Breaking News

လှကျော်ဇော - ငါလိုလူ ဇမ္ဗူမှာရှိသေးလား



လှကျော်ဇော - ငါလိုလူ ဇမ္ဗူမှာရှိသေးလား

(မိုးမခ) ဇွန် ၁၆၊ ၂-၂၁

သီဟာသနပလ္လင် ရုပ်ထုကြီးရှေ့ သလွန်ညောင်စောင်းပေါ် မိန့်မိန့်ကြီးထိုင်ပြီး နိုင်ငံခြားဧည့်သည်တွေကို တွေ့ဆုံနေတဲ့ စစ်အာဏာ သိမ်းခေါင်းဆောင် မအလရဲ့စိတ်ထဲမှာတော့ -- ကဲ-ဘာတတ်နိုင်ကြသေးလဲ။ ငါ့လိုလူ ဇမ္ဗူမှာရှိသေးလား -- လို့တွေးတောကျေနပ်ပြီး ပိတိတွေတဝေေ၀နဲ့ သာယာနေဟန်ရှိပါတယ်။

အဲဒီပုံတွေ့ရတော့ သတိရလိုက်မိတာ တခုရှိပါတယ်။

ဖေဖော်ဝါရီ(၁)ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးချိန် အဖမ်းမခံရခင် (၃-၄)ရက် နေရစဉ် ဒီချုပ်ဦးဝင်းထိန်(ဗိုလ်ကြီးဟောင်း)က သတင်းသမားတွေကို ပြောသွားတဲ့ စကားတွေထဲက နိမိတ်ပုံဆန်တဲ့ စကားတခွန်းပါ။

သြော်-မင်းအောင်လှိုင် - သနားဖို့တော့ကောင်းတယ်ဗျာ -- တဲ့။

စစ်အာဏာရှင်စနစ်ရဲ့ ခေါင်းကိုင်ဖခင်ကြီး ဗိုလ်နေဝင်းရဲ့ ဘဝအတွေ့အကြုံ အတက်အကျတွေကို မြင်တွေ့ဖူးသူတိုင်း (ဦးဝင်းထိန်အပါအဝင်) ဒီအတိုင်းစဉ်းစားမိမှာပါ။

၁၉၆၂ ခုနှစ်ကစလို့ စစ်အာဏာရှင်စနစ်ကို ထူထောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းဟာ တော်လှန်ရေးကောင်စီနဲ့ မဆလခေတ်တလျှောက်(၁၉၆၂-၁၉၈၈) လက်နက်အားကိုး ဗိုလ်ကျစိုးမိုးတဲ့ ကြောက်စရာလူသတ်သမား စေတလုံးပိုင်ရှင် ဖြစ်ခဲ့တာပါ။ ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာစွန့်ပြီး သမ္မတကြီးဦးနေဝင်းကို အာဏာအပ်တော့လည်း တနိုင်ငံလုံးပြားပြားဝပ်စင်း လက်ခံခဲ့ကြရတာပါ။ ဒါပေမဲ့ ဦးနေဝင်းရဲ့နေဝင်ချိန်မှာ ဘာတွေဖြစ်ခဲ့လဲ။ တွေ့ကြရပြီပဲ။

ဗိုလ်နေဝင်းတယောက် ဗမာပြည်သူတရပ်လုံးရဲ့ မုန်းတီးရွံရှာမှုနဲ့ သမိုင်းအမှိုက်ပုံတွင်း ရုပ်ပျက်ဆင်းပျက် စွန့်ပစ်ခြင်းခံသွားရပါတယ်။ အခုလည်းလာပြန်ပြီတယောက်။

၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းစဉ်က အဖြစ်အပျက်အချို့ကို နှိုင်းယှဉ်ကြည့်ရအောင်ပါ။

ပြည်တွင်းမှာ ၁၉၄၈ ဗမာပြည် လွတ်လပ်ရေးရပြီးချိန်ကစလို့ အာဏာရ လာတဲ့ ဖဆပလပါတီ အလဲလဲအကွဲကွဲဖြစ်ပြီး တဖွဲ့နဲ့တဖွဲ့ဆော်ကြ ကလော်ကြလို့ ပြည်သူတွေက ဓနရှင်ပါလီမန် နိုင်ငံရေးသမားတွေကို စိတ်ပျက်နေပါတယ်။

နိုင်ငံတကာ (အမေရိကန်အမှူးပြုတဲ့ အနောက်နိုင်ငံများ) ကလည်း အရှေ့တောင်အာရှအပါအဝင် ကိုလိုနီဟောင်းနိုင်ငံများမှာ ကွန်မြူနစ်တွေ အားကြီးလာမှာစိုးပြီး စစ်တပ်တွေအာဏာသိမ်းဖို့ အားပေးနေတဲ့ကာလပါ။

ဒီလိုကာရန်သင့်ချိန်မှာ ဗိုလ်နေဝင်းက ဗမာပြည်ရဲ့ ကယ်တင်ရှင်ကြီး အဖြစ် ပုံဖော်ပြီး အာဏာသိမ်းလိုက်တာပါ။

ဗိုလ်နေဝင်းဗမာပြည်ကို (၂၆)နှစ်တာ စိတ်ကြိုက်အုပ်ချုပ်ခဲ့ပါတယ်။ တခေတ်တခါက အာရှတိုက်ရဲ့ အလားအလာအရှိဆုံး နိုင်ငံတနိုင်ငံအဖြစ်ကနေ ကမ္ဘာမှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံအဖြစ် တနိုင်ငံလုံး ဒေဝါလီခံလိုက်ရပြီး ဗိုလ်နေဝင်းအပါ စစ်ဗျူရိုကရက်ကြီးများကတော့ သားစဉ်မြေးဆက် ဆယ်သက်စားမကုန် ချမ်းသာသွားပါတော့တယ်။

ဒီမှာတင် ဗမာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို အူလှိုက်သဲလှိုက် မုန်းတီးရွံရှာပြီး (၈)လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်လာကာ ဗိုလ်နေဝင်းနဲ့အတူ မဆလခေတ် ဇာတ်သိမ်းသွားပါတယ်။

နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်းထက်ကဲပြီး စစ်ဗိုလ်ချုပ်တွေ (တိုင်းမှူးတွေ) ချမ်းသာကြပုံကတော့ ပြောမယုံကြုံဖူးမှသိနိုင်မှာပါ။ (ဗိုလ်ချုပ်တွေတိုက်ဆောက်၊ ပြည်သူတွေဗိုက်မှောက်၊ တပ်သားတွေချိုင်းထောက်) ဆိုတဲ့စကားတောင် ပေါ်လာရတာပဲ။

ဒါပေမဲ့ ဘာပဲပြောပြော နဝတ-နအဖ ဗိုလ်ချုပ်များဟာ တခါတရံ အချိန်များ (ဥပမာ၂၀၀၇ ကာလ) ကလွဲလို့ ဇိမ်နဲ့နှပ်နေနိုင်ခဲ့သေးတယ်။ ဒီဗိုလ်ချုပ်တွေ သက်တမ်းတွေ တိုးချင်တိုင်းတိုး လုပ်နိုင်ခဲ့သေးတယ်။

၂၀၁၀-၂၀ကာလ ၂၀၀၈ခြေဥအောက် အရပ်သားတပိုင်းအစိုးရလက်ထက် ဓနရှင်ဒီမိုကရေစီပုံစံ တစုံတရာ အပေါ်ယံ ပြုပြင်ပြောင်းလဲမှုများကိုပင်လျှင် စစ်အာဏာရှင်များက သူတို့ရဲ့ အခွင့်ထူးခံအကျိုးစီးပွားကို အပွန်းအပဲ့မခံနိုင်ဘဲ ဘာသာရေးလူမျိုးရေး အစွန်းရောက်အတွေးအခေါ်များဖြင့် တန်ပြန်လှုပ်ရှားမှုများ အဓိကရုဏ်းများ ဖန်တီးခဲ့တယ်။ အနှစ်(၄၀)ကျော်(၅၀)တွင်း တိုင်းပြည်ကြီးဘာဖြစ်လို့ ဘယ်သူတွေကြောင့် ဒီလောက် အောက်ကျနောက်ကျဖြစ်ခဲ့ရတယ် -- ဆိုတာလည်း လူထုကြီးက သဘောပေါက်ပြီးသွားပါပြီ။ နောက်ဒီလိုဘဝမျိုး စစ်အာဏာရှင်စနစ်အောက် ဘယ်တော့မှပြန်မသွားတော့ဘူး ဆိုတဲ့သန္နိဌာန်လည်း ချလိုက်ကြပါပြီ။

ဒီတော့ ၂၀၂၀ရွေးကောက်ပွဲမှာ ဒီစိတ်ဓာတ်အခြေခံနဲ့ ဒီမိုကရေစီအနာဂတ်ကို မျှော်မှန်းပြီး တပြည်လုံးပြည်သူတွေအနေနဲ့ တခဲနက် မဲဆန္ဒပေးခဲ့ကြတာပါ။

စစ်အုပ်စုက အာဏာသိမ်းလိုက်တဲ့အခါ - စစ်အုပ်စုကိုယ်တိုင် မမျှော်လင့်ခဲ့တဲ့ ပြည်သူတွေရဲ့ တုံ့ပြန်မှုကိုရခဲ့ပြီး စစ်တပ်ဘက်ကလည်း ဘယ်တုန်းကနဲ့မှမတူတဲ့ ရက်စက်မှုအပေါင်းနဲ့ ပြန်လည်နှိပ်ကွပ်ခဲ့ပါတယ်။ ဒီတခါမှာလည်း ခေတ်အဆက်ဆက်ကအတိုင်း မအလအပါ ဗမာ့တပ်မတော် ဗိုလ်ချုပ်ကြီးများ အတွက်အချက် လွဲခဲ့ပြန်ပါတယ်။

အာဏာသိမ်းလိုက်တဲ့ အကျိုးဆက်အဖြစ် ၂၀၀၈ နာဂစ်ခြေဥ စက္ကူစုတ်ဖြစ်သွားပြီ။ စစ်အစိုးရကတဖက် အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးကတဖက် ဖြစ်ပွားနေသော ဗမာပြည်နိုင်ငံရေး ပဋ္ဋိပက္ခ ပိုမိုရှင်းလင်းသွားပြီ။ ရင်ကြားစေ့ရေးလမ်းစဉ် ကျဆုံးသွားပြီ။

သတင်းမီဒီယာတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အရင်ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေ လုပ်ခဲ့သလို တိုင်းပြည်နဲ့ပြည်သူတွေကို အမှောင်ချ သတ်ချင်တိုင်းသတ်လို့ မရတော့ပါဘူး။

နိုင်ငံတကာအခြေအနေအရလည်း ကမ္ဘာ့ပြည်သူတွေရဲ့ ဖိနှိပ်မှုဆန့်ကျင်ရေး၊ စစ်အန္တရာယ်ဆန့်ကျင်ရေး၊ လူမှုရေးဆိုင်ရာ မညီမျှမှု ဆန့်ကျင်ရေးတိုက်ပွဲများ ဒီရေတက်လာချိန်ပါ။ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေး၊ငြိမ်းချမ်းရေ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ လူထုအုံကြွမှု တိုက်ပွဲအသံတွေ ညံနေချိန်ပါ။

ပြည်တွင်းကိုလည်းကြည့်ပါဦး။

အခုဗမာပြည်သူတွေ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ ၁၉၆၂ ဇူလိုင်(၇)ရက်ကစခဲ့ပြီး စဉ်ဆက်မပြတ် တမျိုးဆက်ပြီးတမျိုးဆက် တဗိုလ်ကျ-တဗိုလ်တက် ဆင်နွှဲခဲ့ကြတဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲများရဲ့ အဆက်ဖြစ်ပါတယ်။ (ဗမာပြည်သူတွေ ဘယ်တုန်းကမှ စစ်အာဏာရှင်တွေကို အရှုံးမပေးခဲ့ဘူးဆိုတာ ပေါ်လွင်ပါတယ်။)

ဒီနွေဦးတော်လှန်ရေးက ပြည်သူတွေကို ဘာသင်ခန်းစာတွေ ပေးနေသလဲ။

ဒီစစ်တပ်ကို လက်နက်ကိုင်တော်လှန်ရေးနဲ့ပါ ပေါင်းစပ်တိုက်ပွဲဝင်ရမယ်။ လက်နက်ကိုင် တော်လှန်ရေးသမားများ အချင်းချင်း ညီညွတ်ဖို့လိုတယ်။

တောင်တန်းမြေပြန့်မခွဲ လူမျိုးစုအမျိုးသားအသီးသီး ညီညွတ်စုစည်းရမယ်။

လူမျိုးစုအမျိုးသားတွေ အနေနဲ့ကလည်း ဒီစစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပစ်နိုင်မှသာ မိမိတို့လိုချင်တဲ့ အခွင့်အရေးတွေရနိုင်တယ်။ ဒီစစ်တပ်ဟာ မြန်မာတွေကိုလည်း သတ်ဖြတ်ညှဉ်းဆဲနေတာပဲ ဆိုတဲ့ နိုင်ငံရေးအသိတွေ ရလိုက်ပါတယ်။

မြန်မာတွေအတွက်လည်း ရရာလက်နက် တနိုင်တပိုင်နဲ့ စစ်တပ်ကိုအန်တုတော်လှန်နေတဲ့ လူမျိုးစုအဖွဲ့အသီးသီးအပေါ်လည်း နားလည်သဘောပေါက် စာနာသွားပါတယ်။

ဒီကနေတဆင့် ဗမာပြည်ကြီးရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို တဖြည်းဖြည်း ပြန်တည်ဆောက်နိုင်ဖို့ လမ်းပွင့်သွားပါတယ်။

လူအလွှာအသီးသီး ခံယူချက်အမြင်အမျိုးမျိုး နည်းသဏ္ဌာန်ပေါင်းစုံနဲ့ ရတဲ့အခွင့်အရေး အသုံးချပြီး ပြည်သူတွေရဲ့ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ စိတ်ဓာတ်ကိုအရှိန်မပျက် ဆက်လက်ရှိနေဖို့ သတင်း နည်းပညာများကို အခုခေတ်လူငယ်များ အသုံးပြုနိုင်တာကိုလည်း တွေ့နေရပါတယ်။

နိုင်ငံတကာရောက်နေကြတဲ့ ဗမာပြည်သားတွေကလည်း တတ်နိုင်သမျှ ဝိုင်းဝန်းလုပ်ဆောင် နေကြတာများက ပြည်တွင်းပြည်သူများအတွက်လည်း တအားပါ။

ဒါတွေက ဒီတခေါက် စစ်အာဏာသိမ်းမှုကို ဗမာပြည်သူတွေ အလွယ်တကူ လက်ခံသွားလိမ့်မယ် အရှုံးပေးလိုက်လိမ့်မယ် မဟုတ်ဘူးဆိုတာ ပြသနေပါတယ်။

ဗမာပြည်သူတွေဟာ ကြောက်ခေတ်ကို မှောက်လှန်ပစ်ရုံမျှမက ဖက်ဆစ်စစ်တပ်ကိုပါ ဖျက်သိမ်းပစ်တော့မှာပါ။

လှကျော်ဇော

၇ ဇွန် ၂၀၂၁။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar