Breaking News

အန်ကယ်တူမီး - ပြည်သူ့ပြောက်ကျား



အန်ကယ်တူမီး - ပြည်သူ့ပြောက်ကျား

(မိုးမခ) ဇွန် ၆၊ ၂၀၂၁
ပြောက်ကျားတွေဟာ မတရားဖိနှိပ်ခံရမှုနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဥပဒေတွေနဲ့ မကာကွယ်နိုင်တော့တဲ့အခါ၊ ဒါမှမဟုတ် အနုနည်းပေါင်းစုံနဲ့ မကာကွယ်နိုင်တော့ တဲ့အခါ ရရာလက်နက်နဲ့ ခုခံကာကွယ်ဖို့ ပေါ်ပေါက်လာလေ့ ရှိပါတယ်။ သူတို့မှာ နိုင်ငံရေးရည်ရွယ်ချက် ကောင်းတွေ ရှိပါတယ်။

ဒါပေမယ့် အချို့ ပြောက်ကျားတွေဟာ တဖြည်းဖြည်း အားကောင်းလာတဲ့အခါ သူတို့ကိုယ်တိုင်က ပြည်သူတွေကို လက်နက်နဲ့ မတရား အနိုင်ယူလိုစိတ်ဖြစ်ပေါ်လာတတ်ပါတယ်။ ပထမ မိမိရည်ရွယ်ထားတဲ့ ကောင်မွန်တဲ့နိုင်ငံရေးရည်ရွယ်ချက်တွေ ပျောက်ကွယ်သွားလေ့ရှိပါတယ်။

ဒါကြောင့် သမိုင်းတလျှောက်မှာ ပြောက်ကျားတွေဟာ ပြည်သူ့ သူရဲကောင်းတွေဖြစ်ခဲ့သလို လူဆိုးလူကြမ်းကြီးတွေအဖြစ်လည်း မြင်တွေ့ရလေ့ရှိတာပါတယ်။

လက်နက်ကိုင်ပြောက်ကျားတွေဟာ လူ့အခွင့်အရေးကို ဂရုမစိုက်တော့ဘူးဆိုရင်၊ လက်နက်ကိုင်တစ်ယောက်ရဲ့ ကျင့်ဝတ်တွေကို မလိုက်နာတော့ဘူးဆိုရင်၊ နိုင်ငံရေးရည်မှန်းချက်တွေ ပျောက်ကုန်ရင်၊ လူထုကို စည်းရုံးရင်းတိုက် (အကျိုးပြုရင်းတိုက်) လမ်းစဉ်ကနေ စစ်အနိုင်တိုက်ရေးကိုပဲ ဦးစားပေးမိပြီဆိုရင် အန္တရာရှိလာပါပြီ။ လက်နက်ကိုင်ပြောက်ကျားဟာ လက်နက်ကိုင် အာဏာရှင်အသစ်တစ် ယောက်ဖြစ်သွား တတ်ပါတယ်။ ဒီလိုဖြစ်ခဲတဲ့ သမိုင်းသင်္ခဏ်စာတွေလည်း အများကြီးရှိခဲ့ပါတယ်။

ဒါကြောင့်ပြည်သူ့ပြောက်ကျား ကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားတဲ့ သူတွေဟာ မူလရည်ရွယ်ချက်ကနေ မသွေဖယ်မိအောာင် မိမိကိုယ်မိမိ အမြဲ သုံးသပ်နေရပါတယ်။ မိမိရဲဘော်တွေကိုလည်း အမြဲစောင့်ကြည့် ထိမ်းကူစောင့်ရှောက်ပေးရပါတယ်။

ပြည်သူ့ ပြောက်ကျားစစ်သည်တွေဟာ ရန်သူကိုလှည်စားပြီး အလစ်အငိုက်တိုက်ဖို့လိုသလို၊ မိမိကိုယ်ကိုမိမိ မလှည့်စားမိဖို့ နဲ့ အလစ်အငိုက် ဝင်လာတတ်တဲ့ မိမိအတ္တကို ရှောင်တိမ်းနိုင်ဖို့လိုမယ်လို့ထင်ပါတယ်။ ဒါဟာ လက်တွေ့မှာ အလွန်ခက်ခဲပါတယ်။ ရန်သူကို အနိုင်တိုက်ရတာထက် ပိုခက်ပါတယ်။

မွန်မြတ်တဲ့ အောင်ပွဲဆီကိုသွားတဲ့ လမ်းဟာ ခက်ခဲပါတယ်။ ကြမ်းတမ်းပါတယ်။ တခြားလမ်းရွေးစရာမရှိတော့ ဒီလမ်းကိုပဲ ဖြတ်ကျော်ရင်း ပြောက်ကျားတွေဟာ ပြည်သူကို အကျိုးပြုတဲ့ ပြည်သူ့ သူရဲကောင်းတွေ ဖြစ်လာမှာပါ။

သံမဏိဖြစ်ဖို့ မီးသင်းခံရဲ ရမှာပါ။

၆/၆/၂၀၂၁
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar