Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - နှင်းခါးမိုး၊ မင်းငြိမ်းအေး၊ လူမျိုးလွင်

Art - Kaung Su

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ 
မိုးမခ
ဇွန် ၁၆၊ ၂၀၂၁
-
ဆူးမီးဖို

အသက်ရှင်ချင်နေသေးတာ
ငါ့အားနည်းချက်ပဲ၊
အနုပညာကိုလည်းချစ်တယ်
အမှန်တရားကိုလည်းချစ်တယ်
ငါ့ကိုယ်ငါလည်းချစ်တယ်
အဲဒါ ငါ့ပြဿနာပဲ၊
တောမီးကလွတ်အောင် တောမီးနောက်ကိုလိုက်ရသလို
ဘယ်သူတွေကျန်သေးလဲ လှမ်းလှမ်းမေးရတယ်
လူမဆန်တဲ့ အလွမ်းရာသီ။

နှင်းခါးမိုး

-

အသက်မငြိမ်

စိတ်ကူးထဲမျဉ်းတစ်ကြောင်းပေါ်လာရင်
ကျေးဇူးပြုပြီးဆေးမပက်နဲ့
မော့ကြည့်နေကျကောင်းကင်ကို
ဘောင်ခတ်ပြီး
ကိုယ်တိုင်ဘောင်ထဲကထွက်လာပါ
အရောင်၊အသံ၊အနံ့၊အရသာ
ဘုရားသခင်ရှိကြောင်းပြောနိုင်ဖို့
လူကိုဖန်ဆင်းရသလိုမျိုး
အသက်ပေးဖူးရတဲ့
တန်ခိုးကြီးဘုရားစေတီများသို့
လူလူချင်းပြန်နင်းသတ်မိတဲ့
ဝတ်ပြုကျောင်းတော်ရာများကဲ့သို့
အနုပညာမှာမရှိကြောင်း
ခင်မောင်ရင်ပြောသွားခဲ့တယ်လို့
ယုံတယ်
ချိတ်ထားတဲ့ချိတ်နဲ့ငါးကို
နံရံပေါ်ကဖြုတ်ချလိုက်ပြီ
ဘာမှမရှိတာလဲ
အနုပညာပဲ ။

မင်းငြိမ်းအေး

-

နွေဦးဒီဒေး

ပန်းတွေပွင့်ဖို့ 
နွေဦး ကိုစောင့်ခဲ့တယ်
ငါတို့အတူတူ။

တောင်းယူလို့မရမဲ့အတူ
အတူတူ တိုက်ယူကြရမယ်။

လမ်းမတွေဟာ စစ်မြေပြင်ပဲ
လမ်းသွယ်တွေဟာ ကတုတ်ကျင်းပဲ
နေအိမ်တွေဟာ ဘန်ကာပဲ
ကိုယ့်ရင်ဘတ်ဟာ ကိုယ့်ခံတပ်ပဲ
သူသေကိုယ်ရှင်ပဲ။

မြို့ကြီးတွေမှာ
အနက်ရောင်အလံလွှင့်ထူလိုက်ကြပြီ
ကမ္ဘာကျော်ခံတပ်ကြီးတွေဆောက်ကြ
ကျူးကျော်သူတွေကို တွန်းလှန်ကြ
မိစ္ဆာစစ်ဘီလူး(အာဏာရူး)ကို ခုခံကြ
အဝါရောင်နွေဦးဟာ
အနီရောင်အဆင့်သို့ပြောင်းလဲသွားပြီ။

ရေတဗူးနဲ့ကျောပိုးအိတ်တလုံးပါရင် 
ကျွန်တော့်အတွက်ပြည့်စုံပြီ။

တော်လှန်ရေးမပြီးမချင်း
ကျွန်တော်ပြန်မလာတော့ဘူးအမေ။

လူအများကို မကယ်နိုင်ပေမဲ့
လူတယောက်ကို ကာကွယ်လိုက်နိုင်တယ်
ကျွန်တော်တို့နိုင်မှာပါ
ငါတို့အသံနဲ့
ငါတို့အလံနဲ့
ငါတို့မာန်နဲ့
နိုးထလော့ အိုကမ္ဘာကြီး။

လမ်းမတွေဟာ
မြို့ကြီးတွေမှ စစ်မြေပြင်သို့
မျိုးဆက်သစ်တွေရေးတဲ့သွေးနဲ့
"ရန်ကုန်"ဟာ "လီနင်ဂရက်"ပဲ
"မန္တလေး"ဟာ” အစ္စတန်ဘူလ်"ပဲ
"လှိုင်သာယာ"ဟာ "နော်မန်ဒီ"ပဲ
"မြောက်ဥက္ကလာပ"ဟာ "မဲသဝေါ"ပဲ
"ရွှေပြည်သာ"ဟာ" စီစီဝမ်တာပန်"ပဲ
"ပုသိမ်" ဟာ
"မြိုင်"ဟာ
"မုံရွာ"ဟာ

အာရှတိုက်ရဲ့နိုင်ငံငယ်လေးဟာ
စစ်အာဏာရှင်ကို လမ်းမတွေပေါ်မှာ
လက်ဗလာနဲ့ ရက်ပေါင်းများစွာ
ဘယ်သူ့အကူအညီမှမပါပဲ
ကြံ့ကြံ့ခံတွန်းလှန်ခဲ့ကြောင်း
အချိန်တန်တော့
သေနတ်တွေကို
ပါးစပ်တွေကအနိုင်ရခဲ့ကြောင်း
စစ်တပ်တွေကို 
စိတ်ဓါတ်တွေကအနိုင်ရခဲ့ကြောင်း။

အို ခေတ်သစ်ဒလံအပေါင်းတို့
ငိုက်မြည်းနေတဲ့ခင်ဗျားတို့ရဲ့
စားပွဲခုံတွေဆီမှ နိုးထကြလော့
စာသင်ကျောင်းကို စွန့်ခွာခဲ့တော့
ဆေးရုံတွေကို မေ့ပစ်လိုက်
ငါတို့အားလုံးရှေ့တန်းမှာဆုံမယ်
ငါတို့ကိုယ်၌က လက်နှက်ပဲ
ငါတို့ခန္ဓာကိုယ်က ဆေးထိုးအပ်ပဲ
ငါတို့အသွေးအသားဟာ မီးလျှံဒိုင်းကာပဲ
အကြောက်တရားကိုဖျောက်ထားကြ။

လမ်းမပေါ်မှာသူလိုကိုယ်လို
ချေဂွေဗားရားတွေ
ဗိုလ်အောင်ကျော်တွေ
ကိုဗဟိန်းတွေ
သခင်ဖိုးလှကြီးတွေ
စပါတာကဒ်တွေ
ဖလောရင့်နိုက်တင်ဂေးတွေ
မာသာထရီဇာတွေ အများကြီးပဲ။

ငါတို့စာသင်ကျောင်းဟာ လမ်းပေါ်မှာရှိတယ်
ငါတို့အနာဂါတ်ဟာ လမ်းပေါ်မှာရှိတယ်
ငါတို့အဘိဓမ္မာဟာ လမ်းပေါ်မှာရှိတယ်
ငါတို့တိုက်ပွဲဟာ လမ်းပေါ်မှာရှိတယ်
ငါတို့တော်လှန်ရေးဟာ လမ်းပေါ်မှာရှိတယ်။

နွေဦးမှာ
ချစ်သူနဲ့တော်လှန်ရေးအတူလုပ်တဲ့အခါ
လမ်းတိုင်းမှာပန်းတွေပွင့်ကြတယ်။

ပျောက်ကျားရဲဘော်အပေါင်းတို့
ကိုယ့်မြို့ကြီးကို ကိုယ်တိုင်ကာကွယ်ကြ
ကိုယ့်အနာဂါတ်ကို ကိုယ်တိုင်ကာကွယ်ကြ
ကိုယ့်ချစ်သူကို ကိုယ်တိုင်ကာကွယ်ကြ
လုယူသွားတဲ့ ကိုယ့်လွတ်လပ်ရေးအတွက်
ဆုံရှုံးသွားတဲ့ ကိုယ့်အခွင့်အရေးအတွက်
ငါတို့ နွေဦး 
တပ်ဦးမှာဆုံကြမယ်။

ရန်သူကို
အလံဖြူ ဘယ်တော့မှ မပြကြေး။         ။

လူမျိုးလွင်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar