်တာနဲ့ ဘယ် နေရာမှာ သတ်ခံရ၊ ဘယ်သူကတော့ဖြင့် စစ်ဆေးရေးမှာ အသက်သေဆုံးသွားယ်ဆိုတဲ့ သတင်းတွေကို နေ့စဥ် တွေ့နေကျတွေသဖွယ် ဖတ်ရှုအသိအမှတ်ပြုနေကြရတာလို့ လည်းသိရှိရပါတယ်။ ဒီနေ့ တရက်ထဲတွင် တာမွေမြို့နယ် မှာ ဗုံး ၂ လုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်နဲ့ ရဲအချို့ သေဆုံး အချို့လည်း ဒဏ်ရာအပြင်းအထန် ရကြတယ်ဆိုတာမျိုး၊ နယ်မြို့ဖြစ်တဲ့ မြင်းခြံမှာ ယာဥ်ထိန်းရဲတဦးကို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်လိုက်တဲ့သတင်း၊ စစ်ကောင်စီ က ဖမ်းဆီးခံထားရသူ ၂ ဦး စစ်ကောင်စီ လက်ချက်နဲ့ ဆုံးရှုံးသွားတဲ့ သတင်းတွေက နေ့တဓူဝ ဖြစ်စဥ်သဖွယ် ဖြစ်ပျက်လာနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အခုလို နိုင်ငံရေး အပြောင်းအလဲက ဘယ်အခြေအနေဆီ ဦးတည်သွားနိုင်တယ်ဆိုတာ ခုနေအခါ ပြောဖို့စောနေသေးတယ်လို့လည်း ထင်ပါတယ်။ ပိုပြီးဆိုးရွားသွားနိုင်တဲ့အခြေအနေတခုအဖြစ် မျော်တွေးကြည့်ရမယ်ဆိုရင် - မြန်မာနိုင်ငံဟာ ပြည်နယ်အဆင့်ခွဲခြား သတ်မှတ်ခံထားတဲ့ တိုင်းရင်းသားလူမျိုးစုတွေက သူတို့ဖာသာ အသီးသီး လမ်းခွဲထွက်သွားကြတဲ့ အခြေအနေမျိုးရောက်သွားနိုင်ပြီး မြန်မာနိုင်ငံဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်းနှစ်များက အရှေ့ဥရောပ နိုင်ငံတွေထဲက ယူဂိုဆလပ် နိုင်ငံလို ဖြစ်သွားမလားလို့လည်း တွေးမိပါတယ်။

တကယ်တော့ ပြည်ထောင်စု ဆိုတဲ့သဘောတရားကို လက်တွေ့ မကျင့်သုံးခဲ့ကြပဲ အတင်းအကြပ် ပြည်ထောင်စုထဲပါဝင်နေအောင် စစ်တိုက်ပြီး ဖိနှိပ် ချုပ်ကိုင်ထားပြီး ပြည်မကလက်နက်ကိုင်တပ်တွေ အများအပြားကို တိုင်းရင်းသားဒေသတွေဆီ စေလွှတ် တိုက်ပွဲတွေဖြစ်၊ အသက်ဆုံးရှုံးမှုတွေ နဲ့ ဒင်းကြမ်းပြည့်နေတဲ့ မြန်မာနိုင်ငံခေတ်သစ်သမိုင်းကို ခုနေအခါမှာ ပြည်ထောင်စု မပြိုကွဲရေးဆိုတဲ့ တဖက်သပ်ဆင်ခြေထုတ်မှု ကျုံးသွင်းထားမှုတွေနဲ့ မှန်မှန်မှားမှား စစ်တိုက်မနေသင့်တော့ပါ။ မိမိဖာသာကိုယ်ပိုင်ပြဌါန်းခွင့် အုပ်ချုပ်ခွင့်ပေးလိုက်တာကတောင် ရေရှည်အတွက် ကောင်းများနေမလားလို့ တခါတခါ တွေးမိတဲ့အထိ ပြည်ထောင်စု မပြိုကွဲရေးကို အကြောင်းပြပြီး ဆယ်စုနှစ် ၇ ခုကျော် ပြည်တွင်းစစ်ကို အဆုံးသတ် လိုက်စေချင်ပါတော့တယ်။

တခုတည်းသောပြည်ထောင်စုစိတ်ဓာတ်ဆိုတာကို ပြည်မကကကော တောင်တန်းတွေကပါ မေးခွန်းထုတ်နေကြတာကိုလည်း အခု မြင်တွေ့နေကြရပါပြီ။

ရခိုင်ပြည်နယ်နဲ့ ၀ပြည်နယ်တို့၏ ရပ်တည်ချက်အနေအထားကို ခုလို နွေဦးတော်လှန်ရေးကာလမှာ သုံးသပ်ဆင်ခြင်ကြည့်မယ်ဆိုရင် သီးခြားရပ်တည်ခွင့် ကိုယ့်ဖာသာကိုယ်ဆုံးဖြတ်ပိုင်ခွင့်ဆိုတဲ့အပေါ် ရပ်နေကြတယ်လို့ တွေးနိုင်ပါတယ်။ ချင်းပြည်နယ်မှာ ပြောက်ကျားစစ်တွေ ဆင်နွှဲနေကြတဲ့အထဲမှာ တောင်ပိုင်းနဲ့ မြောက်ပိုင်း ကွဲပြားတဲ့ ရပ်တည်ချက်၊ သဘောထားတွေကိုလည်း တိုက်ပွဲကာလထဲမှာ ပေါ်ထွန်းလာနေပါတယ်။ CNF, CDF, Zomi စတဲ့ အစုအဖွဲ့နာမည်တွေကို လူတွေက သုံးစွဲသိမှတ်လာကြပါပြီ။ ကချင်ပြည်နယ်က KIO KIA ရပ်တည်ချက် လှုပ်ရှားမှုတွေဟာ ပြည်မက တိုက်ပွဲတွေ လမ်းစဉ်တွေ အစုအဖွဲ့တွေနဲ့ မဟာမိတ်ဆန်ဆန် လက်တွဲနေကြတာဖြစ်ပြီး အကုန်လုံး အတူတူဆိုတဲ့သဘောမျိုး မဟုတ်တာကိုလည်း ရိပ်မိနိုင်ကြပါတယ်။ ရှမ်းပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေ အသီးသိးကိုယ်တိုင်ကလည်း သူတို့အချင်းချင်း ပြေလည်မှုရပြီးမှသာ နွေဦးတော်လှန်ရေးလမ်းစဉ်ကို ပြန်လှည့်ကြမယ့်ပုံသဏ္ဍာန် ဖြစ်နေတယ် မဟုတ်ဘူးလား။ ကယားပြည်နယ် ကရင်ပြည်နယ်တွေက ပြည်သူ့စစ်တွေ တပ်မဟာတွေ လက်နက်ကိုင်အဖွဲ့တွေကိုယ်တိုင်ကလည်း မိမိတို့မူလရပ်တည်ချက် ဦးတည်ချက်တွေကို စွဲကိုင်ထားပြီး ပြည်နယ်သူပြည်နယ်သားတွေ ထိခိုက်နစ်နာမှု အနည်းဆုံး ဖြစ်ရေး၊ ကာကွယ်စောင့်ရှောက်နိုင်ရေးနဲ့ ကျုးကျော်စစ် (မြန်မာစစ်တပ်၏ ထိုးစစ်)ကို တွန်းလှန်နိုင်ရေးကို အာရုံပြုထားကြတယ်လို့ ဆိုချင်ပါတယ်။ သည်လိုဆိုရင် ရန်ကုန်တို့ ဧရာ၀တီတို့ ပဲခူးတို့ ကိုယ်တိုင်ကလည်း စစ်အာဏာရှင်စစ်ကောင်စီ ခြေကုပ်တွေ မောင်းထုတ်အမြစ်ဖြတ်ရေးဆိုတဲ့ ဒေသတွင်းဆိုင်ရာ စစ်နည်းဗျူဟာကို ကိုင်စွဲပြီး ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်ကြရလိမ့်မယ် ထင်ပါတယ်။

ဒါတွေကတော့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလမ်းစဉ်ကို ထူထောင်တိုက်ပွဲဝင်ဖို့ ဦးဆောင်သူများဘက်က နှောင့်နှေးကြန့်ကြာနေခဲ့ရင် လူထုတွေဖက်က သူတို့ပြည်နယ် သူတို့ဒေသ စစ်ကောင်စီလက်အောက်က အရင်လွတ်မြောက်ရေး သို့မဟုတ် ကိုယ့်ဖာသာကိုယ် စေ့စပ်ဆွေးနွေးရေးတွေ စဉ်းစားလာကြမလားမသိလို့ တွေးမိတာကို တင်ပြလိုက်ရပါတယ်။

(photo - တာမွေ ၁၄၆ လမ်းထိပ် စစ်ကားဗုံးကွဲမှု ၁ ယောက်သေ၊ ၄ ယောက် ဒဏ်ရာရဟု စစ်ကောင်စီထုတ်ပြန်။ ရန်ကုန်၊ ဇွန် ၁၈။ Rise News)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar