မောင်မောင်စိုး - အရှေ့မြောက် CPB ပြိုကွဲမှုနှင့် ပတ်သက်သည့် သုံးသပ်ချက် - ၂
မောင်မောင်စိုး - အရှေ့မြောက် CPB ပြိုကွဲမှုနှင့် ပတ်သက်သည့် သုံးသပ်ချက် - ၂
(မိုးမခ) ဇွန် ၁၆၊ ၂၀၂၁CPB အဘယ်ကြောင့်ပြို ကွဲသနည်း
အနှစ် ၅၀ ခန့်ရပ်တည်ခဲ့သည့်၊ အနှစ် ၄၀ ခန့် လက်နက်ကိုင်တိုက်ခိုက်ခဲ့သည့် CPB အဘယ်ကြောင့် ပြို ကွဲခဲ့ရပါသနည်းဆိုသည့်အချက်နှင့်ပတ်သက်၍ နိုင်ငံရေး စိတ်ဝင်စားသူအားလုံးအတွက် မေးခွန်းဖြစ်ခဲ့သည်။ အဖြေ သို့မဟုတ် သုံးသပ်ချက်လည်း အမျိုးမျိုးရှိခဲ့သည်။ CPB ပြို ကွဲမှု သည် နိုင်ငံရေးပါတီတရပ် တည်ဆောက်မှု ပတ်သက်၍၎င်း၊ လက်နက်ကိုင်တော်လှန်ရေးတရပ်နှင့်ပတ်သက်၍၎င်း၊ စစ်ပွဲနှင့်ပတ်သက်၍၎င်း၊ တိုင်းရင်းသားလူမျိူးများအရေးနှင့်ပတ်သက်၍၎င်း၊ နိုင်ငံတကာနှင့်ပြည်တွင်းနိုင်ငံရေးဆက်စပ်မှုနှင့်ပတ်သက်၍ များစွာသင်္ခန်းစာယူစရာ၊ လေ့လာသုံးသပ်စရာများသည်ဟု ဆိုရမည်။ ကိုယ့်တိုင်းပြည်နိုင်ငံရေးအခင်းအကျင်းထဲက နှစ်ရှည်လများ သွေးနှင့် ရင်း၍ရခဲ့သော သင်္ခန်းစာများကို ကောင်းစွာသုံးသပ်ရယူနိုင်ပါက နိုင်ငံရပ်ခြားအတွေ့အကြုံ များထက် ပို၍ တန်ဖိုးရှိပေလိမ့်မည်။
CPB တွင်း အာဏာသိမ်းမှု များသည် ဘိန်းကုန်ကူးမှရပ်ခိုင်းပြီး ဘိန်းကုန်ကူးသူများအား ဖမ်းဆီးအရေးယူမည်ဆို၍ အာဏာသိမ်းသည်ဟု ကောက်ချက်ချသူလည်းတွေ့ရသည်။ ၁၉၈၈ အရေးတော်ပုံမှ ရောက်ရှိလာ မည့် အင်အားတသောင်းခန့်အား လက်နက်တပ်ဆင်ပေးမည်ဆိုသည်ကို မကြေနပ်၍ အာဏာသိမ်းသည်ဟုကောက်ချက်ချ သည်ကိုလည်း တွေ့ရသည်။
ဗဟိုခေါင်းဆောင်တွေ လိုအပ်ချက်ရှိလို့ဟုမှတ်ချက်ချသည်ကိုလည်းတွေ့ရ သည်။ ဤသည်မှာ CPB ဗဟိုခေါင်းဆောင်နှင့်ကေဒါအချိူ ့၏ သုံးသပ်ချက်များဖြစ်ပြီး ပြည့်စုံမှု တော့မရှိပါ။ ထိုပုန်ကန်မှု အကြမ်းအားဖြင့် ပြည့်ပြည့်စုံစုံ သုံးသပ်ချက်တခုအား ပါတီနိုင်ငံရေးဦးဆောင်အဖွဲ့ဝင် (ပေါလစ်ဗျု ရို) ရဲဘော်ထွန်း ခေါ် ဗိုလ်ကျင်မောင်က သုံးသပ်ပြီး ပါတီဗဟိုသို့ ၁၉၈၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်ရက်စွဲ့နှင့် မူကြမ်းတင်ပြသည်ကိုတွေ့ရသည်။
