Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၄ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၄ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၄၊ ၂၀၂၁

စစ်ကောင်စီ အာဏာသိမ်းပြီး ၄ လနဲ့ ၄ ရက်မြောက်နေ့မှာလည်း သတင်းတွေအများစုက ပေါက်ကွဲမှုတွေ တိုက်ခိုက်မှုတွေနဲ့ ပြည့်နေပါတယ်။ ရန်ကုန်မြို့ဧရိယာအစပ်ဖြစ်တဲ့ အမြန်လမ်းအစမှာ စစ်ကောင်စီတပ်တွေ တားဆီးတာ ရပ်မပေးလို့ ကားကို သေနတ်နဲ့ ပစ်ဖမ်းတဲ့ အဖြစ်အပျက် ဖြစ်ပွားပါတယ်။ ကားပေါ်မှာ ပါလာသူမှာ သေနတ်တွေ့တယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ ဆိုရှယ်မီဒီယာပေါ်က ရေးသားချက်တွေကို လူတွေက ဆက်တိုက် ရှယ်ကြပါတယ်။ နယ်မြို့တချို့မှာ စစ်ကောင်စီက ဖွဲ့တဲ့ အုပ်ချုပ်ရေးမှူးတွေ ပစ်သတ်ခံရတာ၊ ခုရက်ပိုင်း ခုခံမှု တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ဂန့်ဂေါမြိုံနယ် နှမ်းခါးရွာကို စစ်ကောင်စီတပ်တွေ ဝင်ပြီး အိမ်တွေက စားစရာ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ လုယူသွားတဲ့ သတင်းတွေကလည်း လူဖတ်များပါတယ်။

အာဆီယံကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံလာရောက်ပြီး နေပြည်တော်မှာ စစ်ကောင်စီ ဥက္ကဌ နဲ့ တွေ့ဆုံတဲ့ သတင်းနဲ့အပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ NUG က ညနေပိုင်း အွန်လိုင်းမှ တဆင့်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း စိတ်ဝင်စားကြပါတယ်။ မြန်မာစစ်ကောင်စီက မြန်မာတပြည်လုံးက အင်တာနက်နဲ့ ဒေတာတွေကို NUG အစိုးရသတင်းစာရှင်လင်းပွဲအချိန်အတွင်း ၅ နာရီက ၆ နာရီအတွင်း ပိတ်ပစ်လိုက်ပါတယ်။

NUG သတင်းစာရှင်းလင်းပွဲမှာ သတင်းသမားတွေက ရိုဟင်ဂျာအရေးကိစ္စ၊ အိုင်စီဂျေ မှာ မြန်မာနိုင်ငံကို စွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို အစိုးရအဖွဲ့ဝင်တွေက သူတို့ထုတ်ပြန်ထားတဲ့ စာများအတိုင်းပဲ ဖြေကြားကြပါတယ်။ ပြည်တွင်းမှာ ခုခံတိုက်ခိုက်နေတဲ့ PDF လို့ခေါ်တဲ့ နယ်မြေဒေသအလိုက် စုဖွဲ့ထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်မှုတွေနဲ့ သဘောထား၊ စစ်ကောင်စီကို တချိန်တည်း တပြိုင်နက်တည်း ချေမှုန်းဖို့ တိုက်ပွဲခေါ်သံခေါ်မယ့် အကြောင်း ဖြေကြားတာတွေကတော့ စိတ်ဝင်စားစရာပါ။ ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေ ပစ်လို့ အရပ်သား ၂ ဦးသေဆုံးတဲ့ သတင်း၊ စစ်ကိုင်းတိုင်း က ကလေးမှာ အရပ်သားနှစ်ဦး အသတ်ခံရတဲ့ သတင်းတွေ က တော်လှန်ရေး နဲ့ ပတ်သက်တဲ့ သတင်းတွေ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုနဲ့ ဆက်နွယ်တဲ့ သတင်းတွေ ဖြစ်ပါတယ်။

တပြိုင်နက်ထဲမှာ ဒီနေ့အတွက် အခြားအရေးကြီးတဲ့ သတင်းကတော့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားပြီးခါစနဲ့ စစ်အာဏာသိမ်းမှုကို ခုခံမှုပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တဲ့ ကလေးမြို့၊ တမူးမြို့နဲ့ ချင်းပြည်နယ်က တခြားသော ဟားခါး ဖလမ်းနဲ့ တီးတိန်မြို့တို့မှာ စတေးဟုမ်း ကြေညာလိုက်သလို ရက်အနည်းငယ်အတွင်း ကိုဗစ်ကူးစက်ခံရသူ အတည်ပြုလူနာ ၂၀၀ ကျော်သွားပြီး ကလေးမြို့တမြို့ထဲမှာတင် တရက်ထဲ ၅ ဦးသေဆုံးတယ်ဆိုတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။

လက်နက်ကိုင် ခုခံမှုနဲ့ ရက်စက်တဲ့ ဖြိုခွဲမှု တိုက်ခိုက်မှု ချေမှုန်းမှုကြောင့် ဒဏ်ရာတွေ ဗလပွဖြစ်နေတဲ့ ချင်းတောင်ခြေက မြို့ နယ်စပ်မြို့ ချင်းတောင်ပေါ်က မြို့တွေဆီ အိန္ဒိယက ကူးစက်လာတယ်လို့ ယူဆရတဲ့ မျိုးဗီဇကွဲ ကိုဗစ်ပိုးက ရောက်လာပြီလို့ ယူဆရပါတယ်။

ချင်းပြည်နယ်ရဲ့ ကျန်းမာရေး စနစ်က မြန်မာနိုင်ငံရဲ့အခြားသော မြို့တွေမှာလိုပဲ ပြိုကျနေတဲ့အနေအထားပါ။ ကျန်းမာရေးဝန်ထမ်းတွေက စီဒီအမ်လုပ်ရာက နေ စီဒီအမ်ကို ဖြိုခွဲလိုဇောနဲ့ ဖြုတ်၊ ဖမ်း ၊ ဖြိုခွဲ ဖျက်ဆီးခံလိုက်ရ တဲ့ ကျန်းမာရေးဝန်ထမ်းအများစုမရှိတော့ တဲ့ အခွံသာရှိတဲ့ ဆေးရုံတွေ ဆေးခန်းတွေနဲ့ ကိုဗစ်ကူးစက်ရောဂါ တတိယလှိုင်းကို ဘယ်လို ခုခံနိုင်မလဲဆိုတာ မေးခွန်းသာရှိပြီး အဖြေမရှိသေးပါဘူး။

မြန်မာနိုင်ငံဟာ failed state ဆိုတဲ့ “ကျဆုံးနိုင်ငံ”ကို ဦးတည်နေတယ်လို့ တနေ့က The Elders အဖွဲ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဖတ်လိုက်ရပါတယ်။ အခုဖြစ်ပျက်နေတာတွေကို ကြည့်မယ်ဆိုရင် ကျန်းမာရေးစနစ်ကျဆုံး၊ အစိုးရအမည်ခံတဲ့ အဖွဲအစည်းက လူထုကို စောင့်ရှောက်ကာကွယ်ရမယ့်အစား လူအများစုကို ပစ်ခတ်သတ်ဖြတ် ဖမ်းဆီး လုယက်နေ၊ သဘောထားကွဲလွဲမှုတွေ လူမှု အဖွဲ့အစည်းထဲမှာ ကြီးကြီးမားမား ဖြစ်ပေါ်နေပြီး သဘောထားကွဲလွဲမှုကြောင့်လည်း သတ်ဖြတ်တာ အကြီးမားဆုံး ဒဏ်ခတ်မှု သတ်ဖြတ်တာတွေ ကျင့်သုံးကြတာတွေကို ကြည့်ရင် ကျဆုံးနိုင်ငံကို ဦးတည်နေပြီဆိုတဲ့ အဆိုက မှန်သလိုလို ဖြစ်နေပြီလို့ ဆိုရမှာပါ။

ဒီအခြေအနေ က လွတ်မြောက်ဖို့ ကျဆုံးနိုင်ငံအဖြစ် ကျဆင်းမသွားဘဲ လမ်းကြောင်းပေါ်ပြန်ရောက်ဖို့ ဘယ်လို ရည်မှန်းချက် ဘယ်လို ဥိးဆောင်မှုတွေနဲ့ ဘယ်လို ဦးတည်ချီတက်ကြမလဲဆိုတာ အဓိက အရေးကြီးဆုံးမေးခွန်း တရပ်ဖြစ်နေပါတယ်။ စစ်ကောင်စီနဲ့ စင်ပြိုင် NUGအစိုးရ၏ သတင်းစာရှင်းလင်းပွဲကိုတောင် ပိတ်ပင်တဲ့အထိ သဘောထားမကြီးတဲ့၊ လူထုမဲအများစုနဲ့ အနိုင်ရပြီးသား ရွေးကောက်ပွဲကို မတရားစွပ်စွဲ ချေဖျက်အာဏာသိမ်းတဲ့ စစ်ကောင်စီကိုယ်တိုင်က လူထုအကျိူးစီးပွားကို ဦးတည်ပြီး စေ့စပ်ဆွေးနွေး အလျော့ပေးလိုက်လျောမယ့် အလားအလာ မမြင်ရသေးပါဘူး။ ပြည်သူဘက်က ရပ်တည်မယ့် စစ်ခေါင်းဆောင်တွေ စစ်သားတွေ ထွက်ပေါ်လာရေးကတော့ ပြည်သူတွေနဲ့ NUG CRPH PDF နဲ့ တိုင်းရင်းသားအဖွဲ့တွေ အမြဲဖွင့်ထားတဲ့ တံခါးအဖြစ် ဆက်ရှိနေဦးမယ် မျော်လင့်မိပါတယ်။

(Photo -  မိတ္ထိလာ Facebook post)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar