မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၂၁ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၂၁ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဇွန် ၂၁၊ ၂၀၂၁ဇွန်လ ၁၈ ရက်နေ့မှာ နယူးယောက်မြို့တော်က ကုလသမဂ္ဂဋ္ဌာနချုပ်၊ အစည်းအဝေးခန်းမကြီးမှာ ကျင်းပတဲ့ အထွေထွေညီလာခံအစည်းအဝေးကနေ မြန်မာဖက်ဆစ်တွေကို ပြင်းပြင်းထန်ထန် ဝေဘန်ထားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ထောက်ခံမဲ အများစုနဲ့ အတည်ပြုလိုက်ပါတယ်။ အခု ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်မှာတော့ "လက်နက်ရောင်းချမှုပိတ်ပင်ရေး" အစား "မြန်မာနိုင်ငံသို့ လက်နက်များ စီးဝင်နေမှုကို တားဆီးရေး (Prevent the flow of arms to Myanmar)" လို့ ပြင်ဆင်လိုက်ပါတယ်။
အဲသည်ဆုံးဖြတ်ချက်ထွက်ပြီး ဇွန် ၂၀ မှာ စစ်ကောင်စီက စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားဆီကို လုံခြုံရေးဆိုင်ရာ ညီလာခံတက်ရောက်ဖို့ ထွက်ခွာသွားပါတယ်။ ရုရှားနဲ့ မြန်မာစစ်ကောင်စီ၏ ဆက်ဆံရေးမှာ အဓိက စစ်လက်နက်၊ နည်းပညာနဲ့ စစ်ဘက်ဆိုင်ရာသင်တန်းတွေ ဖြစ်တာမို့ စစ်အာဏာရှင်တည်တံ့ခိုင်မြဲရေးအတွက် technical support တွေ တိုးချဲ့ဖို့ပဲ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ အကဲခတ်တွေအဆိုအရကတော့ မင်းအောင်လှိုင်က ရုရှားကို ပြန်ပေးစရာ ငွေကြေး သယံဇာတ အရင်းအမြစ် ဘယ်လောက်အထိ ရှိထားသလဲ ဘာတွေ ပြင်ဆင်ထားသလဲ မေးခွန်းဖြစ်ပါတယ်။ စစ်အာဏာရှင်ခေတ်အဆက်ဆက်မှာ ရုရှားနဲ့ တရုတ်၏ အကူအညီ ထောက်ခံမှုတွေနဲ့ ရပ်တည်နိုင်ခဲ့တဲ့ စစ်အုပ်စုတွေအတွက်ကတော့ သည်လိုမျိုး ရပ်တည်မှုအပေးအယူတွေအတွက် အတွေ့အကြုံရှိပြီးသားဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
အာဆီယံအဖွဲ့တွေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဧပြီလ ၂၄ က သွားတွေ့ခဲ့ပြီး အာဆီယံတောင်းဆိုချက် ၅ ခုနဲ့ ပြန်ခဲ့ပါတယ်။ ပြီးတော့ ဧပြီလကုန်ကနေ မေလ တလလုံး၊ ပြီးတော့ အခုဇွန်လကုန်ပတ်အချိန်ထိ အဲသည်တောင်းဆိုချက်တွေထဲက အကြမ်းဖက်မှု ရပ်တန့်ရေးဆိုတာကိုတောင် မလိုက်နာနိုင်သေးပါဘူး။ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှု နေနေသာသာ တဖက်သတ်အင်အားသုံးပြီး ပြည်သူတွေကို သတ်ဖြတ်နေဆဲ ဖြစ်ပါတယ်။ သည်တော့ ရုရှားဆီက ထောက်ခံမှုတွေ ရပြီး ပြန်လာရင် တရုတ်ပြည်ဘက်လှည့်ဖို့ မင်းအောင်လှိုင်က ရည်ရွယ်ထားပုံရပါတယ်။
မြန်မာပြည်တွင်းမှာ အကြမ်းဖက်မှုတွေ လုပ်ကြံမှုတွေ ဗုံးဖောက်ခွဲမှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ မြို့ကြီးတွေက ပြောက်ကျားတိုက်ခိုက်မှုကို စစ်တပ်က မြေလှန်ပြီး မရှင်းသော်လည်း ဝေးလံတဲ့ မြို့ငယ် ရွာငယ်တွေက ပြည်သူလူထု၏ ခုခံစစ် ပြောက်ကျားစစ်ကိုတော့ မြေလှန်ပြီး ဖြေရှင်းပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိတဲ့ဒေသတွေထဲမှာ စစ်အင်အားနည်းတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ဒေသတွင်းကို ဖြတ်သန်းစစ်ချီတက်တာ၊ စစ်စခန်းချတာတွေ ပြုလုပ်လာပါတယ်။ NCA ကို ကိုင်စွဲထားဆဲဖြစ်တယ်လို့ ထုတ်ပြန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တော့ စစ်ကောင်စီက သွေးတိုးစမ်းတဲ့ ဆက်ဆံရေးတွေနဲ့ ထိတွေ့နေပါတယ်။ မြန်မာစစ်ကောင်စီဘက်က စစ်သားသစ်တွေ တိုးလာဖို့ မရှိဘဲ NUG ပြည်သူ့အစိုးရကို ထောက်ခံတဲ့ ပြောက်ကျားစစ်အင်အား၊ PDF စစ်အင်အားတွေပဲ ရေရှည်မှာ တိုးလာဖို့ရှိတာကို မင်းအောင်လှိုင်တို့အဖွဲ့ကလည်း ရိပ်မိပုံရပါတယ်။ သည်တော့ စစ်အုပ်စုကို ထောက်ပံ့တဲ့ အင်အားတိုးဖို့ကို သူတို့ အာရုံပြုထားပြီး နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ ထောက်ပံ့တဲ့ အင်အားတွေကို ပြုံးတီးဖို့ ဖြတ်တောက်ဖို့ အားနည်းအောင် ဖိထားဖို့ကို သူတို့ တိုးမြှင့်နေတာ ဖြစ်ပါတယ်။ ရန်သူတယောက် ကျသွားတာက တယောက်ပဲ ထိခိုက်ပါတယ်၊ ရန်သူတယောက် ဒဏ်ရာအနာတရ ရသွားတာ ရေရှည်မှာ အခြားရန်သူအင်အားတွေကိုပါ ပြုံးတီးအောင် အားကုန်အောင် လုပ်ရာရတယ်လို့ သူတို့စစ်ဗျူဟာကို ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
စိတ်ဓာတ်စစ်ဆင်ရေး ဝါဒဖြန့်ချိရေးနဲ့ ရန်သူ၏ စိတ်ဓာတ်အင်အားတွေ ထိခိုက်အားနည်းအောင်ကိုလည်း စစ်ကောင်စီက တိုးမြှင့်ပြီး တုန့်ပြန်လာတယ်လို့ ဆိုနိုင်ပါတယ်။ စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွေ သတင်းထုတ်ပြန်ချက်တွေကနေ အခုဆို သူတို့စိတ်တိုင်းကျဖွဲ့ထားတဲ့ မီဒိယာကောင်စီကနေ တဖက်ရန်သူအားပေးသတင်းများ ထုတ်ပြန်ချက်များကို ကန့်ကွက်တာ ရှုတ်ချပြစ်တင်တာတွေကိုပါ ပြုလုပ်လာတာ တွေ့ရပါတယ်။ ဖေ့စ်ဘွတ်ဆိုရှယ်မီဒီယာတွေမှာလည်း သူတို့ဘက်တော်သားတွေကနေ သူတို့ကို ဝေဖန်တဲ့ စာတွေ အာဘော်တွေ ရေးသားသူတွေကို အကြီးအကျယ် ရီပို့ထုတာ၊ တိုင်ကြားတာတွေ လုပ်ဆောင်လာတာမို့ နောက်ဆုံး ဖေ့စ်ဘုတ်ပရိသတ်ကြိးဟာ အဲသည် ပွတ်တိုက်မှုတွေ အချင်းချင်းတုန့်ပြန်တဲ့ တိုက်ပွဲတွေထဲမှာပဲ အချိန်ပြုံးတီးနေကြရတာကို တွေ့နိုင်ပါတယ်။ အချို့စာရေးသူတွေ လက်သံပြောင်သော ဝေဖန်သူတွေကိုယ်တိုင်က ဖေ့စ်ဘွတ်အပိတ်ခံရမှာစိုးလို့ သူတို့စာတွေ စကားတွေကို ပြင်းပြင်းထန်ထန်မရေးတော့ဘဲ လေသံလျော့ထားကြတယ် ဆိုပါတယ်။ စစ်ကောင်စီ ထိုးနှက်ချက် ခြိမ်းခြောက်မှုတွေကြောင့် ပြည်တွင်းက ပြည်သူတွေ အပြောအဆိုအသွားအလာ ဆင်ခြင်ကြရသလို အွန်လိုင်းမှာလည်း စစ်ကောင်စီနဲ့ ဖေ့စ်ဘွတ်ကိုယ်တိုင်၏ အရေးယူမှုတွေကြောင့် လူတွေလည်း အပြောအဆိုဆင်ခြင်လာရပါတယ်။ မဆင်ခြင်ကြသူတွေကတော့ အကောင့်ပုန်း အကောင့်တုတွေနဲ့ သူတို့ကိုဆန့်ကျင်သူတွေမှန်သမျှ (တောက်ချ) နေတဲ့ လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး ၅လနီးပါး ရောက်လာပါပြီ။ တော်လှန်ရေး ဒီရေမြင့်သစ်နေဆဲ ဖြစ်ပါတယ်။ တော်လှန်ရေးရေစီးထဲမှာ အချို့ကတော့ ကူးခတ်စရာ လှော်စရာ ဆောက်တည်ရာ ဆုတ်ကိုင်စရာ အလုပ် ရည်ရွယ်ချက် အကြောင်းအရာ အတိအကျ တည်တည်တံ့တံ့နဲ့ လုပ်ကိုင်နေကြသလို အချို့ကတော့ ခုချိန်ထိ အတည်တကျ လုပ်စရာ ကိုင်စွဲစရာမရနိုင်သေးဘဲ တက်လိုက် ကျလိုက် ဖြစ်နေကြတာ တွေ့ရပါတယ်။ အဲသည်ထဲမှာ အတည်အကျ စွဲစွဲမြဲမြဲမရှိအောင် အခြေခိုင်မာမှုတွေ နဲ့သွား ယိုင်သွားအောင် သတင်းမှားများ လုပ်ကြံသတင်းများနဲ့ တဖက်ရန်သူက တိုက်ခိုက်တာတွေ အချင်းချင်းတွေထဲမှာ နားလည်မှုလွဲပြီး ပြောဆိုတိုက်ခိုက်ကြတာတွေလည်း တိုးလိုက် ကျယ်လိုက် တွေ့နေရပါတယ်။ mis-infomration dis-informaiton လို့ ခေါ်ကြပါတယ်။ အဲသည် တန်ပြန်တော်လှန်ရေးလှိုင်းတွေကို မိမိတို့မိတ်ဆွေတွေအချင်းချင်း ဖြေရှင်းကျော်လွှားနိုင်ဖို့ကတော့ သည်ထက်ပိုပြီး တွေ့ဆုံဆွေးနွေး ဖြေရှင်းမှု သင်ကာရှင်းမှုတွေ လုပ်ကြဖို့ ဖြစ်ပါတယ်။ တဖက်သတ်ကောက်ချက်ချပြီး အမှန်တရားကို ရင်ဆိုင်ဖို့ ရှောင်လွှဲတာမျိုး မလုပ်ကြဖို့ လိုပါတယ်။ မိမိကိုယ်တိုင်ကလည်း သည်သတင်းမှားတွေ လုပ်ကြံသတင်းတွေကို အတည်မှတ်ယူပြီး သူတကာကို လက်ဆင့်မကမ်းမိဖို့ လိုအပ်ပါတယ်။
နွေဦးတော်လှန်ရေးကိုယ်တိုင်မှာ ကြီးမားတဲ့အစိတ်အပိုင်းတခုကတော့ ပြည်သူ့ပြောက်ကျားစစ်ကိုယ်တိုင် ဖြစ်ပါတယ်။ အန်ကယ်တူမီးရေးတဲ့ ပြည်သူ့ပြောက်ကျားဆောင်းပါးထဲက စာပိုဒ်နဲ့ပဲ နိဂုံးချုပ်ပေးချင်ပါတယ်။
(… … နိဂုံးချုပ်ပြောရရင် ပြည်သူ့ပြောက်ကျားတွေရဲ့ စစ်ဆင်ရေး စီမံချက်တွေမှာ သွေးထွက်သံယိုမရှိအောင် ဒါမှမဟုတ် သွေးထွက်သံယို အနည်းဆုံးဖြစ်အောင် ရေးဆွဲလေ့ရှိတယ်။ ရန်သူကို စစ်မြေပြင်ရောက်မှ တိုက်တာထက် ရန်သူစစ်မြေပြင်ကို ရောက်မလာနိုင်အောင် ကြိုတင် လုပ်ဆောင်လေ့ရှိတယ်။ရန်သူတပ်ရဲ့ အကျင့်ပျက်မှုနဲ့မတရားရက်စက်မှုတွေကို ကမ္ဘာသိအောင် လုပ်ရင်း သံတမန်စစ်မျက်နှာ၊ တရားဥပဒေ စစ်မျက်နှာ နဲ့ စည်းရုံးရေးစစ်မျက်နှာ၊ စီးပွားရေးစစ်မျက်နှာတွေကိုပါ ဖွင့်တိုက်လေ့ရှိပါတယ်။ ဒါကြောင့် ပြည်သူ့ပြောက်ကျားတွေ အသုံးပြုတဲ့ ခုခံစစ်ဆိုတာ လက်နက်ကိုင်ခုခံစစ်သာဖြစ်ပြီး နိုင်ငံရေး၊ တရားဥပဒေရေး၊ သံတမန်ရေး၊ စတဲ့ စစ်မျက်နှာတွေမှာတော့ သူတို့ဟာ ထိုးစစ် ဆင်နေတာဖြစ်တယ်လို့ မြင်ပါတယ်။ … …)
သည်တော့ နွေဦးတော်လှန်ရေးရဲ့ ထိုးစစ်တွေမှာ နိုင်ငံရေး၊ တရားဥပဒေရေး၊ သံတမန်ရေး စတဲ့ စစ်မျက်နှာတွေကို ထိုးစစ်ဆင်နေကြရမှာ ဖြစ်ပါတယ်။ အခုလို ပြည်သူ့ပြောက်ကျားထိုးစစ်တွေကြောင့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အထက်ဖော်ပြခဲ့သလို မြန်မာဖက်ဆစ်တွေ ရှုံးနိမ့်နေတာ ဖြစ်ပါတယ်။
(photo - Street Protest in Monywa Township 21st June 2021)