CPB တွင်း ပုန်ကန်မှု များနှင့်ပတ်သက်သည့် ရဲဘော်ထွန်း၏သုံးသပ်ချက်
(က) နိဒါန်း
ပါတီတွင်းပုန်ကန်မှု များသည် ရှောင်တခင်ဖြစ်လာသည်မဟုတ်။နှစ်အချို့ဖြစ်လာသည့် ပြသနာများ စုပြုံ ပေါက်ကွဲခြင်းဖြစ်သည်။ ဤဆုံးရှုံးမှု နှင့် ပတ်သက်ပြီး ပါတီဗဟိုနှင့်နိုင်ငံရေးဦးဆောင်အဖွဲ့တွင် တာဝန်ရှိသည်။ ဤပြသနာအား သေချာစွာပြန်လည်သုံးသပ်ရန်လိုသည်။ သို့သော် ၁၉၇၉ ပါတီ ဗဟိုလမ်းစဉ်သည်၎င်း၊ ၁၉၈၅ ပါတီကွန်ဂရက် လုပ်ငန်းစဉ်လမ်းစဉ်များသည် အခြေခံအားဖြင့် မှန်ကန်သည်ဟု ရဲဘော်ထွန်းကသုံးသပ်သည်။
(ခ) အတွင်းပိုင်းအကြောင်းအချက်များ ပါတီတွင်းပုန်ကန်ဖြစ်ပွါးရခြင်းနှင့်ပတ်သက်၍ ပါတီအတွင်းပိုင်း အကြောင်းအချက်များနှင့်ပတ်သက်၍ ရဲဘော်ထွန်းက အောက်ပါအတိုင်း သုံးသပ်သည်ကိုတွေ့ရသည်
၁။ ပါတီဗဟိုသည် ပုန်ကန်ရန် ကြံစည်နေသည်ကိုသိနေသော်လည်း မြန် မြန်ဆန်ဆန် ပုန်ကန်ရန် မဖြစ်နိုင်ဟု၎င်း၊ ပုန်ကန်ရန်ကြံစည်နေသူများ၏ ပါတီအပေါ်သစ္စာရှိမည်ဆိုသည့်ကတိများကို ယုံကြည်နေ၍သော်၎င်း နောက်ဆုံးအချိန်ထိ ပါတီဗဟိုသည် အခြေအနေမှန်ကိုမသိဘဲ တကယ့်ဖြစ်ရပ်နှင့် ကင်းကွာနေသည်ဟုသုံးသပ်သည်။
၂။ နိုင်ငံတကာအကူအညီရပ်စဲပြီး ကိုယ်ဒူးကိုယ်ချွန်ကာလတွင်ပင် စိတ်ကူးယဉ်မှု များရှိနေဆဲဖြစ်ပြီး လက်တွေ့ပြသနာများဖြေရှင်းရာတွင် အားနည်း ခဲ့သည်။ ကိုယ့်ဒူးကိုယ်ချွန်ကာလတွင် တဦးချင်းစီးပွါးရှာမှု များလွှမ်းမိုး လာပြီး ဗဟိုကော်မတီဝင်များအပါ ကေဒါကြီးများတပ်မှူးကြီးများ အာဏာ အလွဲသုံးစားပြု ပြီး စီးပွါးရှာလာသည်။ ဤဖြစ်ရပ်များကို ပါတီဗဟိုအနေနှင့် အရေးယူနိုင်ခြင်းမရှိရာ ဗဟိုအပေါ် အောက်ခြေ၏ ယုံကြည်မှု ကျဆင်းခဲ့ သည်။
၃။ ပါတီ၊ တပ်၊ အခြေခံဒေသတည်ဆောက်ရေးတွင် သဏ္ဏာန်ဝါဒ လွှမ်း မိုးပြီး နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ လုပ်ဟန်အရ မတည်ဆောက်နိုင်ခဲ့ဟု သုံးသပ်သည်။ စစ်ရေးတွင်လည်း အကျိူးအမြတ်ရှိသော ချေမှုန်းရေးတိုက်ပွဲ များအစား အရှုံးအမြတ်မကာမိသော ဖြုန်းတီးရေးတိုက်ပွဲများ တိုက်ခဲ့သည် ဟု သုံးသပ်သည်။
၄။ စီးပွါးရေးလုပ်ငန်းတွင် ဘိန်းလုပ်ငန်းကို ခွင့်ပြုခဲ့ခြင်းသည် အလွန် ဆိုးဝါးသော အမှားတရပ်ဖြစ်သည်။ အမှားကိုပြု ပြင်ခဲ့သော်လည်း ကာလ ကြာသည်အထိ မှန်ကန်သည့်ပေါ်လစီကို အကောင်အထည်ဖေါ်နိုင်ခြင်း မရှိ ခဲ့။
၅။ ပါတီ၏ မြေယာတော်လှန်ရေးမြေယာဝေခြမ်းရေးပေါ်လစီသည် တောင်တန်းဒေသတွင် ကိုက်ညီမှု မရှိခဲ့ဘဲ တောင်တန်းဒေသ နှင့်ကိုက်ညီ သည့် မြေယာပေါ်လစီကို ကျင့်သုံးနိုင်ခြင်း မရှိခဲ့။ ဒေသအချို့တွင် သမဝါယမ ဖွဲ့စည်းမှု ပြု လုပ်ခြင်းသည် မှားယွင်းခဲ့သည်။ ထို့ပြင် နှစ်ရှည်လွတ်မြောက် ဒေသ အဖြစ်ရှိခဲ့သော နယ်စပ်အခြေခံဒေသများတွင် လုံးဝတန်းတူရေး၊ သွေး စည်းညီညွတ်ရေးပေါ်လစီကို လက်တွေ့မကျင့်သုံးနိုင်ခဲ့။
၆။ အခြေခံဒေသတွင်းမှ ကေဒါမွေးမြူ ရေးတွင် အားနည်းသကဲ့သို့ ရန်သူ့ဒေသမှ ရောက်လာသော ပညာတတ်လူငယ်များအားလည်း စီမံကိန်း ရှိရှိ ပညာပေး၊ လေ့ကျင့်၊ နေရာချ ထားမှု မပြု နိုင်ခဲ့။ နယ်စပ်ဒေသ၌ ရှည်ကြာ သောကာလအတွင်း ဗဟိုမှ ဦးစီးသည့် နိုင်ငံရေးသင်တန်းတကြိမ်သာရှိခဲ့ သည်။ ပါတီခေါင်းဆောင် မျိူးဆက်ပြတ်နေသည်။
၇။ တတိယအကြိမ်ပါတီကွန်ဂရက် ကျင်းပရန် လိုအပ်သော်လည်း ပြင်ဆင်မှု အားနည်းခဲ့သည်။ ပါတီကြံ့ခိုင်အောင် မလုပ်နိုင်ဘဲဂိုဏ်းဂဏနှင့် လူမျိူးရေးအမြင် ပိုမိုဝင်ရောက်ခဲ့သည်။
၈။ ညီနောင်ပါတီ၏ ကျောထောက်နောက်ခံပြု မှု ၊ အားပေးကူညီမှု ၊ စည်းရုံးပေးမှု ကြောင့် ပေါ်ပေါက်လာသော နယ်စပ်ဒေသများအား မိမိအစွမ်း အစကြောင့်ဟု ပါတီဗဟိုသည် လွဲမှားတွက်ဆခဲ့သည်။ နိုင်ငံတကာ အကူအညီများ ရပ်ဆိုင်းသွားသောအခါ အခြေအနေပြောင်းလဲလာမှု ကို ပြည့်စုံစွာ တွက်ချက်နိုင်ခြင်းမရှိ ။
၉။ ၁၉၇၅ မှ စ၍ ပြည်မအခြေခံစခန်းများအားလုံးပြုတ်နေသည်ကို ရဲဝံ့စွာ မသုံးသပ်နိုင်။ ပြည်တွင်းပြောက်ကျားဒေသ ဖေါ်ထုတ်ရေး စီမံကိန်း များဖေါ်ဆောင်ရာတွင် အားနည်းခဲ့သည်။ ရန်သူ့နောက်ပိုင်း ပြောက်ကျားဒေသ ဖွင့်လှစ်ခါ ရန်သူကို ဝိုင်းရမည့်အစား နယ်စပ်အခြေခံဒေသတည်ဆောက် ရေးသာ အာရုံစိုက်နေခြင်းသည် ကြီးမားသည့်အမှားဖြစ်သည်။ မြို့ပေါ်လူထု လှုပ်ရှားမှု နှင့် လက်နက်ကိုင်တိုက်ပွဲနီးနီးကပ်ကပ် မပေါင်းစပ်နိုင်ခဲ့။ ပြည်မ အခြေခံစခန်း မတည်ဆောက်နိုင်ဘဲ နယ်စပ်အမျိူးသားလူနည်းစုဒေသများ တွင် ရေရှည်ခိုင်မာသည့် အခြေခံဒေသတည်ဆောက်ခြင်းသည် မမှန်ကန်ဟု သုံးသပ်သည်။
၁၀။ ပြည်တွင်းအခြေခံစခန်းများ ပျက်စီးခြင်းမှာ လမ်းစဉ်မှား၍ ဖြစ်ပြီး နယ်စပ်အခြေခံစခန်းများ အောင်မြင်သည်မှာ လမ်းစဉ်မှန်၍ဖြစ်သည်။ နယ်စပ်ဒေသပြသနာများကို နိဂုံးချုပ်ရာတွင် အောင်မြင်မှုသည် အဓိက၊ ဆုံးရှုံးမှုသည် သာမညဟု ပုံသေနည်းနှင့် နိဂုံးချူပ်နေသည်။
၁၁။ ပါတီသည် တပြည်လုံး၏ လက်တွေ့နိုင်ငံရေးနှင့်ကင်းကွာနေ သည်။ ၁၉၈၁ ခုနှစ်ရောက်မှ ပါတီစုံဒီမိုကရေစီနှင့် လတ်တလောတောင်းဆိုချက်များကို ထုတ်ပြန်နိုင်သည်။ ခေါင်းဆောင်မှု သည် ဗမာပြည်တော်လှန်ရေးလက်တွေ့နှင့် ကင်းကွာနေသည်။
၁၂။ ပါတီဗဟိုကော်မတီတွင်း နိုင်ငံရေးဦးဆောင်မှု အတွင်း သွေးစည်း ညီညွတ်မှု မလုံလောက်ခဲ့။ အချို့ ဗဟိုကော်မတီများသည် အကြံပေး၊ ဝေဖန်မှုများကို လက်မခံ။ မိမိကိုဝေဖန်ရေးလည်း မလုပ်ခဲ့ကြ။ အချို့သည် စည်းရုံးရေးစည်းကမ်းဖေါက်ပြီး ကိုယ်ကျိူးရှာခဲ့ကြသည်။ ထိုသူတို့ကြောင့် ပါတီတွင်းတပ်တွင်း စည်းကမ်းဖေါက်မှု များကို အရေးယူ ပြု ပြင်နိုင်ခြင်းမရှိတော့။ ထို ဗဟိုကော်မတီ အများစုသည် ပါတီပြို ကွဲသောအခါ ပါတီတွင်း၌ မရှိတော့ပေ ဟုသုံးသပ်သည်။
၁၃။ ဗဟိုစစ်ကော်မရှင်သည်လည်း မိမိရှိနေသည့် ရုပ်ဝတ္ထု အခြေအနေ အခွင့်ရသလောက် မိမိတို့ချ မှတ်ထားသည့် စစ်ရေးလမ်းစဉ်ကို အကောင်အထည်ဖေါ်နိုင်ခြင်းမရှိဟု သုံးသပ်သည်။
(ဂ) အပြင်ပိုင်း အကြောင်းအချက်များ
၁။ ၁၉၄၈ လက်နက်ကိုင်တော်လှန်ရေးသည် ပြည်တွင်း လူထုအုံကြွမှု အခြေခံပေါ်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၁၉၆၈ နယ်စပ်တော်လှန်ရေးသည် ဒေသတွင်း လူထုပုန်ကန်မှု မရှိဘဲ တရုတ်ယဉ်ကျေးမှု တော်လှန်ရေး အရှိန်အဟုန်အောက်တွင် တရုတ်တို့၏ကူညီအားပေးမှု ကျောထောက်နောက်ခံဖြင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။
၂။ တရုတ်ပြည်ယဉ်ကျေးမှု တော်လှန်ရေးအပြီး ပေါ်လစီပြောင်းသွားပြီးနောက် အကူအညီများလျှော့ချ လာသည့်ပြင် ရန်သူ့ထိုးစစ်များအောက်တွင် နယ်စပ်အခြေခံဒေသများ ကျဆင်းလာခဲ့သည်။
၃။ နိုင်ငံတကာကွန်မြူ နစ်လှု ပ်ရှားမှု များအတွင်း အကွဲအပြဲများနှင့် ကပ်ဆိုက်မှု များသည်၎င်း၊ အရင်းရှင်နိုင်ငံများ၏ကွန်မြူ နစ်လှုပ်ရှားမှု အပေါ် ထိုးနှက်တိုက်ခိုက်မှု များသည်၎င်း ပါတီအပေါ် မကောင်းသည့်သက်ရောက်မှုများ ရှိခဲ့သည်။
၄။ ၁၉၇၅ ခုနှစ် ပြည်တွင်းအခြေခံဒေသများ ကျ ဆုံးပြီးနောက် ပါတီသည် ပြည်တွင်းရှိ ကျယ်ပြန့်သောလူထုနှင့်အဆက်ပြတ်ခဲ့သည်။
၅။ ၁၉၇၄/၇၅ လူထုလှုပ်ရှားမှု ကြီးဖြစ်လာပြီးနောက် စစ်အစိုးရအားအကူအညီပေးရန် အိုအီးဒီစီ ခေါ် စီးပွါးရေးပူးပေါင်းဆောင်ရွက်ရေးနှင့်ဖွံ့ဖြိုးရေး အဖွဲ့ကြီးက ဗမာပြည်ကူညီရေးအစုအဖွဲ့ကို ၁၉၇၆ နှစ်ဖွဲ့စည်းပြီး ဗမာပြည်အား ကူညီခဲ့သည်။ ထို့ကြောင့် မဆလအစိုးရသည် တစုံတရာ အသက်ရှူ ချောင်သွားပြီး ၁၉၈၇ ခုနှစ် စက်တင်ဘာ ငွေစက္ကူ အရေးအခင်းထိ ပြည်တွင်း
လူထုအုံကြွမှု များ ငြိမ်သက်ခဲ့သည်။
(ဃ) လတ်တလောအကြောင်းအချက်များ
နယ်စပ်အခြေခံဒေသပုန်ကန်မှု လျင်မြန်စေသည့် လတ်တလော အကြောင်းအချက်များလည်းရှိသည်။
၁။ ၁၉၈၆ ခုနှစ်တွင် ပါတီ ကြံ့ခိုင်သန့်ရှင်းရေးလှု ပ်ရှားမှု စတင်ခဲ့ပြီး ၁၉၈၉ တွင် အခိုင်အမာဆုံးဖြတ်ချက်များ ချ မှတ်ရာ ၎င်းတို့အရေးယူခံရမည်ဟု ယူဆပြီး အလျင်အမြန် ဆောင်ရွက်လာခြင်းဖြစ်သည်။
၂။ DPA ဖွဲ့စည်းလျင် လက်နက်တပ်ဆင်ရမည်ဖြစ်သဖြင့် ၎င်းတို့ လက်နက်ခဲယမ်းအမြောက်အများ လက်လွတ်သွားမည်ကို စိုးရိမ်မှု ရှိ၍ ဖြစ်သည်။
(င) ပြု ပြင်ရန် နည်းနာများ
၁။ အနုပဋိလောမရုပ်ဝါဒအမြင်အရ ပြသနာများကို ကြည့်မြင်ပြီး တွေးခေါ်နည်း ရှု မြင်သုံးသပ်နည်း တူညီစေရန်။ မတ်ဝါဒ လီနင်ဝါဒ မော်စီတုန်းအတွေးအခေါ်အား လေ့လာကြရန်။
၂။ ပါတီတပ်တည်ဆောက်ရေးကို ဖိဖိစီစီးလုပ်ရန်။ နိုင်ငံရေးစစ်ရေး သင်တန်းများ ဖွင့်လှစ်ပညာပေးရန်။ ခေါင်းဆောင်မှု အနေနှင့် ပြည်သူ့အား အလုပ်အကျွေးပြု ရန် အားနည်းချက်များ ကျော်လွှားရန်။
၃။ ကိုယ့်ဒူးကိုယ်ချွန် လုံးပမ်းတိုက်ခိုက်ရန်၊ နိုင်ငံတကာအကူအညီအား အရံအဖြစ်ထားရန်။
၄။ စည်းရုံးရေးစည်းကမ်း ခိုင်မာ တောင့်တင်းအောင်ပြု လုပ်ရန်။
၅။ သဘောတရားနှင့်လက်တွေ့ပေါင်းစပ်ရန်၊ ဝေဖန်ရေးနှင့် ကိုယ့်ကို ကိုယ်ဝေဖန်ရေး ကျင့်သုံးရန်တို့ဖြစ်သည်။ ပြု ပြင်ရန်အပိုင်းတွင်း သီအိုရီပိုင်းသာ ဖေါ်ပြထားသည်ကို တွေ့ရသည်။
(စ) နိဂုံး
မည်မျှ ကြီးမားသည့်အခက်အခဲရှိစေကာမူ မတ်လီနင်ဝါဒ မော်စီတုန်းအတွေးအခေါ်အခြေခံမူများပေါ် ရပ်တည်၍ လူမျိုးပေါင်းစုံသွေးစည်းညီညွတ်စေပြီး ဘုံရန်သူ စစ်အစိုးရအား ဦးတည်တိုက်ခိုက်ပါက နောက်ဆုံးအောင်ပွဲရရှိမည်ဟု ဆိုသည်။
အထက်ပါ သုံးသပ်ချက်များကတော့ CPB နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်လည်းဖြစ် မြေအောက်လုပ်ငန်းတာဝန်ခံလည်းဖြစ် CPB အားနောက်ဆုံး ခေါင်းဆောင်သူ ၁၉၇၅ ဗဟိုခေါင်းဆောင်လည်းဖြစ်သူ ရဲဘော်ထွန်း ခေါ် ဗိုလ်ကျင်မောင်၏ သုံးသပ်ချက်ဖြစ်ပါသည်။
ဆက်လက်ဖေါ်ပြပါမည်
မောင်မောင်စိုး
မှတ်ချက်။ ။ "ရွှေပြည်တော်မျှော်တိုင်းဝေးခဲ့ ( ၁၉၈၀-၁၉၉၀) မှ ကောက်နှုတ်ဖေါ်ပြပါသည်။