Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၅ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၅ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၅၊ ၂၀၂၁

ဒီနေ့ အတွက် စိတ်မကောင်းစရာသတင်းတပုဒ်ကတော့ ဧရာဝတီတိုင်း ကျုံပေျာ်မြို့နယ်ထဲက လှေဆွဲရွာ မှာ စစ်ကောင်စီက ပစ်ခတ်မှုကြောင့် ကျေးရွာသား အနည်းဆုံး ၄ ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။

အဖြစ်အပျက်က ငှက်ပျောလှေဆွဲတယ်ဆိုတဲ့ ကျေးရွာသားတဦးကို လက်နက်တွေ သယ်ယူတယ်လို့ သတင်းပေးချက်နဲ့ လာဖမ်းဆီးတာကို ရွာသားတွေက ပြန်ပြီး လွှတ်ပေးဖို့ တောင်းဆိုရာက ရွာခံတွေက လက်လုပ်သေနတ်လိုမျိုးနဲ့ ခုခံတာကို စစ်ကောင်စီဘက်က အင်အားအလွန်အကျွံသုံး ပစ်ခတ်ခဲ့ရာက သေဆုံးခဲ့ရတာလို့ သတင်းဖေါ်ပြမှုတွေ အရသိရပါတယ်။

အချို့သော သတင်းတွေက ရွာသား ၁၂ ဦးသေဆုံးတယ်ဆိုတာမျိုး ရေးသားကြသလို အချို့သတင်းတွေမှာ ၂၀ ဦးထိ သေဆုံးတယ်လို့လည်းရေးသားကြတာတွေ့ရပေမယ့် သီးခြား အတည်ပြု ချက်မရနိုင်သေးတာလည်း တွေ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ ဧရာဝတီတိုင်း အနေနဲ့ ပထမဆုံး ရရာလက်နက်နဲ့ ခုခံတိုက်ခိုက်တဲ့ ဖြစ်စဥ်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့မှာ ရရာလက်နက်နဲ့ ခုခံတိုက်ခိုက်မှုတွေ စစ်ကောင်စီရဲ့ ပြင်းထန်တဲ့ ချေမှုန်းမှုတွေ ပြီးခဲ့တဲ့ လပိုင်းတွေမှာ ဖြစ်ပျက်ခဲ့ပြီး နောက် ဧရာဝတီတိုင်းအနေနဲ့ ပထမဆုံး ဖြစ်ပွားတာ ဖြစ်ပါတယ်။

ရပ်ရွာ လူထုက သူတုိ့တွေရဲ့ ခံစားချက်၊ သူတို့တွေရဲ့ စုစည်းမှုနဲ့ ရရာလက်နက်ကို စုဆောင်းပြီး တိုက်ခိုက်ကြတာ စစ်ကောင်စီရဲ့ ဖိနှိပ်မှု ရက်စက်မှု၊ အမေးအမြန်းမရှိ ဖမ်းဆီး သတ်ဖြတ်၊ နှိပ်စက်မှုတွေကြောင့်ဆိုတာ မေးခွန်းထုတ်စရာ မရှိေအာင် ရှင်းပါတယ်။ သို့သော် တဖက်မှာလည်း လက်နက်ကိုင် ခုခံကြမယ်ဆိုရင် တိုက်ပွဲကို ခေါ်သံညှိကြဖို့ စောင့်ကြဖို့ ပြင်ဆင်ကြဖို့ နဲ့ အရပ်သား တွေ၊ အထိအခိုက်နည်းအောင် နည်းလမ်းတွေ တိုင်ပင် ရှာဖွေညိှနှိုင်းပြီး စတင်ကြတာမျိုးက ပိုပြီး လက်တွေ့ အောင်ပွဲကို ဆောင်ယူလာပေးနိုင်မယ်လို့ တိုက်တွန်းချင်ပါတယ်။

ဒီလှုပ်ရှားမှုကြီးထဲမှာ တိုင်းရင်းသားတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ဆက်စပ်ပါဝင်နေကြတာလည်း ဖြစ်လို့ တိုက်ပွဲ အတွေ့အကြုံရှိတဲ့ အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် တိုက်ပွဲ မဟာဗျူဟာ ချမှတ်တတ်တဲ့ အတွေ့အကြုံရှိတဲ့အဖွဲ့အစည်းတွေနဲ့ တိုင်ပင် ညှိနှိုင်းပြီး လူထုကို တိုက်ပွဲဘယ် အချိန်စမယ် ဘယ်လို ပြင်ဆင်ထားကြမယ် ပွဲမဝင်ခင် အင်အားမဆုံးရှုံးရအောင် မဟာဗျူဟာ အရသော်လည်းကောင်း နည်းပရိယာယ် အရသော်လည်းေကာင်း ချမှတ်ပြီး လုပ်ကိုင်ကြဖို့လည်း လိုလားပါတယ်။

နို့မဟုတ်ခဲ့ရင် စိတ်အားထက်သန်မှုတွေ ၊ ပေးဆပ်မှု စွန့်လွှတ်မှုတွေ ကြီးမားပြီး ပြန်ရတဲ့ အကျိုးရလဒ်က နည်းနည်းသာရှိပြီး ရေရှည်တိုက်ပွဲမှာ မိမိတို့ဘက်က အင်အားပြုန်းတီးတာတွေ ဖြစ်နုိင်ပါတယ်။

နောက်တချက်ကတော့ တိုင်းရင်းသားဒေသ အချို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဒီစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဖြုတ်ချရေး လှုပ်ရှားမှု အတွက် စစ်သင်တန်း ပေးတာတွေ လုပ်ဆောင်ပေးနေသလို တချို့သော ဒေသတွေမှာ စပြီး တိုက်ပွဲတောင်ဖေါ်ဆောင် နေကြပါပြီ၊ ဒီလိုဖော်ဆောင်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်ကလည်း လုပ်နေကျ ဖြတ် ၄ ဖြတ်၊ မြေလှန်စနစ်နဲ့ တုံ့ပြန်နေတာကြောင့် အသက်အရွယ်ကြီးသူတွေ၊ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ နဲ့ အရပ်သားတွေ ထိခိုက်မှု ရိက္ခာပြတ်တောက်မှု၊ ဆေးဝါးပြတ်လပ်မှု၊ မိုးရာသီရဲ့ ဒဏ်စတာတွေ ခံစားနေကြရပြီ ဖြစ်ပါတယ်။

ဒီလိုအရေးတွေနဲ့ပတ်သက်လို့လည်းအမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ ပြည်ထောင်စု စိတ်ဓါတ်နဲ့ ညှိနှိုင်းမှု ဦးဆောင်မှု တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး လုပ်ဆောင်မှုတွေ အမြန်လုပ်ဖို့ တိုက်တွန်းလိုပါတယ်။

မနေ့က လုပ်သွားတဲ့ NUG ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေး ဒုဝန်က အချိန်တချိန်ကျရင် တိုက်ပွဲခေါ်သံ ခေါ်မယ်လို့ ပြောဆိုသွားတာလည်း နားထောင်လိုက်ရပါတယ်။ အဲလို တိုက်ပွဲခေါ်သံ ခေါမယ့်အချိန်ဟာ အချိန်လိုအပ်သေးတယ်ဆိုခဲ့ရင် မြန်မာနိုင်ငံ နယ်အရပ်ရပ်က ပီဒီအက်ဖ် နဲ့ မဟာမိတ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေကို စကားပြော ညှိနှိုင်းနိုင်ကြရင် အကျိုးများမယ်လို့ ယူဆမိကြောင်း တိုက်တွန်းလိုက်ပါတယ်။

မိုးမခစာတည်းအဖွဲ့ရဲ့ နေ့စဉ်သတင်းမြင်ကွင်းမှတ်တမ်းများကနေ နွေဦးတော်လှန်ရေးနေ့စဉ်ပြောင်းလဲမှုဖြစ်စဉ်တွေ လေ့လာသုံးသပ်ချက်တွေ တင်ဆက်တဲ့ဆီမှာ မျက်မှောက်သတင်းမြင်ကွင်းအပြင် အောက်ခြေက သတင်းနောက်ကွယ်က အခြေအနေတွေကို စဉ်းစားနိုင်အောင်လည်း ထည့်ရေးပါတယ်။ အထက် အပေါ်စီးမြင်ကွင်းကနေ ပြောဆိုသုံးသပ်ဦးဆောင်မှုပေးနေကြသူတွေကိုလည်း စဉ်းစားသင့်တာလေးတွေ တင်ပြပါတယ်။ စာဖတ်သူ လူထုပရိသတ်ကိုလည်း အတတ်နိုင်ဆုံး သတင်းအချက်အလက်မှန်ကို ပေးဆပ်ထားပြီး မဖြစ်နိုင်တဲ့ လက်တွေ့မကျတဲ့ အတွေးအခေါ် အမြင်မျော်လင့်ချက်တွေ မဝင်နိုင်အောင် ဂရုစိုက်ရေးသားပါတယ်လို့ ထပ်လောင်း အသိပေးလိုပါတယ်။

နွေဦးတော်လှန်ရေးဖြစ်စဉ်ဟာ မြန်မာဒီမိုကရေစီအရေးတော်ပုံကနေ ဖယ်ဒရယ်ဒီမိုကရေစီလမ်းစဉ်သို့ ပြောင်းလဲတိုးတက်သွားပါတယ်။ သမိုင်းမှာ မရှိခဲ့ဖူးသေးပါ။ တောင်တန်းပြည်မ ညီညွတ်နားလည်မှုတွေ အတတ်နိုင်ဆုံး ထူထောင်နိုင်ခဲ့ပါတယ်။ ပြည်တွင်း ပြည်ပမှာပါ အရှိန်အဟုန်ကြီးမားတဲ့ သက်ရောက်မှုကြီး တုန့်ပြန်မှုကြီး ဖြစ်သွားပါတယ်။ အရေးတော်ပုံ ၄ လ တိုင်သည်အထိ ဖြစ်စဉ်တွေဟာ အငြိမ်မဟုတ် အရွေ့ဆက်တိုက်ဖြစ်နေပါတယ်။ ရေစီးကြိးတခု စီးဆင်းသလို ပိတ်ဆို့မှုတွေ အတားအဆီးတွေ ဝဲကယက်တွေ နည်းမျိုးစုံ ရင်ဆိုင်နေရပေမယ့် လှိုင်းလုံးတွေ တဝုန်းဝုန်းမြည်ဟီး စီးဆင်းနေကြတာပါ။ ပြည်သူတွေက သည်ရေစီးကြောင်းကြီးထဲမှာ ဝင်ရောက်ကူးခတ် ရုန်းကန်တိုက်ပွဲဝင်နေကြတာပါ။ ဘယ်သူမှ ကမ်းပေါ်တက်ပြီး ချန်ရစ်ခဲ့တဲ့ ထုံးစံကို မမြင်ရသေးပါ။

သို့သော်လည်း အခက်အခဲ အတားအဆီး အတွင်းအပြင်ပဋိပက္ခစုံတော့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ လူထုနဲ့ တော်လှန်ရေးသမားတွေ၏ တစည်းတလုံးတည်း တသားတည်းဖြစ်မှုသာဓကကို ပြရရင် ဘယ်သူ ဘယ်အဖွဲ့အစည်းတွေမှာမှ ကွဲတယ် ပြဲတယ် ခွဲထွက်ကြတယ် ရုန်းရင်းဆန်ခတ် ဖြစ်ကြရတယ်ဆိုတဲ့ အကွဲအပြဲဇာတ်လမ်းတွေ သည် ၄လအတွင်း မကြားကြ မမြင်ကြရတာ ဖြစ်ပါတယ်။ ယခင်တုန်းကဆိုရင် ၈၈ စက်တင်ဘာကနေ ၈၉ ဇန်နဝါရီကို မကူးသေးခင် စိတ်ဝမ်းတွေ ကွဲကြ ငြင်းကြခုန်ကြ ဖြစ်ခဲ့ရတာတွေ ပြန်မြင်ယောင်ကြမယ် ထင်ပါတယ်။ ၈၈ အရေးတော်ပုံ ၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံ စတဲ့ အရေးတော်ပုံတွေထဲက ဖြိုခွဲမှုများ ပြိုကွဲမှုများ အောက်ခြေနဲ့ အထက် ကွာဟ ခွဲခြားမှုများ စတဲ့ ဖြစ်စဉ်တွေကို လူထုနဲ့ တော်လှန်ရေးရဲဘော်တွေက သင်ခန်းစာအပြည့်ယူထားတဲ့အပြင် တိုင်းရင်းသားဒေသခံတွေ၏ တော်လှန်ရေးအတွေ့အကြုံရင့်ကျက်မှု သဘောထားကြီးမားမှုတွေကိုလည်း သည်တိုက်ပွဲဝင်တွေက ခံစားနားလည် လက်တွဲထားလို့ ဖြစ်တယ်လို့ မှတ်ချက်ချချင်ပါတယ်။

ယခု လက်တွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲကြီးကြီးမားမားတခုကတော့ လူထု၏ ငွေကြေး၊ လက်နက်၊ စားရေရိက္ခာ၊ နေထိုင်ရေး၊ ကျန်းမာရေး ထောက်ပံ့ကူညီအားပေးမှုတွေ လျင်လျင်မြန်မြန် အရှိန်အဟုန် အများအပြား နေရာအနှံ့ကို မရောက်ရှိနိုင်သေးတာ တခုပဲ ဖြစ်ပါတယ်။ လူထုနည်း လူထုဟန်နဲ့ တော်လှန်ရေးအင်အားတွေ စစ်ဘေးသင့်တွေ စီဒီအမ်တွေ သပိတ်ရဲဘော်တွေကို အစွမ်းကုန် ကူညီ ထောက်ပံ့ အားပေးနေကြတာကတော့ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးကြီးမျက်နှာပြင်ကို ကြည့်နေရသလိုပါပဲ။

လွန်ခဲ့တဲ့ လေးလတုန်းက ဘယ်သူကမှ စိတ်ကူးမယဉ် စိတ်ကူးထဲ မထည့်နိုင်သေးတဲ့ စစ်အာဏာရှင်စနစ် အလုံးစုံ ဖြုတ်ချ ချေမှုန်းရေး၊ ဖယ်ဒရယ်ဒီမိုကရေစီထူထောင်ရေးလမ်းပေါ် ပြည်သူတွေ တက်လျောက်လာနိုင်ခဲ့ကြသလိုမျိုး ပြည်သူတွေအားလုံး တခဲနက် ပံ့ပိုးကူညီ ထောက်ပံ့ပေးဆောင်နေတဲ့ ငွေကြေး လက်နက် စားရေရိက္ခာ အကူအညီတွေ အလုံးစုံ ရောက်ရှိစီးဆင်းနိုင်ဖို့ကိုလည်း ပြည်သူတွေကပဲ အဖြေရှာပေးမှာ ဖြစ်တယ်လို့ လေးနက်စွာ ယုံကြည်ပါကြောင်း။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar