Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - မင်းငြိမ်းအေး၊ သစ်ကောင်းအိမ်၊ မိုးကျော်ဌေး

Art- Than Htay Maung

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ 
မိုးမခ
ဇွန် ၇၊ ၂၀၂၁

-

ယုန်

ယုန်ကလေးတစ်ကောင်
ပုံပြင်ထဲကထွက်လာတယ်
အသီးအနှံစားသတ္တဝါဆိုပေမယ့်
အမဲရှာတယ်လို့ပဲပြောပါတော့
ကိုက်လမ်းထဲမှာကဗျာပဲရှိတယ်
ယုန်မရှိဘူး
မောင်ချောနွယ်ကိုရယ်ပွဲဖွဲ့ချင်တဲ့ယုန်
မုန်လာဟာဥကပေါက်တာလား
အပင်လိုက်မွေးတာလား
လာမမျှားနဲ့
အားလုံးငါးမဟုတ်ဘူး
ယုန်
ယုန်လို့ပြောရမှာအားမနာဘူး
ဘယ်လောက်ပြေးပြေး
ဒီအလုံးကြီးထဲ
ရှောင်ကြ၊ပုန်းကြ
ဒီအလုံးကြီးထဲ
ဘယ်လောက်ဝေးဝေး
ဆက်ပြေးလို့မရဘူး
ဒီအလုံးကြီးကဘာလဲ
ဒီအလုံးကြီးထဲ
ဆိုင်ကယ်သုံးစီးမောင်းလို့ရတယ်
ယုန်သုံးကောင်နေလို့မရဘူး
ငါ၊ဘာယုန်လဲ
သမ္မတလုပ်ကြည့်တယ်
ဘာသာရေးခေါင်းဆောင်လုပ်ကြည့်တယ်
ကျောင်းဆရာလုပ်ကြည့်တယ်
လက်နက်ကိုင်သူပုန်ထကြည့်တယ်
နံနံပင်လဲစိုက်ဖူးတာပေါ့
ယုန်ပဲ
ယုန်ရမှာတော့အားနာတယ်
ခင်ဗျားပဲယုန်လိုက်တော့ ။

မင်းငြိမ်းအေး
-
အချိန်ကို စောင့်ဖို့ပဲလိုတယ်

ပွင့်မယ့်ပန်းက ပွင့်မှာပဲ
ပေါက်မယ့်ဗုံးကလည်း ပေါက်မှာပဲ
အချိန်ကိုစောင့်ဖို့ပဲ လိုတယ်
ဘုရားပွင့်ချိန် စောင့်ရသလို
ဒေဝဒတ်မြေမြိုချိန်ကိုလည်း
စောင့်ရတယ်
အချိန်ကိုစောင့်ဖို့ပဲ လိုတယ်
အချိန်ကိုစောင့်ဖို့ပဲ လိုတယ်
တကယ်လို့ အချိန်ကိုစောင့်ဖို့
အချိန်မစောင့်နိုင်တော့ဘူးဆိုရင်လည်း အောင့်မထားနဲ့
ရောက်နေတဲ့ဘူတာရုံမှာ
အချိန်ဆက်မစောင့်ဖို့
အချိန်ကိုစောင့်ဖို့ပဲ လိုတယ်

သစ်ကောင်းအိမ်
( ၂ ဇွန်လ ၂၀၂၁)
-
လွမ်းစေတီ

ကျကျနနဖြတ်တိုက်သွားတဲ့ လေညှင်းလေးကို တောင်းပန်တယ်
ငါ့အဆင်မပြေမှုတွေနဲ့ ဘယ်သူ့ဆံနွယ်စတွေကိုမှ
မပွတ်သပ်လိုက်ပါနဲ့
အစစဘေးကင်းကြပါစေဆိုတဲ့
ငါ့အော်သံတွေ အဆင်မပြေခဲ့ဘူး
တောတောင်ရေမြေ ငါ့နေထိုင်ရာအရပ်
ဖြတ်ညှပ်ကပ်လုပ်ထားရတဲ့ ငါ့ရင်ဘတ်တွေ
အဆင်မပြေခဲ့ပါဘူး
သေတဲ့သူက သေခဲ့ပြီပဲ
ရှင်တဲ့ ကဗျာက ရှင်ခဲ့ပြီ
ဟော့ဒီတောင်ကုန်းမို့မို့လေးဆီ
ထိတ်လန့်ဘွယ်အလွမ်းတို့ မိုးလိုညို့ နှင်းလိုဝေ
ကဗျာရေ
ကဗျာရေ
ငါချစ်ရတဲ့ ကဗျာရေ
လွမ်းစေတီမှာ ဋ္ဌာပနာဖို့
မင်းကဗျာကို ငါပင့်ဆောင်ခဲ့ပါပြီကွာ ။

မိုးကျော်ဌေး
(၂၀၂၁ ၊ ဇွန်လ)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar