အန်ကယ်တူမီး - ပြည်သူ့ပြောက်ကျားတွေ ရဲ့ ခုခံစစ်နဲ့ ထိုးစစ်
အန်ကယ်တူမီး - ပြည်သူ့ပြောက်ကျားတွေ ရဲ့ ခုခံစစ်နဲ့ ထိုးစစ်
(မိုးမခ) ဇွန် ၂၂၊ ၂၀၂၁ပြည်သူ့ပြောက်ကျားတွေဟာ ပြည်သူကိုဖိနှိပ်တဲ့ အစိုးရကို ရရာလက်နက်စွဲကိုင်တိုက်ပွဲဝင်သူတွေဖြစ်ပါတယ်။ တရားဥပဒေက ပြည်သူကို အကာအကွယ် မပေးနိုင်တော့တဲ့ အခါ ဒါမှမဟုတ် ပြည်သူတွေကိုကာကွယ်ဖို့ နိုင်ငံရေးနည်းလမ်းကိုမသုံးနိုင်တော့တဲ့ခါ မှာ လက်နက်ကိုင်နည်းလမ်းကို မလွဲမရှောင်သာပဲ သုံးလာကြသူတွေဖြစ်ပါတယ်။ ဒါကြောင့်သူတို့ဟာ ခုခံစစ် ကို အားပြုသူတွေဖြစ်ပါတယ်။
သူတို့ဟာ လူ့အခွင့်အရေး၊ တရားမျှတရေး၊ လွတ်လပ်ရေး ဆိုတဲ့ နိုင်ငံရေးဦးတည်ချက်တွေပေါ်မှာ သူတို့ကိုယ်သူတို့ တည်ဆောက်ထားကြပါတယ်။ ဒါကြောင့်သူတို့ရဲ့ စစ်ဆင်ရေး စီမံချက်တွေမှာ သွေးထွက်သံယိုဖြစ်မှု မဖြစ်အောင်၊ ဒါမှမဟုတ် သွေးထွက်သံယိုမှု အနည်းဆုံးဖြစ်အောင် ရေးဆွဲထားတာ တွေ့မြင်နိုင်ပါတယ်။
ဥပမာ - သူတို့ဟာ ရန်သူတပ်မကြီးကို ထိပ်တိုက်မတွေ့ပဲ ရန်သူ့လာလမ်းတွေကို ပိတ်ဆို့ ဖျက်စီးလေ့ရှိပါတယ်။ ရန်သူတပ်သားတွေ စစ်မြေပြင်ကို ထွက်လိုစိတ် မရှိအောင် နည်းမျိုးစုံနဲ့ ဝါဒဖြန့်ထားလေ့ရှိပါတယ်။ ဥပမာ ရန်သူတပ်တွေ ရင်ဆိုင်ရမယ့်ပြည်သူ့ပြောက်ကျားတွေဟာ အလွန်တိုက်ရည် ခိုက်ရည်ကောင်းကြောင်း၊ တပ်ရင်းဘယ်နှစ်ရင်းကို အပြုတ်တိုက်ထားကြောင်း၊ အဲဒီစစ်မြေပြင်ကိုသွားရင် ပြန်လမ်းမရှိကြောင်း၊ အဲလိုသတင်းတွေကို ရန်သူ့တပ်ထဲမှာ တီးတိုးသတင်းဖြန့်ထားလေ့ရှိပါတယ်။ အခွင့်အလမ်းရပါက လူမှုကွန်ယက်နဲ့ ကမ္ဘာ့မီဒီယာတွေကပါ တခန်းတနားဖေါ်ပြခွင့်ရအောင်ကြိုးပမ်းကြပါတယ်။
အဲဒီလို သတင်းတွေကြောင့် စစ်အာဏာရှင်ဖက်က စစ်သည်တွေဟာ တိုက်ပွဲထွက်ဖို့ စိတ်မပါပဲ တိုက်ပွဲကနေထွက်ပြေးဖို့ ကြိုးစားလာတတ်ပါတယ်။ ထွက်ပြေးဖို့ အခွင့်မသာရင်လည်း စစ်မြေပြင်ကို မထွက်ရအောင် တနည်းနည်း ကြိုးပမ်းလာကြပါတယ်။
ဥပမာ ဆန္ဒပြ လူအုပ်ကြီးကို ဗုံးကြဲဖို့ လေယဉ်မှူးတယောက်ကို တာဝန်ပေးပါတယ်။ အဲဒီလေယဉ်မှူးက တာဝန်ကိုလည်းမငြင်းဝံ့ ၊ သူလုပ်ရမယ့်တာဝန်ဟာ ပြည်သူတွေကို သတ်ရမယ့် တာဝန်ဖြစ်နေတာကြောင့် မလုပ်လို။ အဲဒီအခါ သူ့လက်အောက်က လေယဉ်အင်ဂျင်နီယာတွေကို သူက ဆန္ဒပြပြည်သူတွေကို ဗုံးကြဲရမှာမို့ လေယာဉ်ကို အကောင်းဆုံးပြင်ဆင်ထားပါလို့ အမိန့်ပေးလိုက်ပါတယ်။ ဒါပေမဲ့ သူမျက်လုံးနဲ့ အမူအရာတွေက ဒီအလုပ်ကို မလုပ်လိုကြောင်း ဖေါ်ပြနေတယ်လို့ လေယာဉ်အင်ဂျင်နီယာတွေက နားလည်သွားပါတယ်။
ဗုံးကြဲရမယ့် အချိန်နီးလို့ လေယာဉ်မှူးလေယာဉ်ပေါ်တက်ပြီး စက်စမ်းတဲ့ အခါ လေယာဉ်ဟာ စက်ချို့ယွင်နေပြီး ပျံသန်းဖို့ မသင့်ကြောင်း ပြသနေပါတယ်။ ဒါကြောင့် လေယာဉ်မှူးက လေယာဉ်ကို ပျံသန်းနိုင်အောင် ထပ်ကြိုးစားပေးဖို့ အမိန့်ထပ်ပေးပါတယ်။ လေယာဉ်အင်ဂျင်နီယာတွေကလည်း ထပ်ခါ ထပ်ခါ ကြိုးစားပေမယ့် လေယာဉ်ပျံသန်းဖို့ မသင့်ကြောင်းသာ အဖြေထွက်နေပါတယ်။ အဲဒီ အခြေအနေကို လေယာဉ်မှူးဟာ သူ့အထက်က လေတပ်ဗိုလ်ချုပ်ကို အစီရင်ခံပါတယ်။ လေတပ်ဗိုလ်ချုပ်က ချို့ယွင်းနေတဲ့ စက်အစိပ်အပိုင်းကို နိုင်ငံခြားက မှာပေးမည်ဖြစ်ကြောင်း၊ လေယာဉ်ကို အကောင်းဆုံးပြင်ဆင်ထားရန်သာ အမိန့်ပေးလိုက်ပါတယ်။ အခြေအနေတွေ တည်ငြိမ်သွားလို့ လေတပ်ဗိုလ်ချုပ်က လေယာဉ်မှူးနဲ့ တွေ့တဲ့ အခါ ခင်ဗျားတို့ အုပ်စုက အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်လို့ အာဏာရှင်လက်ပါးစေ ကြည်းတပ်ဗိုလ်ချုပ်ကြီးတွေရဲ့ အလစ်မှာ နှစ်ကိုယ်ကြားချီးမွမ်းစကားဆိုသွားပါတယ်။ ဒါဟာ စိတ်ကူးယဉ်အဖြစ်အပျက်မဟုတ်ပါ။ အပြစ်မဲ့ ပြည်သူတွေကိုသတ်ရမယ့် အလုပ်ကို လူသားဆန်သူတိုင်းက မလုပ်လိုကြပါ။ အဲဒီလိုဖြစ်အောင်လည်း ပြည်သူ့ပြောက်ကျားတွေက စစ်အာဏာရှင်ရဲ့တပ်တွေထဲကို သတင်းမှန်တွေ ပေးပြီး စည်းရုံးနိုင်ခဲ့လို့ဖြစ်ပါတယ်။ ဆိုလိုချင်တာက ပြည်သူ့ပြောက်ကျားတွေဟာ စစ်လက်နက်တခုထဲအားမကိုးပဲ စည်းရုံးရေးလက်နက် ကိုပါ လုပ်နိုင်ကြပါတယ်။ ဒါကြောင့် ရန်သူတပ်ကို တပ်စခန်းထဲက ထွက်မတိုက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
နောက်တခုကတော့ စစ်အာဏာရှင်ရဲ့ အုပ်ချုပ်မှုလွဲမှားတာကနေ ပေါ်ပေါက်လာတဲ့ ပြသနာပါ။ စစ်အာဏာရှင်ဟာ လက်အောက်ငယ်သား တပ်သားတွေကို မှားယွင်းတဲ့ မျှော်လင့်ချက်တွေပေးပြီး စစ်မြေပြင်ကို ပို့လိုက်တာပါပဲ။ စစ်မြေပြင်က ရတဲ့ ပစ္စည်းအားလုံးဟာ မင်းတို့ရဲ့ ပစ္စည်းတွေဖြစ်တယ်။ စစ်မြေပြင်ကမိန်းမတွေအားလုံးဟာ မင်းတို့ မယားတွေဖြစ်တယ်၊ စစ်နိုင်ရင်အားလုံးရမယ် ဆိုတဲ့ အမြင်တွေကို စစ်ထွက်ခါနီး ပြောကြားလေ့ရှိတာပါပဲ။ အဲဒီလို သွေးထိုးခံရတဲ့ စစ်တပ်ဟာ စီးကမ်းပျက်တဲ့ တပ်အဖြစ်ပြောင်းသွားပြီး အကြမ်းဖက်တပ်ဖြစ်သွားပါတယ်။ အဲဒီလို စီးကမ်းပျက်တဲ့ တပ်တွေဟာ လက်နက်မဲ့ ပြည်သူတွေကို ရက်ရက်စက်စက်အနိုင်ကျင့်တတ်တဲ့ အလေ့အကျင့်တွေရပြီး လက်နက်ကိုင်အချင်းချင်းတွေ့ရင်တော့ အရှုံးပေးဖို့ ဒါမှ မဟုတ် ထွက်ပြေးဖို့ လမ်းပေါက်ရှာနေတတ်ပါတယ်။ အဲဒီလို ရန်သူရဲ့ စီးကမ်းပျက်တပ်နဲ့တွေတဲ့ ပြည်သူ့ပြောက်ကျားတွေကတော့ ဘုရားသခင်က ပေးလိုက်တဲ့ လက်ဆောင်ကို ခံယူသလိုမျိုး ရန်သူတပ်အားလုံး ဟာ မိမိလက်ထဲအလွယ်တကူ ကျရောက် လာတတ်ပါတယ်။
အဲဒီလိုမှမဟုတ် ရန်သူတပ်ဟာ ပြည်သူ့ပြောက်ကျားတွေ ကိုထောက်ခံတဲ့ ပြည်သူပြည်သား ရွာသူရွာသား ရဲ့ အိုအိမ်တွေကိုမီးရှို့၊ သက်ကြီးရွယ်အို၊ ကလေးသူငယ် အပါအဝင် ရွာသူရွာသားတွေကို ရက်ရက်စက်စက်ပစ်သတ် ချေမှုန်းခဲ့မယ်ဆိုရင် ပြည်သူ့ပျောက်ကျားတွေဟာ မှန်ကန်တဲ့အချက်အလက်တွေ စုဆောင်းပြီး နိုင်ငံတကာစစ်ရာဇဝတ်ရုံးမှာ တရားစွဲနိုင်ဖို့ လုပ်ဆောင်တတ်ကြပါတယ်။ ရန်သူအာဏာရှင်ဟာ သူ့တပ်ရဲ့ အတ္တကို ဆွပေးတဲ့နည်းကိုသုံးပြီး တိုက်ပွဲ အနိုင်တိုက်ဖို့ကြိုးစားတဲ့ အမှားကို ကျူးလွန်လိုက်လို့ ရတဲ့ နောက်ဆုံး ရလဒ်ဟာ အာဏာရှင်စစ်ခေါင်းဆောင်တွေရဲ့ခေါင်းပေါ် မိုးကြိုးပစ်ခံလိုက်ရတာပဲ။
နိဂုံးချုပ်ပြောရရင် ပြည်သူ့ပြောက်ကျားတွေရဲ့ စစ်ဆင်ရေး စီမံချက်တွေမှာ သွေးထွက်သံယိုမရှိအောင် ဒါမှမဟုတ် သွေးထွက်သံယို အနည်းဆုံးဖြစ်အောင် ရေးဆွဲလေ့ရှိတယ်။
ရန်သူကို စစ်မြေပြင်ရောက်မှ တိုက်တာထက် ရန်သူစစ်မြေပြင်ကို ရောက်မလာနိုင်အောင် ကြိုတင် လုပ်ဆောင်လေ့ရှိတယ်။
ရန်သူတပ်ရဲ့ အကျင့်ပျက်မှုနဲ့မတရားရက်စက်မှုတွေကို ကမ္ဘာသိအောင် လုပ်ရင်း သံတမန်စစ်မျက်နှာ၊ တရားဥပဒေ စစ်မျက်နှာ နဲ့ စည်းရုံးရေးစစ်မျက်နှာ၊ စီးပွားရေးစစ်မျက်နှာတွေကိုပါ ဖွင့်တိုက်လေ့ရှိပါတယ်။
ဒါကြောင့် ပြည်သူ့ပြောက်ကျားတွေ အသုံးပြုတဲ့ ခုခံစစ်ဆိုတာ လက်နက်ကိုင်ခုခံစစ်သာဖြစ်ပြီး နိုင်ငံရေး၊ တရားဥပဒေရေး၊ သံတမန်ရေး၊ စတဲ့ စစ်မျက်နှာတွေမှာတော့ သူတို့ဟာ ထိုးစစ် ဆင်နေတာဖြစ်တယ်လို့ မြင်ပါတယ်။
ကျွန်တော် ဒီနေ့ဖတ်မိတဲ့ စာတွေထဲက ပြည်သူ့ပြောက်ကျားတွေအကြောင်း တစေ့တစောင်းပါ။
အန်ကယ်တူမီး
၁၈/၆/၂၀၂၁
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar